>talk with Sithu Maung

>

ဘူးသီးတောင် ထောင်မှ လွတ်မြောက်ခဲ့သော ဗ.က.သ စည်သူမောင်နှင့်တွေ့ဆုံခြင်း ကျော်ဇင်မန်း(ရွှေမြစ်မခ)
ဇန်န၀ါရီလ ၂၂၊ ၂၀၁၁


တိုက်ခံ ပျဉ်ထောင်နှစ်ထပ်အိမ် ကျဉ်းကျဉ်းကလေးထဲကို ၀င်လိုက်သည်နှင့် အိမ်ရှေ့ခန်းခုံပေါ်တွင် ထိုင်နေသော ကိုစည်သူမောင်ကို တွေ့လိုက်ရသည်။ လက်ထဲတွင် ဂျာနယ်တစ်စောင်ကို ကိုင်ထားပြီး မျက်နှာမှာ မကျေနပ်သည့် အမူအယာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

`ဒီမှာကြည့်ပါအုံးဗျာ။ မသိရင်လည်း ထပ်မေးပေါ့ဗျာ ဒါမှမဟုတ်လည်း သိတဲ့သူကို မေးပေါ့။ အခုတော့ အဓိပ္ပယ်တွေ အကုန် လွဲကုန်ပြီ။ တစ်ခုနှစ်ခု မကတော့ဘူး။ ဟိုနေ့ကလဲ တစ်စောင် လူပုံနဲ့ နာမည်တွေနဲ့ မှားထည့်ထားကြတယ်´ ဟု သူက ပြောသည်။

ကိုစည်သူမောင် ဆိုသည်မှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် အရေးခင်းတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ခြင်းကြောင့် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံထားခဲ့ရပြီး ထောင်ဒဏ် (၁၁)နှစ်ခွဲ ချထားခြင်း ခံခဲ့ရသူ အသက်(၂၄) နှစ် အရွယ် လူငယ်တစ်ဦး ဖြစ်ပါသည်။

ထိုသို့ အကျဉ်းချထားခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် ကြေငြာလိုက်သော လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ဘူးသီးတောင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာခဲ့ရသော (ဗ.က.သ) ကျောင်းသား တစ်ဦး ဖြစ်ပါသည်။

ယခု သူစိတ်မကျေမနပ်ဖြစ်နေရခြင်းမှာ ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်တွင် ဗ.က.သ (ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်) ကို ဗ.က.သ (ဗဟို ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်) ဟု မှားယွင်းရေးထား သောကြောင့် ဟု သိရသည်။

လက်ရှိအကျဉ်းထောင်မှပြန်လွတ်ခါစအချိန်တွင် မိတ်ဆွေအသိုင်းအ၀ိုင်းများနှင့် မိဘ ဆွေမျိုးများကို လိုက်လံ နှုတ်ဆက်နေရသည်မို့ မည်သည့် ကိစ္စကိုမှ စတင် မဆောင်ရွက်နိုင်သေးကြောင်း သူက ပြောသည်။

`ပြန်ရောက်ထဲက မအိပ်ရသေးဘူး။ သုံးရက်ရှိနေပြီ။ ဒီနေ့တော့ အရမ်းပင်ပန်းနေလို့ ဘယ်မှ မထွက်ဘဲနဲ့ အိမ်ထဲမှာပဲ နေနေတာ´ ဟု သူက ရယ်လျက်ပြောသည်။

သူသည် စီးပွားရေး တက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးဖြစ်ခြင်းကြောင့် သူ၏ ပထမဆုံး လုပ်ရမည့်အလုပ်မှာ ပညာရေးပင် ဖြစ်ကြောင်း သူက ပြောသည်။

`လက်ရှိ ကျောင်းပြန်တက်ရအုံးမယ် လူငယ်ကျောင်းသား တစ်ယောက် ဖြစ်တဲ့ အတွက်ကြောင့်။ ကျောင်းကတော့ စီးပွားရေး တက္ကသိုလ်မှာ တက်တယ်။ ရွာသာကြီးမှာပေါ့။ နောက်ဆုံးနှစ်နဲ့ ကျောင်းနားထားရတယ်လေ။

အခုပြန်လွတ်လာတော့ ကျောင်းကတော့ ပြန်တက်အုံးမှာပါ။ ကျောင်းပြန်တက်ဖို့အတွက် ကျွန်တော် ကျောင်းကိုသွားမယ်။ ပြီးတော့ လျှောက်လွှာ တင်မယ်။ အဲလို စီစဉ်ထားပါတယ်။ တက်ခွင့်ပြန်ရဖို့လဲ မျှော်လင့်ပါတယ်´ လို့ သူက ပြောပြတယ်။

ပညာရေးကို လုပ်ရင်းနှင့် သူဖြစ်ချင်နေသော အကြောင်းအရာများကို သူ၏ရှေ့က နောင်တော် အကိုကြီးများနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သူက ဆက်၍ ပြောပြသည်။

`ကျောင်းသားသမဂ္ဂတွေ တရားဝင် ပေါ်ထွန်းလာဖို့ လိုအပ်တယ်။ အဲဒီ့အတွက်ကြောင့် တရားဝင် ပေါ်ထွန်းလာရေးအတွက်ကို ကျွန်တော်တို့ ကြိုးပမ်း ဆောင်ရွက်သွားဖို့ ရှိတယ်။ ကျွန်တော်တို့ဟာ ၈၈ မျိုးဆက် ကျောင်းသားတွေဖြစ်တဲ့ ဦးမင်းကိုနိုင်တို့ ကိုကိုကြီးတို့ ကိုဌေးကြွယ်တို့ ဒီပုဂ္ဂိုလ်တွေဆီက နောင်တော်ကျောင်းသားတွေဆီက ဒီကျောင်းသားသမဂ္ဂရဲ့ စိတ်ဓာတ် အစဉ်အလာ စိတ်ဓာတ် အမွေကို ကျွန်တော်တို့ ရခဲ့သလိုပဲ နောင်လာမယ့် မျိုးဆက်သစ်တွေကို ဒီစိတ်ဓာတ်တွေကို လက်ဆင့် ကမ်းသွားပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ အဲဒီ့အတွက်ကြောင့် ဒီကိစ္စကိုလည်း ကျွန်တော်တို့ ဆက်ပြီး ကြိုးစားသွားမှာပါ´လို့ စိတ်အား ထက်သန်စွာ ပြောပြခဲ့ပါတယ်။

အကျဉ်းထောင်အတွင်း နေခဲ့သည့် ကာလတစ်လျှောက်လုံး စိတ်ဓာတ်မကျခဲ့ပဲ သူ၏ အချိန်တော်တော်များများအား စာအုပ်များထဲတွင်သာ နှစ်မြုပ်ထားကြောင်း စာပေ ဗဟုသုတများမှာလည်း အရင်ကထက် ပိုးတက်လာကြောင်း ပြောနေပုံက သူ့၏ ပညာရေးအပေါ်တွင် ထားရှိထားသည့် စိတ်ကိုပေါ်လွင်စေသည်။

၎င်း၏အကျဉ်းထောင်အတွင်း နေခဲ့ရသည့်ကာလများတွင် ထောင်အပြောင်းအလဲများနှင့် တွေ့ကြုံခဲ့ရပြီး ထောင်ပိုင်ဆိုးအချို့နှင့်လည်း တွေ့ဆုံခဲ့ရကြောင်း၊ ဖိနှိပ် ချုပ်ခြယ်မှုများနှင့်လည်း ကြုံတွေ့ခဲ့ရကြောင်း အခက်အခဲ များစွာနှင့်လည်း ကြုံတွေ့ခဲ့ရကြောင်း ပြောပြသည်။

`တွေ့ခဲ့ရတာတွေကတော့ တော်တော် ဆိုးဆိုးပဲဗျ။ ဘူးသီးတောင် အကျဉ်းထောင်မှာ တစ်ခု ထူးခြားတာက နေခဲ့ရတဲ့ တစ်နှစ်မှာပေါ့နော်။ ထောင်ပိုင်ဆိုး တစ်ယောက်နဲ့ ကြုံခဲ့ရတယ်။ ဦးစိန်ထွန်းဆိုတဲ့ ထောင်ပိုင်ဆိုး။ အဲဒီ့ ပုဂ္ဂိုလ်နဲ့တော့ တော်တော်လေး ဖိနှိပ်မှုတွေခံစားခဲ့ရတယ်။ ပြီးတော့ တစ်ခြား အခက်အခဲတွေလည်း ရှိတာပေါ့´ဟု ကိုစည်သူမောင်က ခေါင်းတစ်ငြိမ့်ငြိမ့်နှင့် ပြောပြခဲ့သည်။

ဘူးသီးထောင် အကျဉ်းထောင်တွင်း အတူတူရှိနေခဲ့သည် (၁၀)ဦးထဲမှ ကိုးဦးလွတ်မြောက်ပြီး တစ်ဦးကျန်ရှိ နေခဲ့သေးကြောင်းနှင့် ၁၉၉၈ ကျောင်းသား လှုပ်ရှားမှုကြောင့် ကလေးအကျဉ်းထောင်တွင် အကျဉ်းချထားခြင်း ခံထားရသော (ဗ.က.သ) ကျောင်းသား အဖွဲ့ဝင် ကိုအေးအောင် ဆိုသူလည်း ပြန်လည် လွတ်မြောက်ခြင်း မရှိသေးကြောင်း ကိုစည်သူမောင်က ပြောသည်။

`ကျနေသေးတဲ့အကျဉ်းသားတွေလည်းရှိနေသေးတယ်။ အကိုအေးအောင်ဆိုရင် ထောင်(၅၄)နှစ်ကျထားခံနေရတာ။ အမှန်တကယ်ဆိုရင် သူတို့ကိုလဲပြန်လွတ်ပေးသင့်တယ်။ သူတို့ ကျန်နေသေးတဲ့အတွက် စိတ်မကောင်းဘူး´ဟု ကိုစည်သူမောင်က ပြောသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ရရှိရန် ပြုပြင်ပြောင်းလဲမှုများ လုပ်ရဦးမည်ဖြစ်ပြီး ဖြည်းဖြည်းခြင်း ပြောင်းလဲလာသည်ထက် လက်ရှိအချိန်တွင် လုပ်ပေးသင့် လုပ်ပေးထိုက်သည့် အပြောင်းအလဲများအား အမြန်ဆုံး လုပ်ပေးစေချင်ကြောင်း ပြောသည်။

`ကျွန်တော်တို့နိုင်ငံမှာ ပြုပြင် ပြောင်းလဲမှု လုပ်ရမှာတွေက အများကြီး ရှိနေတယ်။ အဲဒီ့မှာ တဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲမှု လုပ်သွားရမယ့်အရာတွေ ရှိသလို အဓိကကျတဲ့ ချက်ခြင်း ပြောင်းလဲလို့ရတဲ့ အရာတွေလဲ ရှိပါတယ်။ ဥပမာ တစ်ခုအနေနဲ့ ပြောမယ် ဆိုရင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား ပြန်လွှတ်ပေးဖို့ လိုအပ်တယ်။ နောက်တစ်ခုက လူတန်းစား အလွှာ အဖွဲ့အစည်း အသီးသီးကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ တရားဝင် ခွင့်ပြုပေးဖို့ အတွက်။ ဒါတွေဟာ ချက်ခြင်းလုပ်ဆောင်လို့ရတဲ့ ကိစ္စတွေပါ။ အဲဒါတွေကို ကျွန်တော်ပြောချင်ပါတယ်´ဟု ကိုစည်သူမောင်က ပြောသည်။

ဒီကနေ့ခေတ် လူငယ်များကိုလည်း ပြောင်းလဲနေသော လမ်းကြောင်းပေါ်တွင် အတူတူ လိုက်ပါဆောင်ရွက်ကြရန်နှင့် အကြောက်တရားများ မရှိစေရန် ကိုစည်သူမောင်က ပြောသည်။

` လူငယ်တွေကို ပြောချင်တာက အခု မြန်မာပြည်နိုင်ငံရေးဟာ ပြောင်းလဲနေပါပြီ။ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကိုလည်း အတူတူ သွားဖို့ ကြိုးစားနေပါပြီ။ အဲဒီ့အတွက်ကြောင့် အားလုံးဟာ ဒီနိုင်ငံရေးမှာ ပါဝင်လို့ ရပါတယ်။ အရင်တုန်းကလို ကြောက်မနေကြတော့ပါနဲ့။ ကျွန်တော်တို့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် အားလုံး လက်တွဲ ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။ အားလုံး ပါဝင်ကြပါလို့ ပြောချင်ပါတယ်´ဟု ကိုစည်သူမောင်က လူငယ်များကို တိုက်တွန်း ပြောကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts