>Nyein Wai – Poem

>

အတွေးအခေါ်ဟောင်းကို ကမ္မဝါ ဖတ်ကြည့်ခြင်း
ငြိမ်းဝေ
ဇန်န၀ါရီ ၇၊ ၂၀၁၂


(၁)
ဒီရက်တွေအတွင်း
ကျနော်တို့ရဲ့သောကတွေကို
ဆူးတွေနဲ့ သီကုံးရင်း
သွေးတစက်စက် ကျခဲ့ကြရတယ်။

(၂)
လွတ်လပ်မှုကို ယူချင်ရင်
လွတ်လပ်တဲ့ လူတစ်ယောက်ဖြစ်ဖို့
လွတ်လပ်မှုနဲ့တန်အောင် ထုဆစ်ဖို့
အရေးကြီးနေပြီ။

သူများကို လွတ်လပ်အောင်လုပ်ပေးဖို့
ကျနော်တို့က ပထမ လွတ်မြောက်နေရမယ်။

ကျနော်တို့ဟာ
ဂူအပြင်ဘက်ကို ထွက်ပြီး
လရောင် လိမ်းကျံ
ကြယ်ရောင် လိမ်းကျံ
နေရောင် လိမ်းကျံရင်း
ကိုယ်ပိုင် အရှိန်အဝါကို တည်ဆောက်ကြ။

ရန်သူတည်ဆောက်ပေးတဲ့ ခွန်အားနဲ့
မတူတဲ့
ခွန်အားသစ်ကို တည်ဆောက်ကြ။

ရန်သူခင်းပေးတဲ့
လမ်းနဲ့ မတူတဲ့
ကိုယ်ပိုင်လမ်းသစ်ကို ဖောက်ကြ။

ရှိခဲ့ဖူးပြီ်
ကျနော်တို့က
အမှားတွေကို အမှားတွေနဲ့ တိုက်ခိုက်ရင်း
ကြီးပြင်း လာခဲ့ကြရတယ်။

ရှိခဲ့ဖူးပြီ
ရန်သူ့လက်နက် ကိုယ့်လက်နက်ဆိုတာလောက်နဲ့
ကျနော်တို့ မိုးသောက်ခဲ့ကြတယ်။

ထုချေပစ်လိုက်ပါ
ဖွပ်လျှော်ပစ်လိုက်ပါ။

ရန်သူက
ကျနော်တို့အပေါ်
ရန်သူလို သဘောထားနေတဲ့အချိန်
ကျနော်တို့ကလည်း
ရန်သူကို ရန်သူလောက်ပဲ မြင်နေရင်
ကျနော်တို့ မအောင်မြင်နိုင်ဘူး။

ရန်သူဆွဲကိုင်တဲ့ သေနတ်လောက်နဲ့
ကျနော်တို့
ဒီတိုက်ပွဲ အောင်ပွဲမဆင်နိုင်ဘူး။
အတွေးအခေါ်အရာမှာ
တောမီးကို
ရှို့မီးနဲ့ လှန်ပစ်တဲ့ခေတ်ဟာ
မနှစ်တနှစ်ကတည်းက
ကုန်ဆုံးသွားခဲ့ပြီ။

(၃)
ကျနော်တို့
ဆူးတွေက သွေးတွေကို မတိတ်စေနိုင်ဘူး။

၅၊ ၁၊ ၂၀၁၂
လွတ်လပ်ရေးနေ့ရဲ့ နောက်တနေ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts