မတ်လ ၁၊ ၂၀၁၂
သို့သော် သောင်းကျန်းသူတပ်ကတော့ အနည်းငယ်သာသဘောကျလေသည်။ သူ့အပေါ်သံသယပွားရသည်မှာ သူသည် ပြည်နယ်ခွဲထွက် ရေး ခွန်မိန်းအာဏာအတွက် လူထုအပေါ် ဂရုစိုက်ပြခြင်းနှင့် သူပိုင်ပစ္စည်းများကိုဆုံးရှုံးပြခြင်းဖြင့် ဝင်ငွေမယ်မယ်ရရ မရှိတော့သည်ကို ပြရန်ပြုလုပ်ပြခြင်းဟု ယူဆကြလေသည်။
စဝ်က သည်လိုရက်ရက်ရောရောပေးလှူပစ်လိုက်ခြင်းကြောင့် သူတို့စံအိမ်တော်၏အသုံးစရိတ်သည် သိသိသာသာကြီး ထိုးတက်လာလေ သည်။ ပထမဦးဆုံး သူတို့စံအိမ်တော်အတွက် ဆန်အိတ်များဝယ်ရာတွင် အလုပ်သမား ၂၆ ယောက်အတွက်ပါ ထည့်ဝယ်ရလေသည်။ မိသားစုများကိုဆန်ပေးခြင်းသည် ရိုးရာအစဉ်အဆက် ထုံးစံအတိုင်း လစာ၏တစိတ်တပိုင်းအနေဖြင့်ပေးခြင်းဖြစ်လေသည်။
သုစန္ဒာသည် လယ်ကွင်းတွေမှ နောက်ဘက်ပြန်လှည့်လိုက်ပြီး တံခါးနှစ်ထပ်ကို ဖွင့်၍ ဘုရားကျောင်းထဲ ဝင်လိုက်သည်။ နေရောင်များသည် အခန်းကျယ်ကြီးထဲကို လင်းကျင်းသွားစေသည်။ ရွှေရောင်လက်နေသော ဗုဒ္ဓရုပ်ပွားတော်ပေါ် နေခြည်ဖြာဝင်းနေတော့သည်။ ပန်းဥယျာဉ် ဘက်မှတိုက်ခတ်လာသော လတ်ဆတ်သည့်လေထဲတွင် မွှေးကြိုင်သင်းပျံ့သောအနံ့များသည် ရောင်ဝါဝင်းသော ဗုဒ္ဓရုပ်ပွားတော်အား ဝန်းပတ်နေလေသည်။ သူမသည် မြက်ဖျာပေါ်တွင် ထိုင်ချလိုက်ပြီး သူမ၏အပေါ်မှာရှိနေသော ကျေးဇူးကြီးလှသောမြတ်ဗုဒ္ဓ၏မျက်နှာ တော်ကို ခါတိုင်းထက် ပိုမိုအနီးကပ်ဖူးနေမိလေသည်။ သပ္ပါယ်လှစွာထုလုပ်ထားသော မျက်နှာတော်မှအေးမြခြင်း ငြိမ်းချမ်းခြင်း စွမ်းအား ရောင်တော်များသည် စည်းချက်ကျစွာ ဖြာထွက်နေလေသည်။ သူမမှာလည်း သည်လိုအရည်အချင်းမျိုးရချင်သည့်ဆန္ဒပြင်းပြနေမိသည်။ သူမစိတ်တွေသည် ဆောက်တည်ရာမရ၊ လွင့်ပြန့် အစိတ်စိတ်အမွှာမွှာဖြစ်နေတော့သည်။ သူမမျက်စိကိုမှိတ်လိုက်ပြီး တရားမှတ်ဖို့ကြိုး စားကြည့်လိုက်သည်။ ငြိမ်းချမ်းအေးငြိမ်သော စိတ်ခံစားမှုများကို ရပါစေသားဟု သူမမျှော်လင့်နေမိသည်။ သို့သော် ဘာမှဖြစ်မလာပေ။ စဝ်တရားထိုင်သည့်အခါက သုစန္ဒာလည်း လိုက်အတူထိုင်ချင်မိခဲ့သည်။ သူမလည်း တနေ့ကျလျှင် လေးလေးနက်နက်နောက်က လိုက်လုပ် ရပေလိမ့်မည်ဟု သူမစိတ်ထဲ အလိုလိုသိနေခဲ့သလိုခံစားရလေသည်။
ဘုရားကျောင်းဆီမှပြန်လာပြီးသောအခါ သူမသည် မရေတွက်နိုင်သောအရွက်များဖြင့် တဖားဖားဝေဆာနေသော ညောင်ပင်၏အေးမြသော အရိပ်အောက်တွင် ရပ်လိုက်သည်။ အရိပ်သည် အရှေ့စံအိမ်တော်၏ အုပ်ထိန်းသူ့ဝိညာဉ်အရိပ်အောက်မှာ ရောက်နေသလိုရှိလေသည်။ သူ့နတ်စင်လေးသည် အိမ်ပုံစံအသေးစားလေးကို ခြေတန်ရှည် စင်လေးတိုင်ဖြင့် ထောက်ပေးထားသည့်ဟန်ဖြစ်သည်။ နတ်စင်လေးသည် ဝိညာဉ်များအတွက်အနားယူရန်နှင့် စားသောက်ရန်အတွက် နေရာလေးဖြစ်လေသည်။ နတ်စင်လေးပေါ်တွင် သောက်ရေသန့်များ သစ်သီး များနှင့် ထမင်းဖြူများကို စံအိမ်တော်ရှိဝန်ထမ်းများက တပတ်လျှင်တခါ ကပ်ကြရလေသည်။ ထေရဝါဒဗုဒ္ဓဘာသာနှင့် သဟဇာတမဖြစ်သော စိတ်အားလျော့စရာဖြစ်သည့် ရိုးရာ နတ်ဝိညာဉ်ယုံကြည်မှုကို စဝ်က ညီညွတ်မျှတမှုရှိအောင်ကြိုးစားလေသည်။ သို့သော် သူ့အယူအဆသည် နားပိတ်ယုံသလိုဖြစ်နေတော့သည်။ သူ့လူထုကတော့ ဗုဒ္ဓအဆုံးအမကိုလိုက်နာခြင်းနှင့် တချိန်တည်းမှာပင် သူတို့ကို အကာအကွယ်ပေး နေကြသော ဝိညာဉ်တွေကိုစောင့်ရှောက်ယုံကြည်ခြင်းသည် မမှားဟုယူဆကြလေသည်။
သုစန္ဒာက နတ်ကွန်းစင်လေးကို မစပ်စုပဲ ကြည့်လိုက်မိသည်။ သည်နေ့မှာတော့ သူမတွေးမိလေသည်။ အခြားအကြောင်းပြချက်တွေကို ရပ်ထားလိုက်သည်။ စဝ်ဘယ်မှာရှိနေသလဲဆိုတာကို သိရဖို့နတ်အပေါင်းက ဆက်သွယ်ပေးဖို့ သူမကတိုင်တည် ဆုတောင်းမိလေသည်။ သူမသည် နတ်ကွန်းစင်ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။ သူမငယ်ငယ်က စိန့်ဘုရားရှစ်ခိုးကျောင်းမှာတုန်းက လုပ်ခဲ့ဖူးလေသည်။ နတ် အပေါင်းသည် စဝ်ကိုကာကွယ်ပေးပါ ကြင်နာမှုကိုပေးသနားတော်မူပါဟု သူမဆုတောင်းသည်။ မျက်လုံးအစုံကိုပိတ်လိုက်ပြီး အသက်ကို ရဲရဲ ရှူသွင်းသည်။ ညောင်ပင်ရိပ်အောက်က မြေကြီးပေါ် သူမဒူးထောက်နေလေသည်။ သူမစောင့်သည်။ သုစန္ဒာ ဘာသံမှမကြားရ။ ဘာကို မှမမြင်။ ပုံမှန်မဟုတ်တာတွေလည်း တခုမှမမြင်ရ။
ရုတ်တရက်ဖြတ်တိုက်လာသော လေပြေညှင်းအေးလေးတွေကို သစ်ရွက်လေးတွေကဖမ်းထားလိုက်သောခါ သူတို့က ဖျားယောင်းသွေး ဆောင်သော သူတို့ကိုယ်ပိုင်တေးသံလေးတွေ တီးခတ်ကြလေသည်။ လေညှင်းသည် ဘုရားကျောင်းပေါ်က ခေါင်းလောင်းသံလေးတွေနှင့် အတူ နူးညံ့သာယာသောသံစဉ်လေးတွေကို ကြည်မောဖွယ်တီးခတ်နေလေသည်။
“ဒါ သတင်းပေးတာများလား” သူမ ပြောလိုက်သည်။ သို့သော် သူမ၏ နှလုံးသားထဲတွင်တော့ တခုကလွဲလို့ အဖြေမရှိပါ။
စဝ်နေကောင်းပါသည်။ မကြာမီတနေ့တွင် သူသေချာပေါက်ပြန်လာမည်ဟု သူမ ခိုင်ခိုင်မာမာယုံလိုက်ချင်မိလေသည်။
သုစန္ဒာအရှေ့စံအိမ်တော်၏ အခန်းကြားကလမ်းပေါ်ဆင်းလိုက်သောအခါ ပျော်ရွှင်စွာရယ်မောတတ်သော သမီးအငယ်မ သိင်္ဂီသည် ကျောင်းသွားရမည့် သူ့အမ မာလာကသူနှင့်အတူ အဖော်မလုပ်၍ ဆန္ဒပြနေလေသည်။ သူမသည် ရှီဝါဇ်ပီတာကတ်ကစားဖို့ နာနီကိုရိုက်နေ သည်။ သည်ကစားစရာကတ်ပြားလေးတွေကို သူတို့ အဖွား ကဂျာမဏီမှနေပို့ပေးခဲ့တာဖြစ်သည်။ သုစန္ဒာသည်ဒီလို စိတ်လွတ်ကိုယ်လွတ် ဝင်ကစားဖို့အဆင်သင့် မဖြစ်သေးချေ။ ကလေးကစားခန်းမှ ကပ်ရက်က သူ့အိပ်ခန်းဆီတွင် တယောက်ထဲနေဖို့ ခြေဖျားထောက်သွား ရလေသည်။
သိင်္ဂီ၏ သုံးနှစ်ပြည့်မွေးနေ့အတွက် စဉ်းစားနေသည်။ တပတ်မျှသာလိုတော့လေသည်။ စဝ်က အပိုလက်ဆွဲအိတ်တလုံး ရန်ကုန်သို့ယူသွားခဲ့ပြီး အပြန်တွင် သူ့သမီးအတွက် လက်ဆောင်များဝယ်လာမည်ဖြစ်ရာ ထိုလက်ဆွဲအိတ်သည် နမ့်ပန်းစံအိမ်တော်သို့ ရောက်မလာသေးချေ။ သူ သည် အိမ်ပြန်ဖို့နည်းလမ်းကို မဖြစ်ဖြစ်တဲ့နည်းနဲ့ရှာကြံပြီး အိမ်ကိုအရောက်ပြန်လာမည်ဆိုတာကို သူမသံသယမဖြစ်မိပေ။ သူသည် သူ့ မိသားစုမွေးနေ့များကို ဘယ်တုန်းကမှ တက်ရောက်ဖို့မပျက်ကွက်ခဲ့ဖူးချေ။
လွန်ခဲ့သောသုံးနှစ်က လန်ဆမ်သုံးလပိုင်းလပြည့်ညကို သူမအတွေးရောက်ရှိသွားလေသည်။ မူထွီဘုရားပွဲကလည်း စနေသည်။
ပွဲကလည်းအကြီးအကျယ် စည်ကားနေသည်။ သို့သော် သုစန္ဒာသည် ပွဲကိုမသွားချေ။ အဘယ့်ကြောင့်ဆိုသော် သူမ၏ ဒုတိယကလေးက မွေးမည့်ရက်ဖြစ်နေသည်။ သည်တခါတော့ သူမသည် အိမ်မှာပဲမွေးဖို့စီစဉ်ခဲ့သည်။ အကူအဖြစ် မိခင်ကလေးက သားဖွားဆရာမ နန်းနွမ်းကို ခေါ်ထားသည်။ ညကိုးနာရီလောက်တွင် စဝ်နှင့်သုစန္ဒာတို့သည် စံအိမ်တော်ရှေ့က မြေပြင်တွင်ထိုင်ရင်း လပေါ်ကအဖိုးအိုကိုငေးကြည့်နေကြ လေသည်။
“လမ်းနည်းနည်းလျှောက်ရအောင်” သုစန္ဒာက စဝ်ကိုပြောသည်။ “ကျမ ခါးကိုက်လာပြီ” လရိပ်သည် မြက်ခင်းပြင်ပေါ်ထိုးကျလာသောအခါ ခါးကိုက်တယ်ဆိုတာ ဘာကိုပြတာလဲဆိုတာကို သုစန္ဒာသိလိုက်သည်။
“ကလေးမွေးတော့မယ် သားဖွားဆရာမကို အမြန်သွားခေါ်ချီ”
လွန်ခဲ့သောသုံးနှစ်က မာလာမွေးတုန်းကလို ပင်စဝ်ထိတ်လန့်ကြောက်ရွံ့လာမိပြန်လေသည်။ သူတွေးမိသည်။ သည်တကြိမ်မှာတော့ သူနှင့် အတူပျော်ရွှင်ရန် တာဝန်ယူရန် သူ့ယောက်ခမကြီးက အရှေ့စံအိမ်တော်မှာမရှိချေ။ သူသည် ချက်ခြင်းပင် “ရိုက်ဘာအား သားဖွား ဆရာမကိုခေါ်ဖို့ လွှတ်လိုက်သည်။ ပြီးမှ သူက သုစန္ဒာနှင့်အတူစောင့်နေလိုက်သည်။ သားဖွားဆရာမ နန်းနွမ်းသည် မူထွီဘုရားပွဲသို့ သွား လည်နေတာကို သူတို့မသိကြချေ။ ပွဲသွားကြသော လူတသောင်းလောက်ထဲမှဆရာမကို ဘယ်လိုလုပ်တွေ့နိုင်မည်လဲ။ နှစ်နာရီခန့်အကြာ နောက်ဆုံးတွင် ဆရာမအရှေ့စံအိမ်တော်ကိုရောက်လာသောအခါ ဒုတိယမင်းသမီးလေးသည် မွေးပြီး ရေမိုးချိုး အနှီးဖြင့်ပတ်ပြီး ပျော်ရွှင် နေသော သူ့အမေ၏လက်မောင်းတွင်ပွေ့ထားပြီးဖြစ်နေလေသည်။ စဝ်က သုစန္ဒာ၏ဘေးတွင် ထောက်ပံ့ပြီး အားပေးနေခဲ့သည်။ သူတို့သမီး လေးကို နာနီနိုင်းနိုင်းနှင့် မွိုင်းတို့က ကူညီမွေးပေးခဲ့ကြသည်။
“သိပ်လှတဲ့ သမီးလေးနောက်တယောက်” စဝ်ကဂုဏ်ယူစွာဖြင့် ကြေငြာလိုက်သည်။
“ကျန်းကျန်းမာမာ ဆံပင်နက်နက်လေးအသားလေး ကဝင်းပြီးတော့ သောကြာသမီးဆိုတော့ မောင်နဲ့တူတာပေါ့”
“ကျမတို့ နာမည်ကောင်းကောင်းလေး ရွေးကြမယ်” သုစန္ဒာ ပြောလိုက်သည်။
“တီ၊ အိတ်ဟ် စာလုံးအစနဲ့ရွေးရမယ်” စဝ်ကပြန်ပြောသည်။
ဗေဒင်ဆရာနှင့် ဆွေမျိုးများအကူအညီဖြင့်ဝိုင်းရွေးကြရာ နောက်ဆုံးတွင် ရွှေလိုဝင်းသောသိင်္ဂီဟု မှည့်လိုက်ကြလေသည်။
ထိုလွန်ခဲ့သောသုံးနှစ်သည် တိုင်းတာလို့မရနိုင်လောက်အောင် ပျော်ရွှင်ခဲ့သောနှစ်တွေဖြစ်ခဲ့လေသည်။ ကစားခန်းအတွင်းတွင် ပျော်ရွှင်စွာ ဆော့ကစားရယ်မောနေသော သမီးလေးသိင်္ဂီ၏ ရယ်မောသံနောက်သို့ အတူပါဝင်ကစားရန် သုစန္ဒာ၏စိတ်အတွေးကလိုက်သွားလေတော့သည်။