>talk with Nay Myo Zin

>

အင်းစိန်ထောင်မှ လွတ်မြောက်လာသော ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် တွေဆုံမေးမြန်းခြင်း
အောင်ကိုကိုလတ်(ရွှေမြစ်မခ)
ဇန်န၀ါရီလ ၂၂၊ ၂၀၁၂


ဇန်န၀ါရီလ ၁၄ရက်နေ့၊ နေ့လည် ၁၂နာရီခန့်အချိန်တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာသော ကိုနေမျိုးဇင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါသည်။ ကိုနေမျိုးဇင်သည် ၂၀၁၁ခုနှစ်က ပုဒ်မ ၃၃/က ( အီလက်ထရောနစ်) ဖြင့် ၁၀ နှစ် ကျခံခဲ့ရပြီး အင်းစိန်ထောင် အကျဉ်းထောင်ထဲတွင် ၁၀လအကျဉ်းကျခံခဲ့ရကာ။ ဇန်န၀ါ၇ီလ ၁၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည် လွတ်မြောက်လာသူ တစ်ဦး ဖြစ်သည်။

မေး။ ။ အခုလို လွတ်ငြိမ်းချမ်းသာခွင့်အပေါ် အကို ဘယ်လိုခံစားရပါသလဲ၊။

ဖြေ။ ။ အကျဉ်းကျနေတဲ့ ဒုက္ခတွေကြားထဲက လွတ်လာတာတော့ ၀မ်းသာတာပေါ့ဗျာ။ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး အတွက်ကတော့ တကယ်ရင်ထဲမှာ လေးလေးနက်နက် ၀မ်းသာပါတယ်။ ထောင်ထဲမှာ နှစ်ရှည်လများ ကျတာ ဆိုတော့ ကျွန်တော်တို့ အနေနဲ့ ထောင်ဒဏ် ဆယ်နှစ် ကျခဲ့တယ် ဆိုပေမယ့် ဆယ်လပဲနေပြီးတော့ လွတ်လာတာပါ။ ကျွန်တော်အမှုကလည်း တကယ်တကယ်ပြောရင် အခုခေတ်နဲ့ မလျော်ညီတော့ဘူးပေါ့။
အီလက်ထရောနစ်အက် ပုဒ်မ ၃၃ (က) နဲ့ ထောင်ဒဏ် ဆယ်နှစ်ချခဲ့တယ်။ အမှန်တကယ် ဖြစ်သင့်တာက ကျွန်တော်တို့လို မဖြစ်သင့်တော့တဲ့ မတရားတော့တဲ့ ဥပဒေပုဒ်မတွေနဲ့ ချထားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အကျဉ်းသားအားလုံးကို ချွမ်းချက်မရှိ လွတ်ပေးသင့်တာပေါ့။ လွတ်ငြိမ်းချမ်းသာခွင့် ဆိုပြီး သနားလို့လွတ်လာတ်ဆိုပြီး ပုံစံမျိုးထက်တော့ တရားစိုးမိုးမှု ဒီလိုဒီလို ဖြစ်ခဲ့တယ် မှားယွင်းခဲ့တယ် ချော်ခဲ့တယ် တရားစီရင်ရေး သားကောင်တွေ အဖြစ်
မင်းတို့ဖြစ်ခဲ့တယ်။ အဲတော့ သားတို့ တူတို့ မောင်တို့ မင်းတို့ကို ဒီလိုဒီလို ဥပဒေ အကြောင်းအရာတွေ ပြင်ပြီးတော့ မင်းတို့ကို တရားရှင်လွတ်တယ် ဆိုပြီးတော့ လွတ်ပေးတယ် ဆိုရင် ပိုပြီးတော့ ဂုဏ်ယူတယ်။ ပိုပြီးတော့ ပျော်ရွှင်မိမှာပေါ့။

မေး။ ။ အကျဉ်းကျခံနေရစဉ်က တွေ့ကြုံခဲ့ရတဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ ?

ဖြေ။ ။ အတွေ့အကြုံကို ပြောပြမယ် ဆိုရင် လူအခွင့်အရေးလည်း မရှိဘူး။ အကျဉ်းသူ အကျဉ်းသားတွေ များစုဟာ ကျွန်တော် ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင် လူလိုမနေရပါဘူး တိရိစ္ဆာန်လို နေရပါတယ်။ စားရေးသောက်ရေးကို သူတို့ အနေနဲ့ အရင်ခေတ်တွေနဲ့ မတူအောင် ပြင်ဆင်ပေးတယ် တိုးတက်ပေးတယ် ကောင်းမွန်လာအောင် ဖန်တီး ပေးတယ် ဆိုတာတယ် ဆိုတာကို ကျွန်တော် လက်ခံပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ၂၀၀၅ မတိုင်ခင်က အခြေအနေနဲ့ ၂၀၁၁-၂၀၁၂ အခြေအနေမှာ အများကြီး ကွာခြားတယ် ဆိုတာကိုလည်း နှစ်ရှည်လများနေရတဲ့ အကျဉ်းသူ အကျဉ်းသားတွေ အနေနဲ့ အကျဉ်းသားကြီးတွေ ပြောပြချက်အရ ကျွန်တော် သိရပါတယ်။ အများကြီးကောင်းတာမြင်ပါတယ်။ ဒါပေမယ့် အများကြီး ကောင်းလာတယ် ဆိုတာက တကယ် တကယ် ရှိသင့်ရှိထိုက်တဲ့ နိုင်ငံတကာစံနူန်း အရရော
လက်ရှိမြန်မာနိုင်ငံရဲ့ စံနူန်းအရရော လူနေမူအဆင့်အတန်း ကွာဟမူ အနေအထားအရရော စားဝတ်နေရေး အနေအထားအရရော လူမဆန်သေးပါဘူး စားရ သောက်ရတာတွေဟာ အပြင်က နေပြီးတော့ မိသားစု တွေကနေပြီးတော့ သူငယ်ချင်း အပေါင်းအသင်းတွေကနေပြီးတော့ ထောင်ဝင်စာ လာမပို့ဘူး ဆိုရင် ဒီလူတစ်ယောက်ဟာ အာဟာရ ပြည့်ဝစရာ မရှိပါဘူး။
အသက်ရှင်နေထိုင်ဖို့ အခက်အခဲ ရှိပါလိမ့်မယ်။ ထောင်က စီမံ ခင်းကျဉ်းထားတဲ့ အနေအထားပေါ့။ အဓိကအမြန်ဆုံး ပြုပြင် ပြောင်းလဲပေးစေချင်တာက ထောင်ထဲက နေမူထိုင်မူ အခြေအနေက အမြန်ဆုံး ပြုပြင် ပြောင်းလဲပေးရမဲ့ အချက်တွေပါ။

မေး။ ထောင်ထဲမှာတော့ ကျန်းမာရေး ထိခိုက်ခဲ့တာရှိပါသလား။ လက်ရှိ ကျန်းမာရေးကော ကောင်းပါသလား။

ဖြေ။ ကျွန်တော် ခါးနားရောဂါဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းကလည်း လူမဆန်စွာ ကြပ်ကြပ်တည်းတည်းနေခဲ့ရတဲ့ အတွက်ပါ။ ကျွန်တော်နေရတဲ့ အခန်းလေး ဆိုရင် ပေ ၅၀-၃၀ လောက်ပဲ ရှိမယ် ထင်တယ်။ အဲအခန်းလေးက လက်ခံနိုင်တဲ့ စံနူန်းက အကျဉ်သားဦးရေ ၆၀ဆိုတာအများဆုံးပါပဲ။ တစ်ယောက်ကို နှစ်ပေခြားရမယ်။ အိပ်မယ် လက်ခံနိုင်တဲ့စံနူန်းက ဒါပေမယ့် တကယ်တကယ်ထားတဲ့စံနူန်းက ၁၁၀-၁၂၀ ထားတော့ နှစ်ဆဖြစ်နေပါတယ်။ အဲတော့ အိပ်တဲ့အခါကြတော့ သစ်တုံးတွေတန်းစီးပြီးတော့ထားသလို အပြည့် ကြမ်းပြင်တစ်ခုလုံးကအပြည့် အိမ်သာကနေထွက်ပြီးတော့ ခြေထောက်ချလိုက်ရင်ကို လူကိုနင်းမိပါတယ်။ အနေအထိုင်ဆင်းရဲတယ် အစားအသောက်တွေဆင်းရဲတယ် အဲတော့ ကူးစက်မူတွေဖြစ်တယ် လူအချင်းချင်း ဖိနှိပ်မူတွေဖြစ်တယ်၊ ဒါအနေဆင်းရဲပေါ့ အစားဆင်းရဲကျတော့ ကောင်းလာတာမှန်တယ် ဒါပေမယ့် မပြည့်စုံသေးဘူး။
အသားငါးကျွေးတာ မှန်တယ်။ ဒါပေမဲ့ ၇ ကျပ်သား ကျွေးရမှာကို ၇ ကျပ်သား မပြည့်ပါဘူး သေးသေးလေးတွေပဲ ရှိတယ်။ အရွတ်တွေပဲကျွေးတယ်။ စနစ်တကျနဲ့ နိုင်ငံတော်က လုံလောက်အောင် ချပေးမယ် ဆိုရင်တော့ ကောင်းလာနိုင်ချေရှိပါတယ်။ လောလောဆယ် ကျွန်တော်လေ့လာမိသလောက်အခုရှိနေတဲ့ ကုန်ဈေးနူန်းနဲ့ အစိုးရက အကျဉ်းဦးစီးဌာနတွေကိုချပေးတဲ့ ဟာနဲ့က ကွာနေတယ်။ သူတို့က အမဲသားတစ်ပိသာကို ၈၀၀လောက်နဲ့ချပေးဆိုရင် အပြင်မှာပေါက်တာ ၃၀၀၀ ဘယ်လိုလို့လောက်မလဲ။ အစိုးရဘက်ကလည်း တာဝန်ရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာန နဲ့ ပြန်လည်ညှိနှိုင်းရမယ့်အပိုင်းပေါ့။ ဒါကတော့ စားမှုနဲ့နေမှုကိုပဲပြောတာပါ။
နောက် အဓိကဖြစ်တဲ့ အုပ်ချုပ်မူ အပိုင်းပေါ့ အခုချိန်ထိ အကျဉ်သားချင်းအုပ်ချုပ်မှုစနစ်ကို အခုထိ သုံးနေပါသေးတယ်။ သူတို့ကတော့ပြောတယ် စည်းကမ်းကောင်းသောသူ နှစ်ရှည်ကျသောသူ ရာဇ၀တ်သား မဟုတ်ရဘူး ဆိုးသွမ်း မိုက်ရိုင်းသောသူမဟုတ်ရဘူး ဆိုပြီး စာမေးပွဲဖြေခိုင်းပြီး အခန်းလူကြီး ခန့်တယ်လို့ စည်းမျဉ်း အရတော့ ပြောတယ်။

မေး။ ။ အကျဉ်းထောင်တွေမှာ ဘယ်လိုပြုပြင်ပြောင်းလဲမူတွေ လုပ်သင့်တယ်လို့ အကို ထင်ပါလဲ ?

ဖြေ။ ။ အကျဉ်းသားချင်းချင်း အနိုင်ကျင့်နှိပ်စက်မူတွေ ရှိနေတယ်။့အကျဉ်းထောင် အာဏာပိုင်တွေနဲ့ ထောင်မှုးတွေနဲ့ ပင်းပြီးတော့ ပူးပေါင်းပြီးတော့ အကျိုးစီးပွား ရှာစားတယ်။ ထောင်မှုးကိုလည်း ဆယ်ပုံတစ်ပုံ ပေးစားတယ် ဆိုပြီးတော့ အကျဉ်းသူ အကျဉ်းသားချင်း အနိုင်ကျင့်နှိပ်စက်ပြီးတော့ အကျဉ်းသားချင်း အုပ်ချုပ်ရေးစနစ် ရှိနေသေးတယ်။ အဲဒါမျိုးကြောင့် ဘုမသိ ဘမသိနဲ့ အခြေခံလူတန်းစားကျလာတဲ့ ထောင်သားတွေ အနေနဲ့ ငွေကြေး အနည်းငယ် ပြည့်စုံတဲ့ အကျဉ်းသားတွေအတွက်က ဖမ်းဆီးနှိပ်စက်မူတွေ ခြိမ်းခြောက် နှောက်ယှက်မူတွေ ရှိပြီးတော့ ဒီလောက် တစိုးလက်ဆောင် ပေးနိုင်မှ လူလိုသူလို နေနိုင်တဲ့ အနေထားပေါ့နော်။

မေး။ ထောင်ကို ငွေမပေးနိုင်တဲ့သူတွေရဲ့ အခြေအနေ အကြပ်အတည်းက ဘယ်လိုအနေကြပ်မှု၊ ဆင်းရဲမှုမျိုးလဲ ခင်ဗျာ။

ဖြေ။ ဥပမာ အလယ်တန်းမှာအိပ်ရတဲ့လူမျိုး အတွက်က ခက်ခဲ ကျပ်တည်းတယ်။ လေးတန်းအိပ်ရတာ ဆိုတော့ နံရံကို ခေါင်းတည့်ထားတာ တစ်တန်း၊ သူတို့နဲ့ခြေချင်းဆိုင်ထားတာတစ်တန်း၊ သူတို့နဲ့ ခေါင်းချင်းဆိုင် ထားတာ တစ်တန်း၊ သူနဲ့ ခြေချင်းဆိုင်ထားတာ တစ်တန်း လေးတန်း အိပ်ရတယ်။ ထောင်ဝင်စာလဲမလာဘူး။ ၀တ်စရာအကျီင်္လည်း မရှိဘူး။ တစ်ခါတစ်လေ ကိုယ်တုံးလုံး အိပ်ကြရတယ်။ သူတို့တွေအတွက်က အခွင့်ရေး အနည်းဆုံးပေါ့။ အိပ်တဲ့အခါ သူတို့တွေက တစောင်းအိပ်ကြရတယ်။ ဘာလို့လည်းဆိုတော့ လူချင်း ထပ်နေကြရတယ်။ စစ်စကားနဲ့ပြောရင် (တစ်ယောက်ဖင်တစ်ယောက်ထောက်) နေတယ်။ လှုပ်လို့လှည့်လို့မရဘူး။ လှည့်ချင်းတယ် ဆိုရင် ထထိုင်၊ ထထိုင်ပြီး တစ်ဖက် လှည့်ပြန်အိပ်ရတယ် သူတို့ဘ၀က အဲလောက် ဆိုးတယ်။ အဲလိုနေရာမျိုးမှာ တော်ရုံတန်ရုံလူက မအိပ်နိုင်ဘူး။ အဲအခါကျတော့ ဘေးတန်းကို အိပ်ချင်သလား။ ပိုက်ဆံ တစ်သောင်းခွဲပေးရမယ်။ အခန်းလူကြီးကို အခန်း လူကြီးကို တစ်သောင်းခွဲ ပေးပြီးတော့ ဘောက်ဆင်းလို့ ခေါ်တဲ့ အလုပ် လိုက်လုပ်ဖို့ လုပ်အားပေး မပါချင်ဘူး ဆိုပါတော့ ထောင်မှူးကိုသုံးသောင်းထက်ပေးရမယ်။ ဒါဟာ လုံးဝ ရောက်ရောက်ချင်း ပေးရမယ့် လေးသောင်းခွဲ အဲမှာရှိတဲ့ တန်းစီး၊ စည်းကမ်းထိန်း၊ စည်းကမ်းထိန်း ဆိုတာ အပြစ် ဖောက်တဲ့သူတွေကို ရိုက်နှိပ်ဆုံးမတဲ့ စည်းကမ်းထိန်းကို ပေးရတာ တစ်မျိုး၊ အချင်းချင်း အထဲမှပဲ ဇိုးပေါ့၊ ရာဇ၀တ်မူကြီးကြီးနဲ့ ကျလာခဲ့ပြီးတော့ ဆေးမင်ကြောင် အပြည့်နဲ့ လူတကာကို ထိုးရကြိတ်ရမှာကို လက်မနှေးဘူး ဆိုတဲ့လူ၊ ကျတဲ့အမူ ကြီးလာတဲ့လူ ထောင်ဒဏ်ကို လွတ်ရက် မရှိဆိုတဲ့ လူမျိုး သူတို့တွေ အတွက်က အနာဂတ် မရှိဘူး ဆိုတဲ့လူ။ အနာဂတ် မရှိတော့တဲ့ လူမျိုးက အနာဂတ်မရှိဘူး မျှော်လင့်ချက်မရှိဘူး။ ကြောက်စရာ အကောင်းဆုံး ဆိုတာ သူုတို့ရဲ့ အနိုင်ကျင့် နှိပ်စက် ဖိစီးမူကို သူတို့ တောင်းသလောက် ပေးနေရတာ။ သူတောင်းသလောက် မပေးလို့ ဓားနဲ့ ထိုးသတ်လိုက်ပါပြီတဲ့ သူတို့အတွက်က တစ်သက်တစ်ကျွန်း ထပ်ကျစရာလည်း အကြောင်း မရှိတော့ဘူး နှစ်သက်နှစ်ကျွန်းလည်း ကျစရာ မရှိတော့ဘူး။ အဲတော့ အဲလိုမျိုးဟာတွေ ကြားနေတယ်။ ဒါတွေကလည်း အာဏာပိုင်တွေအနေနဲ့ လူအခွင့်အရေး စံနူန်းတွေနဲ့ ဒီမိုကရေစီစံနူန်းတွေနဲ့ အညီအများဆုံးထွက်စပြင်ဆင်ရမယ် အကြောင်းအရာတွေပေါ်မှာ အသေးဖွဲ ကိစ္စလေးတွေပဲ ရှိသေးတယ်။ ထောင် အာဏပိုင်တွေရဲ့ကိစ္စတွေ၊ အပြင်က နေပြီးတော့ ဖမ်းဆီးတဲ့ရဲတွေနဲ့ ပြည်ထဲရေး ရဲတွေနဲ့ ပင်းပြီးတော့ တွေ့ချိန် ၁၅ မိနစ်ပဲ ပေးတွေ့ပြီးတော့ ထပ်တွေ့ရင် အပို တစ်ထောင် တောင်းတာတွေ အဲလိုကိစ္စတွေ အများကြီး ရှိပါသေးတယ်။ ထောင်ဝင်စာမှာ တွေ့ရင် ၁၅မိနစ်ပဲ အချိန်ရတယ်။ နောက်ထပ် ၁၅ မိနစ် ထပ်တွေ့မယ် ဆိုရင် တစ်ထောင် ထပ်ပေးရပါတယ်။ ဆင်းရဲတဲ့သူ ဆိုရင် ငါးရာ ထပ်ပေးရပါတယ်။ ကိုယ်မိသားစု ကိုယ်တွေ့ရဖို့အရေး ပိုက်ဆံကို ထောင်သောင်းချီပြီးတော့ ပေးရတယ်။ နှစ်ပတ်မှ တစ်ကြိမ် တွေ့ရတာကို ဒီ မိသားစုတွေ ပိုက်ဆံ အလကား ရနေတာ မဟုတ်ဘူး ချွေးနဲ့သွေးနဲ့ ရင်းနှီးရှာပြီးတော့ ဒီငွေလေး လေးငါးထောင်နဲ့ လာတွေ့ရတာ မိသားစုတွေ ဆွေမျိုးတွေ အနေနဲ့။ ထောင်အာဏာပိုင်တွေ အနေနဲ့ သိပ်ပြီး ဒီငွေတွေ အိပ်ထဲ ထည့်နေတာတွေ အဲတော့ ကျွန်တော် တွေးကြည့်တာ လူဖမ်းပြီး ပြန်ပေးဆွဲနေတာ ဖြစ်နေတယ်။ အဲဒါကြောင့် ဒီအစိုးရအနေနဲ့ဒါတွေကို ထဲထဲဝင်ဝင် လေးလေး နက်နက် ဖော်ထုတ်အရေးယူ အားလုံး ပြုပြင်ပြောင်းလဲပေးမှ အစိုးရအနေနဲ့ ကျဆင်းနေတဲ့ ဂုဏ်သိက္ခာတွေ တက်လာလိမ့်မယ်။ နိုင်ငံသူနိုင်ငံသားတွေ တကယ် ကြုံ့တွေ့နေရတဲ့ ဆင်းရဲဒုက္ခကနေ လွတ်ကင်းလိမ့်မယ်။ ဒါ ဥပဒေ စိုးမိုးရေး ဆိုတာက ပြည်ပကနေ နိုင်ငံတကာကနေ ထောက်ပြနေတဲ့ အခြေ ကောင်းမွန် တိုးတက်လာလိမ့်မယ်လို့ ထင်ပါတယ်။

မေး။ ။ အကိုက ဘယ်လိုအရာမျိုးကြောင့် နိုင်ငံရေး စိတ်ဝင်စားရပါသလဲ?

ဖြေ။ ။ ကျွန်တော် စစ်မူထမ်းဟောင်းတစ်ယောက်ပါ ၊ DSA တက်ခဲ့ပါတယ်။ မေဂျာမယူပဲ မေဂျာတင်ခံနီးမှာ နူတ်ထွက်ခွင့် တင်ပြီးတော့ ကိုယ်သဘောနဲ့ကိုယ် ထွက်ခဲ့တဲ့သူပါ။ တပ်ထဲမှာကတည်းကိုက လူလတ်ပိုင်း လူငယ်ပိုင်းတွေက တိုင်းပြည်ဆင်းရဲ ချွတ်ချုံကျပြီးတော့ စနစ်ဆိုး တစ်ခုရဲ့ အောက်မှာ မွန်းကြပ် နစ်မြုပ်ပြီးတော့ နှစ်ပေါင်းများစွာ ဒုက္ခရောက်ပြီးတော့ ကမ္ဘာအလယ် ကိုယ်ရဲ့ အိမ်နီးနားချင်းတွေ အလယ်မှာ မျက်နှာ မဖော်ဝံ့ရအောင် ဆင်းရဲ အောက်တန်း ကျတယ် ဖြစ်နေရတဲ့ အနေအထားက လွတ်မြောက်ဖို့အတွက်ကလည်း လူငယ်လူလတ်တွေမှာတာဝန်ရှိတယ်။ တရားခံလို့ ပြောရရင် စနစ်ပေါ့ဗျာ။ စနစ်မကောင်း၊ ခေါင်းဆောင်မကောင်း၊ အုပ်ချုပ်မှု မကောင်းတဲ့အတွက်ကြောင့် အရာရာမှာ ယိုယွင်းပျတ်စီးပြီးတော့ တိုင်းသူပြည်သားတွေလိုလားတဲ့ စစ်မှန်လုံခြုံတည်ငြိမ် ငြိမ်းချမ်းတဲ့ ဘ၀မရပဲနဲ့ အရာရာကို ကြောက်လှန့် ကြောက်ရွံ့နေရတဲ့ ဘ၀မျိုးကိုရပြီးတော့ တဖြည်းဖြည်း ဆင်းရဲနွမ်းပါးတဲ့ ဘ၀မျိုးကို ရောက်လာတာ။

မေး။ စနစ်ပြောင်းဖို့ ကြိုးစားရာမှ အကိုကရော ဘယ်လိုနည်းလမ်းမျိုးနဲ့ လုပ်ဆောင်ချင်တာပါလဲ။

ဖြေ။ ။ စနစ်ပြောင်းဖို့အတွက် ဘယ်လိုကြိုးစားရမလဲ၊ နည်းမျိုးစုံ ကြိုးစားကြတယ်၊ သူနည်းသူ့ဟန်နဲ့ပေါ့ အချို့ကလည်း အကြမ်းဖက်တာ ရှိတယ်။ အချို့ကလည်းအနုနည်း အချို့ကလည်း နိုင်ငံရေးနည်းနဲ့ စသည့်ဖြင့်ပေါ ကျွန်တော်တို့က နိုင်ငံရေးနည်းနဲ့ပေါ့ သိမ်သိမ်မွေ့မွေ့ အတတ်နိုင်ဆုံး သွေးထွက်သံယိုမှု မရှိစေပဲ ပြုပြင် ပြောင်းလဲရေးဖြစ်စေမဲ့ နည်းလမ်းမျိုးနဲ့ လုပ်ချင်စိတ် ရှိခဲ့မယ်။ နောက်ဆုံး စဉ်စားမိတာတော့ လက်ရှိ နိုင်ငံရေး ရပ်ဝန်းထဲမှာ ရှိတဲ့ ခေါင်းဆောင်တွေအကြောင်း လိုက်လေ့လာတဲ့အခါမှာ ကျွန်တော်တို့ တပ်မတော်ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်းတွေ သူရဲ့အကြောင်းတွေအကုန်လုံးဖတ်ရပါတယ်။ ဖတ်ရတော့ ကျွန်တော်နောက်ဆုံး ဆုံးဖြတ်လိုက်တာက ကျွန်တော်တို့ နိုင်ငံအနာဂတ် တိုင်းသူပြည်သားရဲအနာဂတ် နောက်ဆုံးကျွန်တော်တို့ တပ်မတော်သား ၀န်ထမ်းအားလုံးရဲ့အနာဂတ်ဖြောင့်မတ်မှန်ကန်ကောင်းမွန်ဖို့အတွက် တည်ငြိမ်အေးချမ်းမူကို ဒေါ်အောင်ဆန်းစုကြည်ကပဲ ပြင်ဆင်ပေးနိုင်လိမ့်မယ်လို့ ဦးဆောင်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

မေး။ ။ အခု တိုင်းရင်းသားတွေနဲ့ နိုင်ငံတော်အစိုးရ အပစ်ခတ်ရပ်ဆဲရေး ညှိနိုင်း လက်မှတ် ရေးထိုးလာကြတဲ့ အပေါ်ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ တီဗီမှာ ချင်း တပ်ဦးအဖွဲ့တို့ ကရင်အဖွဲ့တို့ စသည်ဖြင့် အားလုံးနဲ့ ငြိမ်းချမ်းရေး သဘောတူဆွေးနွေးမူ လုပ်ကြတယ် လက်မှတ်တွေ ထိုးကြတယ်။ အဲဒီအပေါ်မှာ တကယ် ကြက်သီးဖျန်းဖျန်းထတဲ့အထိ ၀မ်းသာပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော် တပ်မတော်ထဲမှာ ရှိစဉ် အခါကတည်းက ကျွန်တော မကြိုက်ဆုံး မနှစ်သက်ဆုံး မဖြစ်ဆုံးအလုပ်က တိုင်းရင်းသား အချင်းချင်း စစ်ခင်းရတဲ့ အလုပ်ပဲ။ ကိုယ့်ဆွေမျိုး သားချင်းတွေကြည့်ပဲ ရန်ကုန်မှာ ဘယ်နေရာဘယ်ဒေသကို သွားသွား တိုင်းရင်းသားမျိုးစုံ မြန်မာနိုင်ငံအနှံအပြားမှာ ညီကိုယ်သားချင်းတွေ ကြည့်ပါပဲ။ ကျွန်တော်တို့က ရန်သူတွေ မဟုတ်ပါဘူး အဲတော့ ဘယ်နိုင်ငံကိုပဲ သွားသွား ကချင်ပဲဖြစ်ဖြစ် ကရင်ပဲဖြစ်ဖြစ် ဗမာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ဘယ်နေရာကိုပဲသွားသွား မြန်မာဆိုတဲ့လူမျိုးပဲ ရှိတယ်။ ကျွန်တော်တို့ဟာ မြန်မာဆိုတဲ့ လူမျိုး တစ်မျိုးထဲပါပဲ အခြေအနေ အချိန်အခါနဲ့ ဘာသာ စကား ကိုယ်ကွယ်ရာဓလေ့ စသဖြင့်သာ ရှေးရိုး အစဉ် အဆက် ခံယူခဲ့တဲ့ သဘောကြောင့်သာ ဘာတိုင်းရင်းသား ဆိုပြီးကွဲပြားတာ အားလုံးက ကျွန်တော့်တို့ မြန်မာပါပဲ၊ အဲတော့ ကိုယ့်မြန်မာ တိုင်းရင်းသား အချင်းချင်း စစ်ခင်းနေခြင်း အားဖြင့် ရာစုနှစ် တစ်ဝက်လောက်ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြီးတာရှည် နေခြင်းအားဖြင့် ဘယ်လို ရလဒ်တွေ ဘယ်လိုဆိုးကြိုးတွေရခဲ့ပြီ ဆိုတာ ယနေ့ ဆင်းရဲ နွမ်းပါးပြီးတော့ အောက်တန်းကျနေတဲ့ ကမ္ဘာနိုင်ငံသား ဘ၀ကို ကြည့်ပြီး ကျွန်တော်တို့ သံဝေဂ ရပါပြီ ၊ အတော့ ဒီလို အခြေအနေက ရုံးထွက်ဖို့် လွတ်မြောက်ဖို့ ကျော်လွန်ဖို့ဆိုတာ ကျွန်တော်တို့ အရင်ဆုံးအ ရေးကြီးတာက တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပြည်တွင်းစစ်တွေ ရပ်ဆဲပြီးတော့ ငြိမ်းချမ်းရေး စစ်စစ် မှန်မှန် ပေါ်ထွန်းဖို့ပါပဲ။ ပြည်တွင်းစစ် လျော့နည်းမှ ဒေသတွေ ဖွံ့ဖြိုးမယ်၊ တိုးတက်မူတွေလုပ်လာနိုင်မယ်၊ တိုင်းပြည် အတွက် အဟန့်အထားတွေ အကြမ်းဖက် လုပ်ရပ်တွေ လျော့ပါး ပျောက်ကွယ်သွားမယ်။ ကျွန်တော် အမျှော်လင့်ဆုံး ကိစ္စဖြစ်တဲ့အတွက်ကြောင့် လက်မှတ် ထိုးလာတဲ့ တိုင်းရင်းသား ညီညွတ်မူတွေဖြစ်လာတဲ့အတွက် ဆက်ပြီးတော့ တည်ဆောက်ပါ။ ထာဝရငြိမ်းချမ်းရေးအတွက် ထပ်ပြီးတော့ ရည်စူးပါ။ ပြည်ထောင်စု တပ်မတော် တစ်ခုထဲပြီးတော့ လက်နှက်ကိုင် သီးခြားဆိုတဲ့ အဖွဲ့တွေ မရှိတော့ဘဲနဲ့ အားလုံး တက်ညီလက်ညီနဲ့ ဘယ်လူမျိုးပဲဖြစ်ဖြစ် ကချင်ပဲဖြစ်ဖြစ် ကရင်ပဲဖြစ်ဖြစ် သူတို့မှာ အဓိက တာဝန်ရှိတာက မြန်မာနိုင်ငံ ပရ၀ုဏ်ကြီး တစ်ခုလုံးကို ကာကွယ်ဖို့ တစ်ခုပဲ တာဝန် ရှိစေရမယ်။ ဘယ်လူမျိုးကမှာ ဘယ်လူမျိုးကို ဖိနှိပ်ညှင်းဆဲတာ မရှိပဲနဲ့ အားလုံး လက်ရည် တစ်ပြေးညီ တစ်တန်းတစ်စားထဲ သာတူညီမျှမူရှိစွာနဲ့ အမိ နိုင်ငံတော်ကြီး ဖွံ့ဖြိုး တိုးတက်ဖို့ နိုင်ငံတွေခြားထဲမှာ မျက်နှာငယ်ရတဲ့ဘ၀ကနေ ရုန်းထွက်ဖို့ နောက်ဆုံး ကမ္ဘာကြီးကို ကာကွယ်ဖို့အထိ ရည်မှန်းချက် ကြီးကြီးနဲ့ ကျွန်တော်တို့ အားလုံး ညီညွတ်ဖို့ ဒီနေ့ အချိန်ထိ လက်မှတ် ထိုးထားတာတွေက အင်မတန် ကောင်းတဲ့ အခွင့် အလမ်းလို့ ကျွန်တော်ထင်ပါတယ်။

မေး။ ။ ဒီမိုကရေစီနိုင်ငံဖြစ်လာလိမ့်မယ်လို့ရော အကိုအနေနဲ့ ထင်ပါသလား ?

ဖြေ။ ။ လွတ်လပ်တဲ့နိုင်ငံတော်ဆိုပြီးတော့ အကြီးအကျယ်တော့ မပြောတက်ဘူး။ ကျွန်တော်သိတာတော့ ဗိုလ်ချုပ် ပြောသလို့ပေါ့ဗျ အကျင့်တွေ ပြင်ရမယ်ပေါ့။ ဗိုလ်ချုပ်ပြောခဲ့တာတော့ “သောက်ကျင့်”ပေါ့။ “သောက်ကျင့်” ဆိုတာက ပြောင်းပြန်ပြန်လိုက်ရင် “ဆင့်ကြောက်”ပေါ့အဆင့်ဆင့်ကြောက်နေရတဲ့ဘ၀ထဲက ရုန်းထွက်ပြီးတော့ ခေါက်ရိုးကျိုးနေနတဲ့ “စောက်ကျင့်”တွေပြင်လိုက်ရင်အဲတော့မကြာခင် ကျွန်တော်တို့ ဒီမိုကရေစီလမ်းစကို ခြေချနိုင်လိမ့်မယ်လိုထင်ပါတယ်။ အကျင့်တွေကိုပြင်ပြီးတော့မှ စည်းကမ်းရှိသော လူအခွင့်ရေးစံနူန်းတွေကို နားလည်သော ခေတ်စနစ်နဲ့အချိန်အခါပတ်ဝန်းကျင် နိုင်ငံတွေရဲ့ဒေသစံနူန်းတွေနဲ့ လျောညီစွာ ကျင့်နိုင်နေနိုင်ထိုင်နိုင်သော နိုင်ငံသားကောင်းတွေဖြစ်အောင်လို့ ကိုယ်စီကိုယ်စီ ကျင့်ကျန်ပြီးတော့ အစိုးရကလည်း တရားဥပဒေစိုးမိုးရေးစနစ်ကို ဒီမိုကရေစီစံနူန်းနဲ့ ညီအောင် နေထိုင်မယ် တည်ဆောက်မယ် အစိုးရကလည်း အပြန်အလှန် စောင့်ကြည့် ဖေးမတဲ့ သဘောနဲ့ အုပ်ချုပ်သွားမယ် ဆိုရင် တိုင်းသူပြည်သားကလည်း ကိုယ်စီ ကိုယ်စီ လက်ရှိ ပျက်ယွင်းနေတဲ့ စိတ်ဓာတ်တွေ စရိုတ်တွေ ပြင်ဆင်ပြီးတော့ပေါ့။ အဆိုးတွေကို စွန့်ပယ်ခဲ့ ကောင်းတာတွေကို ကောင်းတာထက် ကောင်းအောင် ပြင်ဆင်ပြီးတော့ အားလုံး
ညီညီ ညွတ်ညွတ်နဲ့ စည်းကမ်း လိုက်နာပြီးတော့ ဥပဒေ စိုးမိုးမူ တည်ဆောက် အကောင်အထည် ဖော်သွားမယ် ဆိုရင် ဒီမိုကရေစီလမ်းကို လှေခါးထစ် နှစ်ခုလောက် တက်နိုင်မယ် ထင်ပါတယ်။

မေး။ ။ ကျန်နေတဲ့ အကျဉ်းသားတွေအတွက် ဘာတွေဆက်လုပ်ဖို့အစဉ်စီတွေရှိပါသလဲ၊

ဖြေ။ ။ နောက်ဆက်တွဲ အခြားအမှုတွေနဲ့ ကျန်ခဲ့တဲ့ အမူတွဲတွေ ကျန်သေးတာပေါ့ တချို့ ဆေးမှုနဲ့ စွပ်စွဲတာ ကျန်သေးတယ်ပေါ့။ ဒါပေမယ့် ကျွန်တော်က သူတို့အတွက်ချည်းပဲ မဟုတ်ပါဘူး။ ထောင်ထဲမှာရှိနေသော
အကျဉ်းသူအကျဉ်းသား အားလုံးအတွက် ကျွန်တော်ပြောရမယ် ဆိုရင် ကျွန်တော် အကျဉ်းသား တော်တော်များများ လိုက်မေးကြည့်ပါတယ်။ သူတို့ဖြစ်စဉ်တွေ ပြစ်မူတွေ အပြစ်ဒဏ် ကျွန်တော် လိုက်မေးကြည့်ပါတယ်။ ကျွန်တော်လည်း
ဥပဒေ သင်တန်း တွေတက်ခဲ့ဘူးတယ် ဆိုတော့ လိုက်မေးကြည့်ပါတယ် လိုက်မေးကြည့်တဲ့ အခါကြတော့ များသောအားဖြင့်ဟာ သုံးပုံတစ်ပုံ သို့မဟုတ် လေးပုံတစ်ပုံလောက်ဟာ အပြစ် မရှိတဲ့လူတွေ ဖြစ်နေတယ် ဆိုတာ တွေ့ရပါတယ်။

မေး။ ဘယ်လို အပြစ်မရှိတာပါလဲ။

ဖြေ။ အထူးသဖြင့် ရဲက စီမံ့ချက်တော့ အမှုလိုလို့ ဆွဲထဲတာမျိုး၊ အချို့က မအူမလည်နဲ့ ဘယ်လိုပုဒ်မနဲ့ ဘယ်လိုဆွဲပြီးတော့ ဘယ်လို ချလိုက်မှန်းတောင်မ သိလိုက်တဲ့လူမျိုး အဲလိုမျိုး တွေတွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံက ပညာ
အရည်အချင်း အင်မတန်နိမ့်တဲ့အတွက်ကြောင့်မလို့ စဉ်းစားဆင်ခြင်နိုင်မူ လေ့လာသုံးသပ်နိုင်မူအားနည်းတယ်။ အဲတော့ တရားဥပဒေဆိုတာလည်းဘာမှန်းမသိဘူး။ သူကိုဖမ်းသွားတဲ့ ရဲကရဲအစစ်လားအတုလားလည်းမသိဘူး။
အဲတော့ထောင်ထဲရောက်လာတဲ့သူမျိုးဟာ အပြစ်မရှိတဲ့လူမျိုး ဖြစ်ပါတယ်။

အားလုံးစီစစ်ပြီးတော့ ပြောရမယ်ဆိုရင် လက်ရှိ ထောင်ထဲမှ ကျန်ရစ်ခဲ့သောသူများ အတွက် တရားဥပဒေ စီရင်ရေးစနစ်ဟောင်း အုပ်ချုပ်ရေးစနစ်ဟောင်း ထဲ
ကျခံခဲ့ရတဲ့ ပြစ်မူအားလုံးကို အကုန်လုံးကို ပြန်လှန စီစစ်ပြီးတော့ ဖော်ထုတ်ပြီးတော့ ပြန် စ်ီစစ်သင့်ပါတယ်။ အချို့တွေဟာ များသောအားဖြင့်ဟာ သေချာတာကတော့ တိုင်းပြည်ရဲ့ ပြည်သူ လူထုကို ဆိုးကျိုးဖြစ်မယ့် လူမျိုး မဟုတ်ဘူး
ိုတာကို ကျွန်တော် ရဲရဲကြီး အာမခံရဲပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ခေတ်ပြောင်း စနစ်ပြောင်းသွားပါပြီ။

အဲတော့ ပြောကြပါတယ် ထောင်ထဲမှာရှိတဲ့ ခိုး၊ ဆိုး၊ နှိုက်၊ လူသတ် ပုဒ်မနဲ့ကျနေတယ် ဆိုပေမယ့် အကုန်လုံးဟာ ခိုး၊ ဆိုး၊ နှိုက်၊ လူသတ်တွေ မဟုတ်ပါဘူး၊ အဲလိုဖြစ်ရခြင်း အကြောင်း အရင်းကိုလည်း စီစီစစ်စစ် သင်ခန်းစာ ဖော်ထုတ်ရေး လုပ်ရပါ့မယ်။ စစ်စကား ဆိုရင် “စစ်ရေး သုံးသပ်ချက်” လုပ်ရပါ့မယ်။ ဘာလို့ အဲလိုဘ၀ ရောက်ရတာလဲ၊
တိုင်းပြည် ဆင်းရဲလို့ ဘာကြောင့် ဆင်းရဲခဲ့လဲ၊ အုပ်ချုပ်ရေးစနစ် ပျက်ယွင်းခဲ့လို့ ဂျာအေး သူ့မေ ရိုက်သလို့ ၀ိုင်းလည် ပတ်ခြာ လိုက်နေတဲ့အထဲမှာ ပြည်သူလူထုတွေ ခိုး၊ ဆိုး၊ နှိုက်၊ ဖြစ်သွားရတဲ့ ဘ၀ တစ်ခုထဲကို လက်ညိုး ထိုးမနေ ဘဲနဲ့ ဒီလို ခိုး၊ ဆိုး၊ နှိုက်ဖြစ်လာအောင် ဖန်တီးခဲ့တဲ့ အုပ်ချုပ်ရေးစနစ် အားလုံးကို အခင်းအကျင်းတွေကအစ အားလုံးကို ပြုပြင်ပြောင်းလဲမူတွေ လုပ်ပေးပြီးတော့ သူုတို့တွေကို လွတ်ငြိမ်းချမ်းသာခွင့် အကုန်လုံး ချွင်းချက်မရှိ လွတ်ပေးပြီးတော့ ဘ၀သစ် စိတ်သစ်
ဥပဒေသစ် နွေးနွေးထွေးထွေး ကြိုဆိုပြီးတော့ သာယာစည်ပင် ၀ပြောတဲ့ လုံခြုံ အေးချမ်းတဲ့ လူဘောင်ကြီးကို တည်ဆောက်ဖို့အတွက် အမြန်ဆုံး ပြုပြင်ပြောင်းလဲမူတွေ လုပ်ပေးဖို့ လိုတယ်လို့ အားလုံး လွတ်ပေးပါ လို့ ပြောချင်တယ်။

မေး။ ။ ခုလို ပြည့်ပြည့်စုံစုံနဲ့ လွတ်လပ်လပ်ဖြေပေးတဲ့အကို့ကို ကျေးဇူးတင်ပါတယ်။

ဖြေ။ ။ ကျနော်ကလည်း သတင်းမီဒီယာတွေ လွတ်လွတ်လပ်လပ် ဖော်ပြခွင့်ရပါစေလို့ ဆုတောင်းပါတယ်။ ဒါမှလည်း ပြည်သူတွေ အဖြစ်မှန် သိကြရမှာပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts