ကဗျာ

ဒီလူည – လမ်းပေါ်မှာ မိုးတွေရွာနေတယ်

 
ဒီလူည – လမ်းပေါ်မှာ မိုးတွေရွာနေတယ်
(မိုးမခ) မတ် ၃၀၊ ၂၀၁၆

သေ သေ သပ်သပ်ထုပ်ပိုးထားတဲ့
အမှည့်လွန် ရက်စွဲတချို့ရဲ့အိမ်ပြန်ချိန် အခန်းဆက်
လရောင်နဲ့ လမ်းချော်နေတဲ့ ညမှောင်မှောင်ထဲ
တံဆိပ်မရှိတဲ့ ကြိုးတန်းပေါ်က အင်္ကျီလေးတစ်ထည်ရဲ့
ဆပ်ပြာနံ့က လေထုထဲ ပြေးလွှားလို့
ဘယ်အနက်ကို အဓိပ္ပါယ်ဖွင့်ဖွင့်
အညှာလွယ်တဲ့ သစ်သီးတစ်လုံးလို
မပြည့်စုံတဲ့ဝါကျတွေသာ ထွက်ကျလာတယ်
လူသေတစ်ယောက်ရဲ့ အေးစက်မှုမျိုးနဲ့
အိပ်ရာပေါ် မအိပ်စက်နိုင်တဲ့ ချွေးတွေနဲ့

တစ်ခါတခါ
ဆစ်ဒနီ ကပွဲခန်းမထဲ ရောက်လိုရောက်

တစ်ခါတခါ
ပဲရစ်မျှော်စင်ကြီးပေါ် ရောက်လိုရောက်

တစ်ခါတခါ
လန်ဒန်မြို့ကြီးရဲ့ လမ်းမတွေပေါ် ရောက်လိုရောက်

အပြင်မှာမိုးတွေ ရွာနေတယ်
အမိုးက ယိုစိမ့်လာတဲ့ မိုးစက်တွေက
စစ်ပွဲတစ်ခုမှာ ပေါက်ကွဲသွားတဲ့ ဗုံးလို
နဖူးပေါ်ကျလာပြီး မိုးရေထဲခေါ်သွားတယ်
ခန်းမထဲက သီချင်းသံကို မကြားရတော့ဘူး
မျှော်စင်က မီးရောင်တွေ မမြင်ရဘူး
လမ်းပေါ်မှ့ဘယ်သူမှ မရှိကြတော့ဘူး
ရုတ်တရက်
ပခုံးပေါ်ကျလာတဲ့ လက်တစ်ဖက်
နောက်  အသံတစ်ခုက နားထဲတိုးဝင်လာတယ်
“မိုးယိုနေတဲ့ နေရာလေးကို
ဇလုံချထားဦးလေရှင် ” တဲ့။  ။

ဒီလူည


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts