>New Regime announed 4th Anmesty in Burma

>

နိုင်ငံတော်သမ္မတဦးသိန်းစိန် စတုတ္ထအကြိမ် လွတ်ငြိမ်းခွင့်ကြေညာပြန်
မိုးမခအထောက်တော်၊ရန်ကုန်။ ဇန်န၀ါရီ ၁၂၊ ၂၀၁၂
အရပ်သား အစိုးရဟု အမည်ခံထားသည့် ကြံ့ဖွံ့အစိုးရဦးသိန်းစိန်၏
အစိုးရသက်တမ်း ၈ လအတွင်း စတုတ္ထအကြိမ်မြောက် အကျဉ်းသား ၆၅၁ ဦးပါဝင်သည့်
လွတ်ငြိမ်းချမ်းသာခွင့်ကို ယနေ့ညနေ ကြေညာလိုက်သည်။
ကြေညာချက်တွင် “နိုင်ငံတော် သမ္မတသည်နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းသာယာရေးကို ဖေါ်ဆောင်ရေးတွက်၎င်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ခွင့်ရရှိနိုင်စေရေးတွက် ၎င်း လူသားချင်းစာနာထောက်ထားမှုကိုအလေးပေးသောအားဖြင့်၎င်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တဖက်တလမ်း အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ပြုပြင်ပြောင်းလဲနိုင်စေရေး အတွက်  ရည်ရွယ်ပြီး အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ အပိုဒ်ခွဲ (၁) အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်”ဟု ပါရှိသည်။
ယခုတကြိမ် ကြေညာသည့်  အကျဉ်းသား၊အကျဉ်းသူ ၆၅၁ ဦးတွင် နိုင်ငံရေး အကျဉ်းသား သို့မဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများဆိုသည့် အသုံးအနှုန်းမသုံးနှုန်းထားသော်လည်း ယနေ့ညပိုင်း ထွက်ရှိသည့် သတင်းများအရနိုင်ငံရေး အကျဉ်းသား အများစုပါဝင်မည်ဟု မိသားစုဝင်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများကပြောဆိုသည်။
 အန်အယ်ဒီရုံးနှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းမှပြောရာတွင် ရှမ်းပြည်နယ်ထောင်အားလုံးမှ နိုင်ငံရေး အကျဉ်းသားများ ပါရှိမည်ဟု သိရှိရသကဲ့သို့ဇာဂနာ ဖေ့စ်ဘွတ်တွင် မင်းကိုနိုင်၊ ကိုကိုကြီး၊ ဂျင်မီ၊ ဋ္ဌေးကြွယ်၊ နီလာသိန်း၊ ဗိုလ်ချုပ်ခင်ညွန့်၊ဗိုလ်မှူးကြီး စန်းပွင့်တို့ပါရှိသည်ဟု ဖေါ်ပြထားသည်ကိုတွေ့ရသည်။
ယခုလွတ်မြောက်လာမည့် အရေအတွက် ၆၅၁ ဦးတွင်နိုင်ငံရေး အကျဉ်းသားများ၊ ထောက်လှမ်းရေးဟောင်းအချို့နှင့် အကောက်ခွန်ဝန်ထမ်းဟောင်းအချို့ပါဝင်နိုင်သဖြင့် နိုင်ငံရေး အကျဉ်းသားမည်မျှ ပါဝင်မည်ကို အတိအကျ မသိရှိရသေးပေ။
မိသားစုဝင်အချို့မှာ လွတ်လာမည့်သူများအားကြိုဆိုရန် နယ်ထောင်အချို့သို့  သွားရောက်နေသူများရှိသကဲ့သို့ သတင်းမီဒီယာများမှလည်းသတင်းယူရန်အတွက် နယ်ထောင်များသို့ ယနေ့ညပိုင်းတွင်ထွက်ခွာသွားကြပြီဖြစ်သည်။
ကိုမင်းကိုနိုင် အကျဉ်းကျခံနေရသည့်သရက်ထောင်သို့ သတင်းမီဒီယာ အချို့သတင်းယူရန် သွားရောက်နေကြသည်ဟု ကြားသိရသည်။ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေး အဖွဲ့ အေအေပီပီ မှ ပြုစုသည့် စာရင်းများအရ နိုင်ငံရေးအကျဉ်းသား ၁ထောင် ၆ ရာဝန်းကျင်ရှိသည်ဟု ဆိုသော်လည်ပြည်တွင်းမှ နိုင်ငံရေး အကျဉ်းသားစာရင်းပြုစုချက်များအရ ၆၀၀ မှ ၉၀၀ ကျော်အထိ ရှိသည်ကို တွေ့ရသည်။
ယခင်သီတင်းပတ် လွတ်လပ်ရေးနေ့ အကြိုကြေညာသည့်လွတ်ငြိမ်းချမ်းသာခွင့်တွင် အကျဉ်းသား ၆ ထောင်ကျော် လွှတ်ပေးသည့်အနက် နိုင်ငံရေး အကျဉ်းသား၃၀ ကျော်သာပါဝင်သည်ကို တွေ့ရသည်။ ယခုတကြိမ်တွင် နိုင်ငံရေး အကျဉ်းသား ရာနှင့်ချီလွတ်မြောက်လာရန်နိုင်ငံရေး အကျဉ်းသားဟောင်း အသိုင်းအ၀ိုင်းက မျှော်လင့်ထားကြသည်။    ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts