>Mar Mar Aye – 414

>

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၄၁၄)
မာမာအေး
ဇန်န၀ါရီ ၁၁၊ ၂၀၁၂


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – ၂၀၁၂ ခုနှစ်သစ် ရောက်အလာမှာ သီချင်းလက်ဆောင်လေး ဆိုပေးဖြစ်တာနဲ့ဘဲ အလွမ်းဖြေလိုက်ရပါတယ်ရှင်။ ကနေ့အခြေအနေအထိ ကြားရဖတ်ရတာတွေအရ အားလုံးကိုပျော်စေချင်တယ်၊ အောင်မြင်စေချင်တယ်၊ ငြိမ်းချမ်းစေချင်တဲ့ မာအေးရဲ့ မေတ္တာ ဆန္ဒနဲ့ပါရှင်။ အယူတော်မင်္ဂလာအရဆိုရင်လဲ သဘင်သည်စာရင်းဝင်မလေးရဲ့အသံ နိမိတ် နဲ့ ငြိမ်းချမ်းတဲ့ အတိတ်ကေါက်နိုင်အောင်ပေါ့။

ပြောစရာတွေကတော့ တပုံကြီးဘဲရှင့်။ ဒါပေမယ့် ရေဒီယိုဝန်ထမ်း ဖြစ်ခဲ့ဖူးတဲ့ အတိတ်ဘ၀ကြောင့်၊ ဘယ်အချိန် ဘယ်လိုရက်မျိုးမှာ ဘာအကြောင်းကို အသံလွှင့်ပေးရင် သင့်တော်မလဲ လို့ တိုက်ပြီး ပြောချင်တဲ့ အကျင့်ကလေး အထုံပါနေတာနဲ့ သီချင်းဟောင်း သမိုင်းဝင်တပုဒ်ကိုဘဲ ထပ်ထုတ်ရွေးချယ်ထားပါတယ်။

‘သူခိုးရွှေရ တပြပြ’ တဲ့ ရှင့်။ အဲဒါလို ကြားဖူးရဲ့မို့လား။ မာအေးက သူခိုး မဟုတ်ပေမယ့် – တပြပြ – ဆိုတဲ့ တ၀က်နဲ့ကိုက်တော့ ရှေးစကါး ယူသုံးလိုက်တာပါနော်။ မရမ်းခြံ မာအေးတို့ကျောင်းတော်ဆွေ၊ သြစီမှာ နေတဲ့ မရွှေညွန့် ပေးလိုက်တဲ့ MP3 ဓါတ်ပြား တချပ်ထဲမှာ ‘တို့ဗမာ’ သီချင်း မူရင်း ရေးသွားတဲ့ ဂီတစာဆိုကြီး ၀ိုင်အမ်ဘီ သခင်တင် ကိုယ်တိုင် သီဆို ဓါတ်ပြားသွင်းထားတဲ့ “တို့ဗမာ” သီချင်းကို တွေ့နေလို့ပါ။


ဝိုင်အမ်ဘီ သခင်တင် ကိုယ်တိုင် သီဆို ဓါတ်ပြားသွင်းထားတဲ့ “တို့ဗမာ” သီချင်း


ဒီသီချင်းဟာ ဒီနေ့နဲ့ လိုက်မယ်လို့ မာအေးက တွက်တာကိုး။ မနေ့က “မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့” မဟုတ်လား။ ဇန္န၀ါရီလ (၄) ရက် ကျော်သွားတဲ့ (၁) ရက်ပဲ ရှိသေးတာလေ။ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာ ထိပ်ဆုံးက လှုံ့ဆော်တေး၊ နယ်ချဲ့မောင်းဂါထာလို့တောင် နာမည်ပေးထိုက်တဲ့ သီချင်းလေး ဖြစ်ခဲ့တာမို့လို့ပါ။ ‘နိုင်ငံတော်သီချင်း’ အဖြစ် တင်ထားတဲ့ သီချင်းအလိုက်အသွားဟာလဲ ဒီ‘တို့ဗမာ’ သီချင်းထဲက တစိတ်တပိုင်းဖြစ်တဲ့ အကြောင်းတွေကိုလဲ ကြေကြေလည်လည် ပြောပြခဲ့ပြီးသားတွေ ဖြစ်ပါတယ်။ အခု ဂီတဆရာကြီးကိုယ်တိုင်ရဲ့ အသံ၊ သီချင်းအထားအသို၊ တချို့ ကွဲပြားနေတဲ့ စာတွေကိုပါ မူရင်းအတိုင်း ကြားနိုင်ဘို့ အခြေအနေ ရလာတဲ့ အတွက် ‘သူခိုးရွှေရ တပြပြ’ လုပ်ချင်တာပါ။ နားထောင်စမ်းပါ သောတရှင်ရယ်။ သီချင်း ကျေညာတဲ့ လေယူ ဟန်ပန်က အစ တမူထူးခြားလို့ပါရှင်။

* (ကျေညာသူ – ? တို့ဗမာ) ယခု ဆိုမယ့် ၀ိုင်အမ်ဘီ သခင်တင် သီကုံး ရေးသါးသည့် တို့ဗမာသီချင်းဟာ ဗမာတမျိုးသားလုံး၏ ဇာတိသွေး၊ ဇာတိမာန်ကို လှုံ့ဆော်ပေးသည့်အတိုင်း ဗမာတပြည်လုံးက အမျိုးသားသီချင်းကြီးဟု အသိအမှတ်ပြုထားပါသဖြင့် အားလုံး သခင်၊ သခင်မ အပေါင်းတို့ အရိုအသေပေးကါ နားသောတ ဆင်တော်မူပါမည့်အကြောင်း –


တကေါင်းအဘိရာဇာ … တို့ဗမာသာကီမျိုးဟာမို့ … မညှိုးဂုဏ်တေဇာ … များစွာပကြမ်းကြဗိုလ်ပါ၊ တိုက်ခိုက်ကါ အောင်ခဲ့တာ တို့ဗမာ … စိန်မှန်ကင်းစစ်၊ အဖြစ်ကြီးဖြစ်လျက်၊ ထင်းတလှည့်ကြုံရ၊ ထုံးနဲ့ မသွေ … လောကဓမ္မတာပေ၊ ငါတို့ကံခေ … ဖြစ်ရပြန်သလေ၊ သို့သော် အရင်းကိုစစ်လျှင် ဗမာပြေ ငါတို့ … ငါတို့ပြေ xxx


ကြားလိုက်ရပြီမဟုတ်လား ချစ်ဆွေတို့၊ ကျေညာပေးတဲ့အသံ ဟန်ပန်ကိုက မြန်မာပုံအစစ်မှအစစ်လို့ ဗျို့ဟစ်တာမျိုးပါ၊ ဗမာတပြည်လုံးက အမျိုးသား သီချင်းလို့ အသိအမှတ်ပြုထားတဲ့ အတွက် အရိုအသေပေး နားထောင်ပါတဲ့၊ ကိုယ့်ဂီတကို မြတ်နိုး တန်ဖိုးထားရကေါင်းမှန်း မသိတဲ့သူတွေ ပေါ်လာတဲ့ခေတ်နဲပတော့ ကိုက်မယ် မထင်ဘူးပေါ့ရှင်။ လွတ်လပ်ရေးမရခင် – နယ်ချဲ့တော်လှန်ရေးကြီးမှာတော့ ဂီတသမား ဗမာများသာ ရှိကြသေးတာမို့ ဗမာသံ ဗမာစကါး ကြွားဝင့်ပေလိမ့်မယ်ပေါ့။ ကဲပါလေ စာသား မတူတာ တနေရာ ကြားလိုက်ရလို့ သောတရှင်တို့ကို ပြောပြရင်း၊ အကူအညီတောင်းချင်တဲ့ဖက် ဆက်ပါ့မယ်ရှင်။

မာအေး ဟိုတုန်းက မှတ်ထားခဲ့တာ၊ ကြားထားခဲ့တာနဲ့ စာသား မတူတဲ့ နေရာဟာ ခြေဆင်းမှာ ပါနေပါတယ်ရှင်။ “တကေါင်းအဘိရာဇာ … တို့ဗမာသာကီမျိုးဟာမို့ … မညှိုးဂုဏ်တေဇာ” အဲဒီကပြီးရင် ရုပ်ရှင်မင်းသား သုမောင် ဆိုတဲ့မူမှာကျတော့ “ယိုးဒယားနဲ့ ကုလားကိုပါ တိုက်ခိုက်ကါ အောင်ခဲ့တာ” အဲဒီလို ဆိုထားပါတယ်။ အဲဒီသီချင်းကို တို့ဗမာ အစည်းအရုံးဝင် သခင် သခင်မကြီးတွေ စုရုံး အခွေတခွေ မှတ်တမ်းတင် ထုတ်တုန်းက ဆိုထားတဲ့မူ ဖြစ်ပါတယ်။

ဆိုကရေးတီး ပြိုင်ပွဲကြီးမှာ အဆိုပြိုင်ဖို့အတွက် “တို့ဗမာ” သီချင်းကို ရွေးတဲ့အခါက၊ စံမူအတွက် ဂီတလုင် မောင်ကိုကို ဆိုပေးခဲ့တဲ့ အခါမှာကျတော့ “တိုင်းတပါးနဲ့နယ်ချဲ့ကိုသာ – တိုက်ခိုက်ကါ အောင်ခဲ့တာ” လို့ ကြားခဲ့ရပါတယ်။ အဲဒီအချိန်က မာအေးလဲ ဒိုင်လုပ်ပေးနေတာကြောင့် ကြားဖူးခဲ့တာပါဘဲ။ မာအေးဆီမှာ လာပြီး သီချင်းသင်တဲ့ လူငယ်တွေကို “သုမောင်ဆိုတဲ့မူနဲ့ သင်ပေးခဲ့ပါတယ်” သခင် သခင်မကြီးတွေ စုပြီး ဆုံးဖြတ်ခဲ့လို့ဖြစ်ပါတယ်။

အခု သခင်တင်ရဲ့ မူရင်းကို တွေ့ရပါပြီ။ သူ့ကိုယ်ပိုင် သီချင်း သူဆိုတာ အမှန်ဆုံး ယူရတော့မှာပေါ့ရှင်။ မဟုတ်ဖူးလား။ အမှန်ကို မှတ်တမ်းပြုပါမယ် ဆိုကါမှ – ဆရာသခင်တင် ဘာဆိုလိုက်တာလဲ မသဲကွဲဘူးဖြစ်နေလို့ပါရှင်တို့ရယ်။ ခုန မာအေးပြောခဲ့တဲ့ သုမောင်နဲ့ရော၊ မောင်ကိုကိုနဲ့ရော – မတူဘူးရှင့်၊ “များစွာပ” ရဲ့ နောက်စာဟာ “ကြိုက်ကြဘို့ပါ” လား “ကြမ်းကြဗိုလ်ပါ” လား၊ “တိုက်ကြဗိုလ်ပါ” လား – မကွဲပြားဘူး၊ မကြည်လင်ဘူး ဖြစ်နေလို့ပါ။ တခါ နားထောင်ကြည့်ပါဦး။

* (တို့ဗမာ – ခြေဆင်း) တကေါင်းအဘိရာဇာ … တို့ဗမာသာကီမျိုးဟာမို့ … မညှိုးဂုဏ်တေဇာ … များစွာပကြမ်းကြဗိုလ်ပါ၊ တိုက်ခိုက်ကါ အောင်ခဲ့တာ တို့ဗမာ … xxx

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts