>Phoe Htet – Essay

>

Peninsula Plaza အရူးကြီး၏ အမှိုက်များ
ဖိုးထက်
ဇန်န၀ါရီ ၂၊ ၂၀၁၂

Bosom Friend ဆိုသည့်အင်္ဂလိပ်စကားလုံးကို ဆရာကြီးရွှေဥဒေါင်းကြီးက “ရင်ဘတ်မိတ်ဆွေ” ဟု လှပစွာဘာသာပြန်သဖြင့် ကျနော့် စိတ်ထဲစွဲအောင်မှတ်မိသည်။ ထို့အတူ rendezvous ဆိုသည့် ပြင်သစ်ဘာသာစကားမှဆင်းသက်လာသည့် အင်္ဂလိပ်စကားလုံးကို အင်္ဂ လိပ်စာညံ့သော ကျနော်က လျှာခွေခေါက်သွားလောက်အောင် အသံတွေလျှောက်ထွက်ပြီးမှ အသံထွက်အမှန်ကိုသိပြီး ထူးဆန်းသဖြင့် မှတ် မှတ်ရရ လဲ ရှိနေခဲ့သည်။

ထို rendezvous ဆိုသည့်အဓိပ္ပါယ်ကို ကျနော့်ဘာသာ မှားမှားမှန်မှန် တစ်ယောက်ထဲ ကျိတ်ကာဘာသာပြန်သည်။ “ဆုံဆည်းရာ” ဟူ၍။

ဆုံဆည်းရာဆိုသည့်အဓိပ္ပါယ်ကို ကျနော်သဘောကျသဖြင့် ဆိုင်ဆိုင် မဆိုင်ဆိုင် စွတ်ရွတ်ဘာသာ ပြန်မိခြင်းလဲဖြစ်နိုင်သည်။ အသက်ကြီး လာလေ ဆုံဆည်းဖို့၊ ပေါင်းစည်ဖို့ ဆိုသည့်စကားလုံးတွေကို အဝေးရောက်ကျနော်က ချစ်မိနေသည်။ အသက်တွေကြီးလာလေ၊ ဘ၀ အမောတွေ များသထက် များလာလေ ဖြစ်နေကြသူများအတွက် လူတွေ တစ်ယောက်နဲ့ တစ်ယောက်တွေ့ဖို့၊ ဆုံဖို့ ဆိုတာ အတော်ကြီး မလွယ်ကူပါ။

မြန်မာနိုင်ငံတွင်းမှာ ကျောင်းတက်တုံးက ကျနော်တို့ထိုင်နေကြ လ္ဘက်ရည်ဆိုင်လေးသည် ကျနော်တို့အတွက် rendezvous။ အသက်ကြီး လာသည်အထိ အခွင့်အရေးရတိုင်း မရောက်ရောက်အောင်သွားကာ တစ်ယောက်တည်း ငေးငူငူထိုင်နေမိသည်အထိ ကျနော်တို့ဆုံဆည်း ရာလေးကို အလွမ်းဖြေမိမြဲ။

နိုင်ငံရပ်ခြားကို အလုပ်တွေထွက်လုပ်လာတော့ ဆုံဆည်းရာအရပ်တွေ အများကြီးကိုတွေ့လာရသည်။ မိခင်ကုန်းမြေကြီးနှင့် ဝေးရာ၊ ချစ် ခင်ကြင်နာ သံယောဇဉ်ရှိသူများနှင့်ဝေးရာ တိုင်းတပါးမှာ အလုပ်ပင်ပန်းမှုတွေ ဖြေဖျောက်ဖို့၊ ဖိအားတွေဖြေလျှော့ဖို့ သက်ဆိုင်ရာနိုင်ငံသား တိုင်း ဆုံဆည်းရာနေရာ၊ ရပ်ကွက်လေးတွေရှိနေတတ်တာကို ချစ်စဖွယ်တွေ့ရသည်။

စင်္ကာပူလို ကျွန်းသေးသေးလေးအပေါ်မှာလည်း ဖိလစ်ပိုင်လူမျိုးတွေ ဆုံတွေ့ကြဖို့ Orchard MRT က Lucky Plaza လိုမျိုး၊ အန္ဒိယလူမျိုးတွေ အတွက် Little India လိုနေရာလိုမျိုး ရှိသည်။ ကျနော်တို့ မြန်မာလူမျိုးတွေအတွက် city hall က Peninsula Palaza။

တခြားသော လူမျိုးများ၏ တခြားသောဆုံဆည်းရာကို ကျနော်မကျွမ်းကျင်။ သို့သော် peninsula plaza ဆိုသည့်ရွှေမြန်မာများ၏ ဆုံဆည်း ရာကိုတော့ ကျနော်ရောက်ဖြစ်စမြဲဖြစ်သည်။ မြန်မာလူမျိုးဖြစ်ပါလျှက် “peninsula plaza သွားရင် အနံ့တွေနဲ့ ခေါင်းကိုက်လို့ မသွားချင်ပါ ဘူး” ဆိုသည့်အိမ်သာတက်လျှင် မျက်မှာပျက်ကြမည့်လူများကိုအရွဲ့တိုက်ကာ မကြာ မကြာ အရောက်သွားသည်။ Plaza ထဲရှိ စိမ်းရွှေရွှေ ကွမ်းနံ့၊ ငါးပိ၊ ငါးခြောက် ခပ်သင်းသင်းအနံ့များကို ရှူလိုက်ရလျှင် ကျနော့်မှာ မြန်မာနိုင်ငံပြန်ရောက်သွားသလို ဖြစ်စမြဲ။

ဖုန်းကဒ်ဝယ်ဖို့၊ မုန့်ဟင်းခါးဝယ်ဖို့၊ လဘ္ဘက်ရည်သောက်ချင်လို့၊ ကွမ်းလေးစားချင်လို့၊ စားတော်ပဲပြုတ်ဝယ်ဖို့၊ ငွေလွှဲရမယ် စသည့်စသည့် လူကြုံမှာလိုက်လဲရသည့် ကျိုးကြောင်းမခိုင်လုံသော အကြောင်းပြချက်များ ကျနော့်မှာ အမြဲလိုလိုရှိနေတတ်သည်။ ကျနော့် မသိစိတ်ထဲ မှာရှိသော မြန်မာလူမျိုးတွေ တွေ့ချင်လို့ဆိုသည့်အကြောင်းပြချက်ကိုတော့ ဘယ်သူ့ကိုမှထုတ်ဖော်မပြောဖြစ်ခဲ့။ ပြောပြပြန်လျှင်လဲ “တော် စမ်းပါ။ ရူးကြောင်ကြောင်နဲ့” ဆိုပြီး အငေါက်ခံရနိုင်သည်မို့လား။

သို့သော် ကျနော်ကိုယ်တိုင် မသိလိုက်ဘဲ ကျနော့်စိတ်ထဲတွင် ပေါ်လာတတ်သည့် မြန်မာလူမျိုးအများကြီးကို တစ်စုတစ်ဝေးထဲ တွေ့ချင်လာ သည့်စိတ်ဖြစ်လာကာ ဆုံဆည်းရာကြီးကိုတော့ ရောက်ရောက်သွားတတ်သည်။

ပြီးခဲ့သောတနင်္ဂနွေကလဲ ကျနော့်ရင်ဘတ်ကို ကျနော်အလိုလိုက်ကာ peninsula plaza ကို ခြေဦးလှည့်မိသည်။ ကျနော်ရောက်သွားတော့ ဆုံဆည်းရာကြီးမှာ တနင်္ဂနွေနေ့ပီပီ ရွှေမြန်မာတွေ ပုခုံးခြင်းတိုက်မတတ် လမ်းလျှောက်ရလောက်အောင် အများကြီးရောက်နေပြီ။ ကွမ်း ကြိုက်သော သူငယ်ချင်းများနှင့် ကျနော့်အတွက်ကွမ်းဝယ်ပြီး ကွမ်းထွေးဖို့ အိတ်ယူပြီးပြီဆိုလျှင် ကျနော့်အလုပ်ကိစ္စက ပြီးသလောက်လောက် ဖြစ်သွားပြီ။

မပြန်ချင်သေးသော ကျနော်က မြေညီထပ်ထိဆင်းလာကာ အ၀င်ပေါက်ဘေးနားမှာ ရပ်သည်။ ပါးစပ်ကကွမ်းမြုံ့ရင်း၊ လက်တစ်ဖက်က ကွမ်းတံတွေးအိတ်ကိုင်ထားရင်း ရွှေအပြုံး၊ ရွှေအသံများကိုငေးကာ ရင်ဘတ်အမောကြီးကို ဖြေနေမိသည်။ တာမွေပလာဇာရောက်နေသလို မြန်မာတွေမှ မြန်မာတွေ အများကြီး အများကြီး။ ပုဆိုးနဲ့လာတာလဲ တွေ့ရသည်။ လုံခြည်ဝတ်လာတာလဲ ပါ၏။ စကတ်ခပ်တိုတိုနှင့်လဲ ကြည့်ကောင်းသည်။ ဂျင်းဘောင်းဘီ ခပ်ကြပ်ကြပ်ကိုလဲ မျက်လုံးက အလွတ်မပေးမိ။ မြန်မာ့ယဉ်ကျေးမှုတွေ ဘာတွေလဲ ခေါင်းထဲမရောက်။ “ရောမကို ရောက်လျှင် ရောမလိုကျင့်ရမှာဘဲမို့လား” ဟု ဦးဏှောက်မှ အပြာရောင်ခပ်သမ်းသမ်းအတွေးက မျက်လုံးဆီကိုသတင်းပို့သည်။ အ၀တ်တွေ ကြိုက်သလိုဝတ်၊ လူတွေလှအောင် Smart ကျအောင်နေကြသလို စိတ်ထားတွေလဲ Smart ကျနေရင်ပြီးတာပါဘဲ ဟု တ ယောက်ထဲ ဖြေတွေးတွေးကာ ပြုံးပြုံးကြီးလုပ်မိတော့ ကွက်ကြည့် ကွက်ကြည့် လုပ်သွားကြသည်။

လက်ထဲမှ ကွမ်းတံထွေးအိတ်ထဲကို ကွမ်းငုံ့ထွေးရင်း နောက်ကျောဘက်ရှိ ရေမြောင်းအဖုံးတလျှောက်ကြည့်မိတော့ ကွမ်းတံတွေးတွေက ရဲရဲနီ။ စိတ်ထဲ မလုံမလဲ၊ မသိုးမသန့်ကြီး ဖြစ်လာသောခံစားမှုကို ဆုံဆည်းရာမှာ ပထမဆုံး ခံစားမိသည်။ ငါမထွေးပြီးရော၊ ငါဘာတတ် နိုင်မှာလဲဟု ခပ်လျှော့လျှော့၊ ခပ်ဖော့ဖော့တွေးကာ ခပ်ငေးငေးဖြစ်နေဆဲ ကျနော့် ရှေ့ဝင်ပေါက်ကြီးအလယ်သို့ အရူးကြီးတစ်ယောက် ၀င်လာသည်။

လူတစ်ယောက်ကို အရူးကြီးဟု လွယ်လွယ်ကောက်ချက်ချလို့ရအောင် ထိုလူကြီး ရူးနေတာ သေချာသည်။ အရူးအမျိုးမျိုးရှိသည် ဆိုကြပါစို့။ အရူးနှင့် ပါတ်သက်ပြီး အားရှိသော မြန်မာစကားလုံးတွေ အများကြီးရှိတာလဲ ကြားဘူးသည်။ အချစ်ရူး၊ ဘုန်းကြီးရူး၊ တဏှာရူး၊ ဥစ္စာရူး၊ အာဏာရူး စသည့်စသည့်အရူး သရုပ်ခွဲ စကားလုံးများ။ အချစ်ရူးဆိုလျှင် ငယ်ငယ်က ဘာဂလိုတိုတို သဘောကျကာ သူရဲကောင်း ထင်မိပေမယ့် အချစ်ကြောင့် ဘ၀ကိုအဆုံးခံပြီး အရူးတစ်ပိုင်းအဖြစ်ခံ၊ ဘ၀အဆုံးခံလိုက်ကြတာကို တွေ့လာသည့်ဒီအရွယ်မှာတော့ အချစ် ရူးသည်လဲ မကောင်း။ လူတွေ့တိုင်း ဆုံးမ သြ၀ါဒပေးဖို့၊ အကြီးကြီး အကျယ်ကျယ်ကြီးတွေ လျှောက်ပြောချင်နေသည့်သိက္ခာရင့် ဘုန်း တော်ကြီးပုံစံဖမ်းနေသော ဘုန်းကြီးရူးလိုလူများကိုတော့ ခပ်ဝေးဝေးဘဲနေမိသည်။ တဏှာကို မလွန်ဆန်နိုင်ကြသော လူသားများပီပီ အသိစိတ်ကပ်သည့် တဏှာမရူး တရူးလူများကို ကိုယ်ချင်းစာစိတ်ထားမိပေမယ့် လောကကြီးကို အရုပ်ဆိုးလွန်းအောင် တဏှာရူးကြသော သူများကိုတော့ ကျနော်ကရွံ့သည်။ ငွေကို တစ်ပြား၊ နှစ်ပြားခွာကာ ကိုယ်ရှာတဲ့ ငွေနဲ့ ကိုယ့်ဝမ်းကို ကိုယ်မသဒ္ဒါလောက်အောင် ဖြစ်နေ သော ဥစ္စာရူးများကိုတော့ ကျွေးရမွေးရမှာစိုးသဖြင့် ကျနော်က ရှင်ခန်းဖြတ်သည်။

အခု ကျနော့်ရှေ့တွင်ရှိနေသောလူကြီးကတော့ မည်ကဲ့သို့သော အရူးပေနည်း။ ဒီလောက် လူတွေရှုပ်ထွေး၊ ပျားပန်းခပ်အောင် ၀င်ထွက် သွားလာနေကြသော ၀င်ပေါက်တည့်တည့်ကြီးမှာ ဘောင်းဘီအတို၊ အင်္ကျီကျောဗလာဖြင့် သူ့လက်ထဲရှိ အမှိုက်ထုပ်ကြီးဟု ယူဆရသည့် အိတ်ကြီးကိုချကာ ပါယ်ပါယ်နှယ်နှယ်ဖွနေသော လူကြီးသည် ဥစ္စာရူးတာဖြစ်ဖို့များသည်။

ထိုလူကြီး၏ ကျောပြင်မှာထိုးထားသော tattoo ရုပ်များကလဲ စိတ်ဝင်စားစရာ။ ငါးမန်းရုပ်၊ ကင်းခြေများ၊ ဇာမဏီငှက်၊ ကျား၊ သိမ်းငှက်ရုပ် အပြင် မလုံ့တလုံ မိန်းမပုံတစ်ပုံကိုလဲ လက်မောင်းမှတစ်ဆင့် လက်ဖျံအထိ မှတ်တမ်းတင်ထားသေးသည်။ ခြေသလုံးပေါ်မှာလဲ အရုပ်တွေ က ပွစာကြဲနေသည်။ အရူးပီပီ လောကကြီးကို ဂရုမစိုက်စွာ လုပ်ချင်ရာလုပ်နေသော ထိပ်ခပ်ပြောင်ပြောင် အသက်ငါးဆယ်ခန့်လူကြီးသည် အပေါက်ဝတည့်တည့်တွင် ဆောင့်ကြောင့်ထိုင်ကာ သူ့အမှိုက်ထုပ်ကြီးကို နှိုက်သည်။

ဘေးမှ ပြုံးစိစိဖြင့် ဖြတ်သွားဖြတ်လာလုပ်နေကြသော ကိုယ်ရွှေမြန်မာများ၊ ကျနော့်လို ၀င်ပေါက်မှာရပ်ကာ ကွမ်းဝါး ဆေးလိပ်သောက်၊ ရီမောကာ သူ့ကိုကြည့်နေသောလူများကို ပါးစပ်မှလဲ တစ်ချက် တစ်ချက် လှည့်ငေါက်သေးသည်။ အောက်ခံဘောင်းဘီဖင် ပေါ်နေသည်အထိ အရှက်ကင်းမဲ့စွာ ဆောင့်ကြောင့်ထိုင်နေသောလူကြီးသည် သူ့စီကရက်ဘူးကိုတော့ဖြင့် တယုတယဖြင့် ထုတ်ကြည့်လိုက်၊ ပြန်သိမ်းလိုက် လုပ်နေပုံမှာ စိတ်ဝင်စားဖွယ်။

အပေါက်ဝကြီးမှာ ရှုပ်ချင်တိုင်း ရှုပ်၊ ဖွချင်တိုင်းဖွနေသော ဒီလူကြီးကို ပြုံစိစိကြည့်၊ ရှောင်ကွင်းသွားတာကလွဲလို့ ဘာများတတ်နိုင်မှာနည်း။ ဖြတ်သွားဖြတ်လာ ကျနော်တို့လူမျိုးများကလဲ “လာဒီမှာ မထိုင်နဲ့နော်၊ ဟိုနားသွား ဘာကျွေးမယ်၊ ညာကျွေးမယ်” ဆိုပြီး ပြောလို့ဖြစ်မှ မဖြစ်တာ။ သွားပြောပြန်လို့ အရူးအခွင့်အရေးတွေ ဘာတွေ ထလုပ်နေရင်ခက်ရချည်ရဲ့။

ထိုသို့ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်သော ကျနော့်အရူးကြီးသည် သူ့အိတ်တွေထဲသို့ လက်ထိုးထည့်လိုက်၊ အိတ်အစုတ်အပဲ့၊ စက္ကူအစုတ် အစတွေ ဆွဲထုတ်လိုက်နှင့် ဆယ့်ငါးမိနစ်ခန့်နေမှ ပါးစပ်မှ ဘာဘာသာစကားမှန်းမသိရသောအသံဖြင့် တပြစ်တောက်တောက်ပြောကာ ထထွက်သွားသည်။ သူက အရူးပီပီ လောကကြီးကို တာဝန်မဲ့စွာဖြင့် သူ့အမှိုက်ပုံကြီးကိုတော့ ပစ်ထားသွားခဲ့သည်။ ၀င်ပေါက်ကြီးမှာ သူဖွခဲ့သော အမှိုက်တွေက မြင်မကောင်း။ ရှုမကောင်း။ လမ်းသွားလမ်းလာ ရွှေများကလဲ ကျော်ခွသွားလာကြသည်။ အမှိုက်တွေကို မြင်မ ကောင်းသဖြင့် စိတ်ရှုပ်နေသော ကျနော်နှင့် ရပ်ကြည့်နေကြသောလူများကလဲ “ဟာ ဒီလူကြီး အမှိုက်တွေ ဖွသွားပြီ။ အမှိုက်သိမ်းသမားကလဲ မလာသေးဘူး” ဆိုကာ ပွစိပွစိ ပြောသည်။ အပြစ်တင်သည်။ အရူးဆို ဘာအရူးမှ မကောင်းကြောင်း မှတ်ချက်တွေပေးကြသည်။

လမ်းသွားလမ်းလာများက ရှောင်ကွင်းသွားမြဲ၊ ရပ်နေသူ ကျနော်တို့က သွားလေသူအရူးကြီးကို မေတ္တာပို့နေဆဲမှာပင် အမှိုက်တွေက ပိုမိုပြန့် ကြဲကာလာသည်။ လက်ထဲက ကွမ်းထုပ်ကို အနီးနား အမှိုက်ပုံးထဲသို့ ကျနော် သွားပစ်ရင်း ထိုနေရာကို အမြန်ခွာကာ ဖုန်းကဒ်သွားဝယ်သည်။

အရူးကိစ္စကို ခေါင်းထဲကထုတ်လိုက်သည်။ ညကျမှ အိမ်ကို ဖုန်းဆက်ရအုံးမည်။ မြန်မာနိုင်ငံကြီး အခြေအနေကောင်းတော့မည်။ စီးပွားရေး ဂွင်ကောင်းကောင်းလေးတွေ တွေ့ရင် ငါ့ကို ခေါ်အုံးဟု ပြည်တွင်းက အလုပ်လုပ်နေသော သူငယ်ချင်းကို ဖုန်းဆက်ရမည်။ ဒီအစိုးရလုပ်နေပုံနဲ့၊ လိပ်သွား သွားနေပုံနဲ့ မြန်မြန်ဆန်ဆန်တိုးတက်လာပါ့မလား။ ကျနော်တို့ အစိုးရ ညံ့လွန်းသည်။ အသက်တွေ အရမ်းမကြီးခင်၊ လက်ထဲမှာ လဲ အရင်းအနှီးလေးလဲရှိစဉ် ပြည်တွင်းမှာ စီးပွားရေးကောင်းကောင်းလုပ်ရမည်။ အစိုးရ၏ ပြုပြင်ပြောင်းလဲရေးကိုဘဲ စောင့်ရအုံးမည်။

ကျနော် peninsula plaza မှ ပြန်ထွက်လာတော့ အမှိုက်တွေက ပြန့်ကြဲနေမြဲ။ လူတွေက ကျော်ခွသွားဆဲ။ ကျနော့်ခြေထောက်သို့ လာ ကပ်လာသော အရူးကြီးချန်ထားခဲ့သည့် ကြွတ်ကြွတ်အိတ်အနီကြီးကိုကန်ထုတ်ကာ အိမ်အပြန်လမ်းသို့ဦးတည်လိုက်သည်။ ဘေးမှ ဖြတ် သွားသော လူ၏ခြေထောက်ကို ထပ်ကပ်မိသွားကာ ဘုကြည့်ကြည့်ပြီး သူလဲကန်ထုတ်သွားသည်။ အိမ်ကို အမြန်ပြန်မှ ဖြစ်မည်။ အိမ် ရောက်လျှင် မြန်မာနိုင်ငံကြီးကိုဖျက်ဆီးခဲ့သောလူတွေကို စာတွေရေးကာ အားရပါးရတွယ်ရအုံးမယ်၊ အပြစ်တွေရှာကာ ကော်မင့်တွေ ၀င်ရေးရအုံးမည်။

ဘူတာဘက်သို့လှည့်အထွက်မှာ မြန်မာတို့ဆုံစည်းရာ Peninsula Plaza ကြီးသည် ကျနော့်နောက်ကျောမှာ ကျန်နေရစ်ခဲ့လေပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts