ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၅၉) – Mar Mar Aye


တက္ကသိုလ်စိုး
မာမာအေး
ဖေဖော်ဝါရီ ၁၇၊ ၂၀၁၃


    ပြီးခဲ့သည့် နိုဝင်ဘာလ ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ အသံလွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ …   ဒီနေ့က မြန်မာ့ပြက္ခဒိန်အရ တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက် ဆိုတော့ တန်ဆောင်တိုင် မီးထွန်းပွဲ နောက်ဆုံးရက် ရောက်နေပြီဘဲ၊ ကိုယ်ပြန်ရက်နီးပေမယ့် မီးထွန်းပွဲတွေ မမီတော့ဘူးပေါ့။ ဒီမီးထွန်းပွဲတွေထဲ လျှောက်မကြည့်ဖြစ်တာ ကြာပြီ ဆိုတော့ ဘာတွေများ ပြောင်းလွဲသွားပြီလဲ။  မာအေးတို့ ဆိုဖူးခဲ့တဲ့ ‘မာဃ’ စင်တော်၊ ကျုံးကြီးလမ်းပေါ် ရှိနေသေးလား၊ အို … ဒါထက် အရေးပါတဲ့ ရိုးရာ မသိုးသင်္ဃန်းယက်တဲ့ပွဲရော – သတိရစရာတွေက အတောမသတ်နိုင်ဘူးရှင်။ အသက်ကလေး ရလာလို့ ဓမ္မနား ကပ်တာက တပိုင်း ၀ါသနာကို မပိုင်နိုင်သေးလို့ သီချင်းလေးတွေ လိုက်စုနေတာက တပိုင်းနဲ့မို့ အကျိုးက မဆိုးပါဘူး။ အချိန်နဲ့အချိန်ကိုက်တဲ့ သီချင်းလေးတွေ စပ်ခဲ့တာကို ပြောပြလို့ ရတာပေါ့ရှင်။

မာအေးတို့ရှေ့က ပေါ်ခဲ့တဲ့ အဆိုတော်တွေ ဆိုထားတဲ့ သီချင်းတွေ ဂီတစာဆိုတွေ ရေးခဲ့တဲ့သီချင်းတွေ ပပျောက်ပျက်အောင်၊ ဆက်ပြီး တည်သွါးအေါင် အကျိုးဆောင်ချင်သူထဲမှာ မင်းသားကြီးဝင်းဦးလဲ ပါခဲ့တာပေါ့ရှင်။ သူလဲ အဲဒီရည်ရွယ်ချက်ကြောင့် အရည်အသွေး မီတာ မမီတာတွေ အသာထား၊ သီချင်း အများဆုံး ဆိုခဲ့တာလေး မှတ်တမ်းရေးကြတဲ့အခါ ‘အေး’ ပြီးရင် ‘အကို’ ဖြစ်ရအောင် ကျိုးစားတာပါလို့ ပြောခဲ့ရှာတာလဲ မမေ့ပါဘူး။ ဒီလို ပြင်ဆင်ခဲ့တဲ့ အကိုဝင်းဥိးဟာ ဆရာ တက္ကသိုလ်စိုး ရေးသားခဲ့တဲ့ သီချင်းများကိုလဲ ပြန်ဆိုထားခဲ့ပါတယ်။ အခု တပုဒ် နားထောင်ရအောင်လေ။ အတိတ်က သီချင်းလေးတွေနဲ့ ယဉ်ပါးခဲ့သူတွေကတော့ သီချင်းသံကို ကြားရတဲ့အခါ ဒါဟာ တချိန်က အင်မတန်ကျော်ကြားတဲ့ အဆိုတော်ကိုမြကြီး ဆိုခဲ့တဲ့ သီချင်းလေး ဆိုတါ သိမှာပါ။ သီချင်းနာမည် မေ့နေရငတော့ “ယက္ကန်းသံ” လို့ မှတ်ထားလိုက်ပါနော်။

(ယက္ကန်းသံ – ၀င်းဦး)

ဖြူဖြူဖွေးဖွေး ရေဆေးငါးလို လှနိုင်ရှာသူရယ်၊ ပြုံးပြုံလေးကိုထိုင်ကါ ယက္ကန်းကိုလဲခတ်လိုက်ရင်ဘဲကွယ် ကျနော်မလာရင် ငေးလို့သာမျှော်တယ်၊ ရွှေလည်ဖယောင်းသို့နှယ်၊ ပျော့ကါပင်ပျောင်းတော့တယ် xxx နံ့သာစုံတွေခြယ်၊ တပွင့်ပန်းကလေး ပန်ကါကွယ်၊ ဆံထုံးလေးတကြော့ကြော့နဲ့  ယဉ်စစသူရယ်၊ ဟိုအရင်နှစ်ကဆိုရင်ကွယ် ကျက်သရေအလွန်ရှိလိုက်ပါဘိ၊ ယက္ကန်းသံလေးကတော့ ဒေါင်ဒင်မြည်တယ် (အောင်းမေ့လှတယ်) ၃၊ ကျနော် အောင်းမေ့လှတယ်၊ ဒီအချိန် ဒီလပြည့်ဝယ် အတူယှဉ်ကါရယ် xxx မေနဲ့မောင်ရယ်၊ အတူတွဲကါရယ် မရိုးတန်း သစ္စာပန်ပါ့မယ်၊ တန်ဆောင်မုန်းမှာကွယ်၊ မောင်ဖုန်းမှာတကယ် တွေ့နေကျမို့ မောင့်မှာပျော်ပါတယ်၊ တူမောင်မယ် ဂဟေဆက်ဖို့ ထူးမြတ်တဲ့ ကထိန်ပွဲမယ် xx


ကဲ – ဒီသီချင်းကို နားထောင်ပြီးတော့ ကိုမြကြီးနဲ့ ကိုဝင်းဦး ဘာတွေများ အဆိုတွေ ထူးသလဲလို့ စိတ်ထဲမှာတော့ ယှဉ်ကြည့်ကြမယ် ထင်ပါတယ်၊ မာအေးကတော့ နှစ်ယောက်လုံးဟာ ပြတ်တောင်းပြတ်တောင်း ဆိုတာချင်း တူတယ်၊ ကိုမြကြီးရဲ့ အသံက ကြည်ပြီး ပြတ်တယ်၊ ဒီတော့ အသံမာတယ် တည်တယ် လို့ ဆိုရမှာပေါ့။ ကိုဝင်းဦးလည်း ကိုမြကြီးစတိုင်နဲ့ပေါက်ထားတဲ့သီချင်းမို့ စာကို အဆုံးသတ်တွေမှာ ပြတ်ပြတ်တော့ အဆိုသားရှင့်၊ ဒါပေမယ့် ကိုဝင်းဥိးဟာ သူဆိုနေကျ နှာခေါင်းက လေထုတ်တဲ့ နှာသံနဲ့ ရောဆိုလိုက်တာကြောင့် လေက ချိုရုံမက ချွဲတဲ့ဖက်တောင် ပါသွားတယ်လို့ ခံစားမိပါတယ်။ ဒီသီချင်းလေးနဲ့တော့ လိုက်ပါတယ်။

တန်ဆောင်တိုင် ယက္ကန်းသံကလေး ရေးထားပေးခဲ့တဲ့ ဂီတစာဆို တက္ကသိုလ်စိုးကို ကိုမြကြီးရဲ့ နာမည်ကျော် ‘မေ’ တို့ ‘ဂီတဗိမ္မာန်’ တို့ ကျော်ကြားနေချိန်မှာ ကြားဖူးနေပါပြီ။
တက္ကသိုလ်စိုးအဖွဲ့နာမည်နဲ့ဘဲ ကိုမြကြီး၊ ကိုစိုးအောင်၊ မာမာဝေ၊ ရီရီဝေ စတဲ့ အဆိုတော်တွေနဲ့ မြန်မာ့အသံမှာ အသံလွှင့်ခဲ့တဲ့ သီချင်းတွေ အများကြီး ကျော်ကြားခဲ့တာပါ။
ခေတ်ဟောင်းသီချင်းတွေထဲမှာ မေရှင် ဆိုထားတဲ့ ‘မယ်ခုမျှော်’ ဓါတ်ပြားထုတ်တဲ့နံပါတ် A.I.F. 147, 1941 Aug: ဆိုတာနဲ့ မေနု ဆိုခဲ့တဲ့ ‘အုံးစက်ရာ’ ဓါတ်ပြားထုတ်တဲ့နံပါတ် A.I.F. 155, 1941 Oct: ဆိုတဲ့ အထောက်အထားအရ မာအေး မမွေးခင်ကတည်းက ရေးခဲ့တဲ့ဆရာကြီးပေါ့ရှင်။ တက္ကသိုလ်စိုးကို မြန်မာ့အသံမှာ တာဝန်ထမ်းဆောင်နေတုန်းက မြင်ဖူး ခင်ဖူးခဲ့ပါသေးတယ်။ မြန်မာ့အသံမှာ ခေတ်ဟောင်းသီချင်းတွေကို ‘အတိတ်၏အရိပ်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်ဖေါ် တင်ဆက်ချိန်က ဖြစ်ပါတယ်။ ဒီဆရာကို မြင်ရတာ ပျော်စရာပါ။ အမြဲ ပြောသမျှတွေဟာ ရယ်နေရင်း ပြောတာချည်း တွေ့ခဲ့ရလို့ပါ။ သူ တက္ကသိုလ်ကျောင်းသားဘ၀က သီချင်းလဲကြိုက် လူလဲခိုက်ကြလို့ လေပါတီမြရင် အငြိမ့်ပွဲရှိရာနောက် တကေါက်ကေါက် လိုက်ကြတာ လူပျိုတွေ တသိုက်ကြီးပေါ့ ဆိုတာတွေလဲ ပြောပါတယ်။
အဲဒါတွေ အမှတ်ရလို့ လေပါတီမြရင်ရဲ့ သီချင်းနှစ်ပုဒ်ကို မာအေးနဲ့ချစ်စပယ် တပုဒ်စီ ကူဆိုပေးဘို့ မြန်မာ့အသံကိုလာတောင်းဆိုတဲ့ ကိစ္စကြောင့် တွေ့ဖြစ်တာပါဘဲ၊ မာအေးက “အလှူ့အစ်မ” ဆိုတဲ့ သီချင်းကို ကူဆိုပေးခဲ့ရပါတယ်။

တနည်းအားဖြင့်တော့ မာအေးနဲ့ဆရာ ဆက်နိုင်မယ် ထင်ပါတယ်။ “မာမာအေး” ဆိုတဲ့ တေးသံရှင်နာမည်ကို ဆရာရဲသီဟ ကိုသန်းအောင် မှည့်ပေးတဲ့ အခါက တက္ကသိုလ်စိုးအဖွဲ့နဲ့  အသံလွှင့်ကျော်ကြားနေတဲ့ ‘ရွှေမိုးလေးကညိုတယ်’ သီချင်းကို ဆိုတဲ့သူ ‘မာမာဝေ’ကိုး။ ဒါကြောင့် ‘မာ’ ဆိုတဲ့ နာမည်တလုံးကို ယူခဲ့ရလို့ဖြစ်ပါတယ်ရှင်။ ဆရာဟာ သူ့တပည့်တွေ၊ သူဆက်ဆံတဲ့သူတွေနဲ့လည်း ပျော်ပျော်နေတတ်တယ်လို့ ထင်စရာတွေ ရှိပါတယ်။

တက္ကသိုလ်စိုးရဲ့ သီချင်းလေးတွေဟာ အမြဲလို နှစ်ပိုဒ်လောက်ပဲ တွေ့ရတတ်ပါတယ်။ အဲဒါကို သီချင်းသွားတောင်းတဲ့သူက ဆရာ့သီချင်းကလဲ တိုလိုက်တာ  လို့ စောဒက တက်လေတော့ – ‘ဟေ – တိုရင် (၁၆)ခေါက် ပြန်ဆို’ လို့ ပြောလိုက်တာဟာ ဂီတ တလောကလုံး ခုထိ သုံးတဲ့စကါး ဖြစ်သွားခဲ့ပါတယ်။
သီချင်းကို တိုတယ်ထင်တဲ့သူတိုင်းကို ‘တိုရင် (၁၆)ခေါက် ပြန်ဆို’ လို့ နောင်ပြောင် ချစ်စနိုးပြောတဲ့စကါးဟာ တက္ကသိုလ်စိုးစကါးကို ပုံဆောင်ထားတာပါ။
ဆရာဟာ သီချင်းလဲဆိုတယ်လို့ ချိုတေးသံစာအုပ်မှာ ညွှန်းထားတာတော့ ဖတ်ဖူးပါတယ်၊ မကြား မမီလိုက်ပါဘူး။ စန္ဒရားနဲ့ တီးဝိုင်းအဖွဲ့ကို ခေါင်းဆောင်နိုင်တာကိုတော့ လက်တွေ့ မြင်ခဲ့တယ်။ မာအေး ဆိုတဲ့ “အလှူအမ” သီချင်းထဲက စန္ဒရားသံဟာ သူကိုယ်တိုင်တီးခတ်ခဲ့တာမို့ပါဘဲရှင်။

*(အလှူအစ်မမှ)

ဒါနသဒ္ဓေါ၊ မြတ်သောဘ၀တွင်၊ အကထိုသဘင် မြပျိုပါတီရင် … အများပြည်သူအပေါင်း ကေါင်းရန်တခုပင်၊ ဘုရားတွေ ဂူကျောင်း ရဟန်းခံ အလှူ့ရှင်၊ ရွှေနားဆိမ့်ဆိမ့် အငြိမ့်သမ လေပါတီရင် ခင်မင်ရှုကြ အလှူ့အစ်မ လေပါတီရင်xx
ဟိုတုန်းကထက်လှတယ်ထင် တိုင်ပေါ်အလံစိုက်ချင် မယ်ရင်စည်းပွားစုလို့ ကုသိုလ်ကံဘဲထင်)၂ x နှစ်ကိုယ်တူလှူရအောင်ပါ့၊ မောင်ကပင် ဘယ်နှယ်ရှောင်ကျဉ်၊ နေကုန်နေဝင် ကြင်စဦးရယ် ကျေးဇူးတော်မျှော်ကါချစ်ခင် xx နိုင်ငံမြို့တော်ပေါ်တွင်  ကိုသိုလ်ပြုရာပါဝင်၊ သောတရှင်များနားဆင် အလှူ့အစ်မကြီး နည်းသစ်ထွင် လေပါတီမြရင်၊ ပြေဋ္ဌာနီကပင် အမျှဝေသဘင် xxx



စာစီစာရိုက် လုပ်အားပေး- မျိုးဇော်   


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts