ပင်တိုင်ကဏ္ဍ

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၃၄) – treasure of my life, poems from my heart – 34

တင်မိုး
မတ် ၃၊ ၂၀၁၂


“—စစ်ဗိုလ်ကြီးတွေ လက်ဝါးကြီးအုပ်လို့၊ တို့တိုင်းပြည် လက်နှီးစုတ်ဖြစ်ခဲ့ပြီ—“


၁။
“လူကိုခွေးသတ်လေခြင်း” တဲ့။ ပဒေသရာဇ်ခေတ် မင်းကြီးတပါးဖြစ်သူ “မင်းတုန်းမင်းကြီး” ရဲ့ မှတ်ချက်စကားပါ။ ကုန်းဘောင်ခေတ်စာဆိုတော်ကြီး ဦးပုညနဲ့ပတ်သက်ပြီး ရာဇ၀င်ရိုင်းတဲ့ကိစ္စနဲ့ ဖွင့်ဟလိုက်တဲ့စကားဖြစ်ပါတယ်။

ပဒေသရာဇ်ခေတ်မှာ လူကိုခွေးသတ်တဲ့ကိစ္စ တခါတရံပေါ်ခဲ့ဖူးပါတယ်။ အာဏာရှင်၊ စစ်အာဏာရှင်တို့ လက်ထက်မှာ ဒီလိုရာဇ၀င်ရိုင်းတဲ့ဖြစ်ရပ်များ ကြိမ်ဖန်များစွာ ပေါ်ခဲ့ပါတယ်။ ရှက်ဖွယ်လိလိ၊ ရှက်ရကောင်းမှန်းပင် မသိ။

“လက္ခဏာဟန်မကျချင်တော့၊ အနန္တခက်တွေ၊ ကံမ,မှ အသက်ရှည်မယ်၊ ကျမျက်ရည်ယိုဆင်း။ တွေးမိတိုင်း စိတ်နာတယ်၊ မအိပ်တာလေ ညဥ့်အလင်း” တဲ့။

ဦးပုညက ရင်ဖွင့်ခဲ့တာပါ။ “မင်းဆိုသမျှ ကွင်းရှောင်မယ်၊ ထမင်းတောင် စားချင်ဘုလေး” လို့ ရင်နာနာနဲ့ ဖွဲ့ခဲ့ရှာပါတယ်။

ပုဂံခေတ်က အနန္တသူရိယအမတ် စာဆိုအမတ်ကြီးကတော့ .. “ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာ၊ မင်းချမ်းသာကား သမုဒ္ဒရာ၊ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ၊ တသက်လျာတည့်” လို့ … သံဝေဂဉာဏ်နဲ့ လောကဓံကို ရင်ဆိုင်ခဲ့ရှာပါသတဲ့။ ပဒေသရာဇ် မင်းဆိုးမင်းညစ်တွေရဲ့ ရိုင်းပျတဲ့ သမိုင်းစာမျက်နှာများကို မှတ်တမ်းတင်ခဲ့ကြပါတယ်။

ဘယ်ခေတ်မှာမဆို အာဏာငန်းဖမ်း ငမ်းငမ်းတက်နေကြသူတွေကတော့ ရာဇ၀င်ကို အကျည်းတန်အောင် ဖန်တီးနေကြမှာ ဓမ္မတာပါပဲ။

(၂)
(၂၁) ရာစု မြန်မာ့ခေတ်သစ်သမိုင်းစာမျက်နှာမှာ မဖွယ်မရာ ရှက်စရာအမှုတွေကို ဒုနဲ့ဒေးပြုနေကြပြန်ပြီ။ ပြုသူတွေက စစ်မိစ္ဆာရာဇ၀တ်ကောင်တွေ။ မြန်မာပြည်သူတွေဟာ စစ်ဝါဒီတွေရဲ့ ရက်စက်ယုတ်မာတဲ့ ဒဏ်ကို တာတေလန်အောင် ခံနေခဲ့ရပြီ။ ခံနေရဆဲ။

၁၉၆၂ ခုနှစ်ကစပြီး စစ်ဒမြတွေဟာ မြန်မာ့ဆိုရှယ်လစ်ဆိုတဲ့ မဆလမျက်နှာဖုံးတပ်ပြီး ပြည်သူတွေရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို ရိုက်ချိုးခဲ့တယ်။ ၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီတောင်းဆိုတဲ့ လူထုအရေးတော်ပုံကြီးပေါ်လာတော့ စစ်တပ်ဟာ မဆလမျက်နှာဖုံးခွာပြီး ပါတီစုံရွေးကောက်ပွဲကို ဟန်ပြကျင်းပပေးခဲ့တယ်။ လူထုက ရွေးကောက်တဲ့အဖွဲ့ကို အာဏာမအပ်နှင်းဘဲ နှိမ်နင်းသတ်ဖြတ် အရိုင်းဇာတ်ခင်းခဲ့ကြပြန်တယ်။ အရှက်မရှိ သရက်စေ့လုပ်ကြပြန်တယ်။

ဗိုလ်ဗလချာတွေက ထိုထိုအာဏာကို အတင်းသိမ်းပိုက် မျက်နှာပြောင်တိုက်ပြီး အရှက်မဲ့ အမိုက်ဇာတ်ခင်းခဲ့ကြပါတယ်။

မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ မျိုးချစ်အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းရဲ့မျက်နှာကိုမှ မထောက်။ မရှက်မကြောက် အဖျက်အမှောင့်မျိုးစုံနဲ့ နိုင်ငံ့ဂုဏ်၊ တပ်မတော်ဂုဏ်ကို ဖျက်ဆီးခဲ့ကြတယ်။

ထိုထိုဤဤ မသမာတွေကို ဗိုလ်ဋီကာ ကဗျာတစု ဖန်တီးမှုပြုလိုသောဆန္ဒ ဖြစ်ပေါ်မိပါတယ်။

(၃)
ဒီတော့ တပ်မတော်ထဲဝင်မိတဲ့ လူငယ်ကလေးတယောက်က … “ပြည်သူသည်သာ အမိ၊ ပြည်သူသာ အဖ” လို့ သစ္စာဆိုရမယ့်အစား “တပ်မတော်သည်သာ အမိ၊ တပ်မတော်သည်သာ အဖ” လို့ စစ်ဝါဒ ရိုက်သွင်း၊ စစ်မြင်းတကောင်လို သံခွာရိုက်ပြီး အမိုက်ဇာတ်အသွင်းခံရတော့တာပဲ။

မျိုးချစ်စိတ်မြတ်တရားနဲ့ ပြည်သူ့သားဖြစ်ချင်တဲ့လူငယ်ကို စစ်မူစစ်သွေး၊ စစ်ရေးသာပဓာနလို့ စစ်မာန စစ်မာန်မောက်အောင် ဖက်ဆစ်မျိုးအဖောက်ခံခဲ့ရတယ်။

ပြည်သူကိုဆန့်ကျင်၊ ပြည်သူ့ရင်ခွင်နဲ့ကင်းကွာ၊ စစ်အာဏာတည်ဆောက်၊ စစ်သွေးမြောက်အောင် မြှောက်ပေး၊ စစ်ဘုရင်တွေ အမိန့်ပေးသမျှ အကုန်ုလုပ်တဲ့ ကျွန်စုတ်တဲ့သရက်စေ့ရဲဘော် ဖြစ်ခဲ့ရတော့တယ်။

စစ်သားဆိုတာ ပါးကွက်သား လက်ပါးစေ၊ ရှင်ရက်နဲ့ သေရတဲ့ရဲဘော်။

စစ်တပ်ဆိုတာ ပစ်သတ်ချင်ရာပစ်သတ်ခွင့်၊ မကောင်းမှုမှန်သမျှ၊ လုပ်ချင်တာလုပ်ခွင့်ရတဲ့ အဓမ္မလိုင်စင်ရ တပ်မတော်က ရဲဘော်၊ ရဲဘော်ဆိုရင်ရွံရှာ၊ ပြည်သူတွေက နှလုံးနာတဲ့ဘ၀။

ဗိုလ်ချုပ်အောင်ဆန်းခေတ် တပ်မတော်၊ ကမ္ဘာကျော်အောင်ပြည်သူချစ်ခဲ့ပေမယ့်၊ ဗိုလ်နေ၀င်းခေတ်မှာ ခါးပိုက်ဆောင်တပ်၊ သမိုင်းမှာစုတ်ပြတ်ခဲ့ပြီ။

စစ်ဗိုလ်ကြီးတွေ လက်ဝါးကြီးအုပ်လို့၊ တို့တိုင်းပြည် လက်နှီးစုတ်ဖြစ်ခဲ့ပြီ။

တချိန်က ဗိုလ်ဈေးကောင်းခဲ့ပေမယ့် ဗိုလ်နေ၀င်းမင်းမူတဲ့လက်ထက် ဗိုလ်ဈေးတွေပျက်ပြီး၊ ရက်စက်မှုကမ်းကုန်၊ အကျင့်ပျက်မှုမျိုးစုံနဲ့ အသားကုန်ယုတ်မာ၊ အာဏာဟူသမျှ ငမ်းငမ်းထ၊ ဒမြထက်အကျင့်ဆိုး၊ ညစ်မျိုးပေါင်းရာထောင်နဲ့ ဗိုလ်ကောင်မှန်သမျှ၊ ချိုထောင်ခဲ့ကြတယ်။

ဗိုလ်ဈေးတွေပျက်တော့၊ ဗိုလ်ခွေးတွေတက်၊ လက်နက်အမျိုးမျိုးနဲ့၊ ဗိုလ်ပျက်တွေကြီးစိုး၊ ကိုယ်ကျိုးမှန်သမျှ လက်ကုန်နှိုက်၊ ဘက်စုံရိုက် ဗိုက်ကုန်ဖြည့်တဲ့ ဗိုလ်စုတ် ဗိုလ်ပိန် ဗိုလ်ကလိန်တွေ တန်ခိုးထ၊ အစိုးရဆိုတဲ့ ရာဇပလ္လင်ဆောက်၊ ဗိုလ်ငမျောက်ခြောက်တွေစိုးစံ၊ ဗိုလ်မာန်တွေ ယစ်ကြလေသတည်း … ပေါ့။

စစ်ဗိုလ်တွေနဲ့ပေါင်း၊ အခွင့်အရေးတချောင်းချောင်း၊ ငယ်ငေါင်းစုတ်ပဲ့၊ နုံနဲ့တဲ့စိတ်ထားနဲ့၊ ဗိုလ်တရာတွေ ဆီက၊ လိုရာရာကိုရဖို့၊ ဟိုဟာတမမ လုပ်နေရဦးမှာလား အရပ်ကတို့။

အင်း … ဗိုလ်ဋီကာဖွင့်ရရင်တော့ အရိုင်းအထုပ်မို့ သမိုင်းပုပ်ရချေသေးရဲ့။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၂၄)၊ စက်တင်ဘာ ၂၀၀၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

3 thoughts on “ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၃၄) – treasure of my life, poems from my heart – 34
  1. ဆ၇ာကြီးလိုသူ၇ဲကောင်းတွေဗမာပြည်မှာများများပေါထွန်းလာပါစေ

  2. ဦးတင်မိုး ရဲ့ ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ အပိုင်းအားလုံးကို ပြန်ဖတ်မိပါတယ်၊ ဒါပေမဲ့ အားလုံး ရှာဖတ်မရဖြစ်နေပါတယ်၊ ဘယ်လိုရှာရမလဲခင်ဗျာ၊

  3. ရေးထားတဲ့ကဗျာတွေစာတွေ ဘယ်လိုပို့ရပါသလဲ။

Comments are closed.