>အမေရိကန်သမ္မတလောင်းရွေးပွဲများ ပြည်နယ်အနှံ့တွင် စတင်ပြီ

>

အမေရိကန်သမ္မတလောင်းရွေးပွဲများပြည်နယ်အနှံ့တွင် စတင်ပြီ
နိုင်ငံတကာသာဂိ၊ဇန်န၀ါရီ ၁၁၊ ၂၀၁၁
၂၀၁၂ နိုဝင်ဘာမှာ ကျင်းပမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲအကြို ပြိုင်ဖက်ပါတီရဲ့ သမ္မတလောင်းရွေးချယ်ပွဲများကိုဒီနှစ် ဇန်န၀ါရီလဆန်းကတည်းက စတင်ပြီ ဖြစ်ပါတယ်။ အမတ်တွေကနေတဆင့် အစိုးရဖွဲ့တာ၊သမ္မတရွေးတာမဟုတ်တဲ့ အမေရိကန်ရဲ့ အခြေခံဥပဒေအရ ပြည်သူတွေက တိုက်ရိုက်မဲစနစ်နဲ့သမ္မတကို ရွေးပါတယ်။ သမ္မတက သူ့အစိုးရအဖွဲ့ကို သီးခြားခန့်အပ်ပါတယ်။ ဒါကြောင့်သမ္မတရွေးကောက်ပွဲဟာ အမေရိကန်ပြည်သူတွေအတွက် အရေးကြီးတဲ့ပွဲ ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ယခုနှစ်ဆန်းကတည်းက လက်ရှိအာဏာရသမ္မတကို ပြိုင်အရွေးခံဖို့အတိုက်အခံပါတီ ရီပတ်ဘလစ်ကန်ပါတီက သူတို့ပါတီရဲ့ သမ္မတလောင်းရွေးကောက်ပွဲကိုပြည်နယ်အနှံ့မှာ စတင်နေပြီ ဖြစ်ပါတယ်။
၂၀၀၈မှာ ပထမဦးဆုံးသက်တမ်းအဖြစ်သမ္မတဖြစ်လာတဲ့ ဒီမိုကရက်ပါတီက အိုဘားမားကို သက်တမ်းတခုတည်းသာခံတဲ့အရှုံးသမားသမ္မတဖြစ်စေရမယ်ဆိုပြီး ၀င်အရွေးခံမယ့် ရီပတ်ဘလစ်ကန်သမ္မတလောင်း ၆ဦးကိုယ်တိုင်ကလည်း အချင်းချင်းကြားထဲမှာ အနိုင်မခံ အသားမပေးနိုင်၊ တဦးကိုတဦး ဝေဖန် တိုက်ခိုက်မှုတွေ ပြင်းထန်လှတာကြောင့် ဒီ ၂၀၁၂ ရွေးကောက်ပွဲဟာအတော်ကို ကြည့်ကောင်းမယ့် ပွဲဖြစ်မယ်လို့ စောင့်ကြည့်သူတွေကဟောကိန်းထုတ်နေပါတယ်။ အချင်းချင်းတွေ ချနေကြတာအပြင် လက်ရှိသမ္မတကိုပါလှမ်းလှမ်းပြီး ခွပ်ကြရတာမို့ သတင်းစာဖတ်သူများ၊ ရုပ်သံကြည့်သူများကတော့အကြိုက်တွေ့ကြတယ်လို့ ပြောပါတယ်။
သည် ၂၀၁၂အကြိုရွေးကောက်ပွဲကာလမှာကတည်းက ထူးခြားချက်တခုကတော့ လက်ရှိသမ္မတလက်ထက်ဥပဒေပြုပေးချက်တခုကတော့ ရွေးကောက်ပွဲတွေမှာ ပြည်သူတွေကို မဲဆွယ်ခွင့်အားပြိုင်ပွဲဝင်သူ ပါတီတွေ ပါတီကသမ္မတလောင်းတွေ၊ အမတ်လောင်းတွေကိုပါပေးအပ်ထားရုံတင်သာမက ပုဂ္ဂလိကအဖွဲ့အစည်းများကိုလည်း ငွေကြေးရင်းနှီးမြုပ်နှံပြီးဝင်ရောက် စွက်ဖက်ခွင့်ကို ပေးလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် Special PACလို့ခေါ်တဲ့ သီးခြားအဖွဲ့အစည်းတွေကို စီးပွားရေး၊ လူမှုရေး၊ သမဂ္ဂ၊သီးသန့်ရည်ရွယ်ချက်ရှိသူများတွေက ငွေကြေး ရင်းနှီးပြီး ထူထောင်ကြပါတယ်။ အဲသည်special pac တွေက ကိုယ်လိုလားတဲ့ သမ္မတလောင်းကို ချီးမွန်းခန့်ဖွင့်တဲ့ဝါဒဖြန့်ချိရေးတွေ လုပ်ကြသလို၊ မကြိုက်တဲ့ သမ္မတလောင်းတွေကိုလည်း လွတ်လပ်စွာတိုက်ခိုက်ဝေဖန်ခွင့်တွေ လုပ်လာကြတာပါပဲ။
သမ္မတအိုဘားမားကိုရီပတ်ဘလစ်ကန်သမ္မတလောင်းတွေ တညီတညွတ်တည်း တိုက်ခိုက်ကြတာတွေကတော့ – ၁။ စီးပွားရေးကျဆင်းနေဆဲဖြစ်ခြင်း၊ ၂။ အိုဘားမား၏ ကျန်းမာရေးဝန်ဆောင်မှု ဥပဒေသည်အကျိုးမဲ့ဖြစ်ခြင်း၊ ၃။ ပြည်သူ့အကျိုးထက် အစိုးရအကျိုးကို ကြည့်ခြင်း။ ၄။အစိုးရအခွန်စနစ်ဖြင့် အရင်းရှင်စီးပွားရေးလုပ်ငန်းများကို လည်ပင်းညှစ်ခြင်း၊ ၅။အစိုးရကြီး အသုံးစာရိတ်ကြီးခြင်း၊ ချွေတာမှု မရှိခြင်း စတာတွေ ဖြစ်တာကိုတွေ့ရပါတယ်။
ပြိုင်ဖက်ပါတီရဲ့ သမ္မတလောင်း ၆ဦး နောက်ဆုံး စကာတင်ကြရာမှာ ထိုသူ ၆ ဦးကတော့
၁။ မစ်ရောနီ၊မန်ဆီချူးဆက်ပြည်နယ် ၀န်ကြီးချူပ်ဟောင်း
၂။ ရစ်ပယ်ရီ၊ တက္ကဆပ်ပြည်နယ်ဝန်ကြီးချူပ်ဟောင်း
၃။ ရစ်ဆန်တိုရမ်၊ပန်ဆီဗေးနီးယားပြည်နယ် အထက်လွှတ်တော်အမတ်ဟောင်း
၎။ ညုဂင်းဂရစ်၊ပန်ဆီဗေးနီးယားပြည်နယ်၊ အောက်လွှတ်တော်အမတ်ဟောင်း
၅။ ရွန်ပေါ၊ တက္ကဆပ်ပြည်နယ်၊အောက်လွှတ်တော်အမတ်
၆။ ဂျွန်ဟတ်ခ်ျမင်း၊တရုတ်ပြည်အတွက် အမေရိကန်သံအမတ်ဟောင်း
လက်ရှိမှာ အိုင်အိုဝါပြည်နယ်ကစတင်ပြီးတော့ သမ္မတလောင်းအဖြစ် မဲဆန္ဒခံကြရမှာ ပထမဆုံး အိုင်အိုဝါပြည်နယ်ကရီပတ်ဘလစ်ကန်ပါတီဝင်တွေက မစ်ရော်နီနဲ့ ရစ်ဆန်တိုရမ်ကို မဲညီတူနီးပါးနဲ့ပူးတွဲအနိုင်ပေးလိုက်ပါတယ်။ သူတို့နောက်မှာ ရွန်ပေါက လိုက်လာပါတယ်။ဒုတိယအဖြစ် နယူးဟမ္မရှိုင်းယားပြည်နယ်မှာ အများမဲအရ မစ်ရော်နီက ပထမ၊ ရွန်ပေါကဒုတိယ မဲအများဆုံး ရရှိပါတယ်။ နောက်က တတိယလိုက်သူက ဂျွန်ဟတ်ခ်ျမင်းဖြစ်ပါတယ်။ဒါကတော့ လက်ရှိ ၂၀၁၂ ဇန်န၀ါရီ ပထမနဲ့ ဒုတိယအပတ် အချိန်ဇယားအလိုက် ပြည်နယ်များရဲ့ရလဒ်တွေ ဖြစ်ပါတယ်။
ဇန်န၀ါရီလကုန်ပိုင်းမှာတောင့်တောင်ပိုင်းကယ်လိုရိုင်းနားနဲ့ ဖလော်ရီဒါပြည်နယ်တို့မှာ ရီပတ်ဘလစ်ကန်ပါတီရဲ့သမ္မတလောင်းရွေးကောက်ပွဲများ ကျင်းပမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာမဲအများဆုံးမရသေးတဲ့ အခြားသမ္မတလောင်းတွေဖြစ်တဲ့ ညုဂင်းဂရစ်တို့၊ ရစ်ပယ်ရီတို့နောက်ပြည်နယ်တွေမှာ ဆန္̔ဒမဲတွေ အသာရလာဦးမယ် မျှော်လင့်ချက်နဲ့ဆက်ပြိုင်ဆဲ၊မဲဆွယ်နေဆဲဖြစ်ပါတယ်။
ပါတီတခုချင်းဆီအလိုက်သမ္မတလောင်းရွေးတဲ့ အကြိုရွေးကောက်ပွဲမှာ ပါတီဝင်တွေရဲ့ မဲတွေကို ရယူနေတဲ့တပြိုင်နက်တည်းမှာပဲ ပါတီရဲ့ နယ်မြေအလိုက်ဖွဲ့စည်းပုံအရ သတ်မှတ်ထားတဲ့ delegatesဆိုတဲ့ ပြည်နယ်အလိုက် (ပါတီလူကြီး) အရေအတွက်ကိုပါ သမ္မတလောင်းတွေကအပြိုင်အဆိုင် ရယူနေကြတာဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန်ပါတီမှာ ပြည်နယ်အလိုက်ပါတီလူကြီး ၂၃၈၀ ဦးရှိပါတယ်။ အဲသည်ပါတီလူကြီးတွေကို ပါတီဝင်မဲအနည်းအများပေါ်မူတည်ပြီးသမ္မတလောင်းတွေကို ခွဲတမ်းချပေးပါတယ်။
ဒါကြောင့်အိုင်အိုဝါပြည်နယ်မှာ မဲအများဆုံးရထားတဲ့ မစ်ရော်နီက delegates (ပါတီလူကြီး) ၂၀ဦး၊ရစ်ဆန်တိုရမ်က ၁၂ဦး၊ ရွန်ပေါက ၃ဦး နဲ့ ဂျွန်ဟတ်ခ်ျမင်းက ၂ ဦးစီထောက်ခံသူပါတီလူကြီးတွေ ခွဲတမ်းရထားပါတယ်။
ဒါကြောင့် ပြည်နယ် ၅၀ ရှိတဲ့ အမေရိကန်မှာသမ္မတလောင်းအကြိုရွေးကောက်ပွဲနဲ့ ပါတီလူကြီးတွေကို အပြိုင်ခွဲဝေယူထားကြပြီးနောက်ဆုံး ပါတီညီလာခံကြီးကနေ ပါတီရဲ့ သမ္မတလောင်းကို သူတို့ရတဲ့ delegates အရေအတွက်ပေါ်မူတည်ပြီး ၂၀၁၂ နိုဝင်ဘာမတိုင်ခင်မှာ ရွေးချယ်ထုတ်ပြန်မှာ ဖြစ်ပါတယ်။ သမ္မတလောင်းဟာ ၁၁၄၄ ဦးသောပါတီလူကြီးတွေကို ရရင် (အဲသည်နဲ့ ညီတဲ့ ပါတီဝင်မဲတွေရရင်) သူဟာပြိုင်ဖက်အားလုံးကို ကျော်ပြီး သမ္မတလောင်းအဖြစ် ရွေးချယ်ခံရမှာ ဖြစ်ပါတယ်။
ခုထိတော့ရီပတ်ဘလစ်ကန်ပါတီကဘယ်သူများ လက်ရှိဒီမိုကရက်ပါတီသမ္မတ အိုဘားမားကို ထိပ်တိုက်တွေ့မယ်သူဖြစ်လိမ့်မယ်ဆိုတာကတော့ပြောဖို့ စောပါသေးတယ်။ ကွန်ဆားဗေးတစ်ဖြစ်တဲ့ ရှေးရိုးစွဲတဲ့၊ဘာသာရေးကိုင်းရှိုင်းတဲ့၊ အစိုးရချုပ်နှောင်မှုကို ကန့်သတ်ချင်တဲ့၊အရင်းရှင်တွေကို အတားအဆီးမဲ့ လွတ်လပ်ခွင့်ပေးချင်တဲ့ ရီပတ်ဘလစ်ကန်ပါတီကြီးကလက်ရှိမှာတော့ လက်ဝဲလည်း မစွန်း၊ လက်ယာလည်း မရောက်တဲ့ အလယ်အလတ်ကျမယ့် သူတဦးဦးကိုသမ္မတလောင်းရွေးကြလိမ့်မယ်လို့ မှန်းချက်က တစ်ပြေးလျက်ရှိပါတယ်။
ဆက်လက်တင်ပြပါဦးမယ်။
ကြားထဲက စာကြွင်းတခုဝင်ဖြည့်ရရင်တော့ အမေရိကန်သမ္မတရွေးကောက်ပွဲ ၂၀၁၂ နဲ့ အတူ မြန်မာပြည်မှာလည်းဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သူ့တသက်တာအတွင်း ပထမဦးဆုံး ၀င်ပြိုင်မယ့်စစ်တပိုင်းအစိုးရရဲ့ ကြားဖြတ်ရွေးကောက်ပွဲကိုလည်း တွေ့ကြရဦးမှာမို့ အလွန်စိတ်လှုပ်ရှားရမယ့်နှစ်ပါပဲလို့ ပြောချင်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts