>Tu Maung Nyo – ဘာလဲ “အမိန့်အမှတ် ၁/၂၀၁၂ ”

>

ဘာလဲ “အမိန့်အမှတ် ၁/၂၀၁၂ ”
တူမောင်ညို ။ ဇန်နဝါရီ ၄၊ ၂၀၁၂
သမ္မတဦးသိန်းစိန်ရဲ့ “အမိန့်အမှတ် ၁/၂၀၁၂” က အကောင်းမြင်လွန်းသူများရဲ့မျှော်လင့်ချက်ကြေးမုံပြင်ကို  အစိတ်စိတ်အမွှာမွှာ ကွဲအက်ကျေမွသွားစေခဲ့ပြီ။ သမ္မတဦးသိန်းစိန်ရဲ့ “အမိန့်အမှတ် ၁/၂၀၁၂” ဟာ နိုင်ငံရေးအကျဉ်းသားမိသားစုများအပေါ်ရိုင်းပြ စော်ကားလိုက်တာလည်းဖြစ်ပါတယ်။
ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရရဲ့ “တုံး”တဲ့၊ “ဖျင်း”တဲ့သဘောထားဖြစ်တယ်။“ကမ္ဘာ့အလယ်မှာ ကိုယ့်အရှက်ကိုယ်ခွဲတာဖြစ် တယ်”၊ “နားလှည့်ပြီး ပါးရိုက်လိုက်တာဖြစ်တယ်”လို့ ဦးဝင်းတင် ထောက်ပြပြောဆိုလိုက်တာ သိပ်ကိုမှန်ပါတယ်။
ဒီလိုကိစ္စမျိုးဟာ ကိုယ် တိုင်ကြုံတွေ့ခံစားဖူးသူမှသာသိရှိခံစားနိုင်တဲ့အဖြစ်မျိုးဖြစ်ပါတယ်။ဦးဝင်းတင်ရဲ့ပြောဆိုချက်ဟာ နာကျည်းခံပြင်းချက်များနဲ့ ပြည့်နှက်နေ ပါတယ်။
“နားလှည့်ပြီးပါးရိုက်လိုက်တာဖြစ်တယ်”
လို့ ဦးဝင်းတင်က ပြောထားလေတော့ မေးစရာတစ်ခုတော့ရှိလာပါတယ်။
ရိုက်တဲ့သူ ဘယ်သူလဲဆိုတာသိပါတယ်။
သိချင်တာက “ပါးရိုက်ခံလိုက်ရသူ ဘယ်သူလဲ”။
ဒီနေရာမှာ အလှည့်စားခံလိုက်ရသူတွေကို အပြစ်မပြောလိုပေမယ့်။အလှည့်စားခံရအောင်၊ ထင်ယောင်ထင်မှားဖြစ်အောင်၊ မျှော်လင့်ချက်တွေကို ပုံစံအမျိုးမျိုးနဲ့ပေးခဲ့/ရေးခဲ့/ပြောခဲ့ကြသူတွေနဲ့ အဲဒီ “မျှော်လင့်ချက်မှား”တွေကို အမြှီးတပ် ခေါင်းတပ်ပြီးဖြန့်ချိ ခဲ့ကြတဲ့ (ပုံနှိပ်/အသံလွှင့်) မီဒီယာတွေမှာလည်း “မျှော်လင့်ချက်မှားတွေကိုလေပင့်ပေးခဲ့မိတဲ့အပြစ်” ရှိပါတယ်။ တာဝန်ရှိပါတယ်။ ယင်း ပြစ်မှု အတွက် သူတို့တာဝန်ယူကြရပါမယ်။
“ဆောင်းတွင်း အိပ်မက် ဂယောက်ဂယက်တွေပါဗျာ”လို့ ရူးချင်ယောင်ဆောင်လို့မရပါဘူး။
နိုင်ငံရေးအကျဉ်းသားကိစ္စဟာ အရေအတွက်ပြဿနာမဟုတ်ပါဘူး။
နိုင်ငံရေးအကျဉ်းသားကိစ္စဟာ နိုင်ငံရေးပြဿနာ၊ နိုင်ငံရေးသဘောထားဆိုင်ရာပြဿနာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်မပြုတာဟာ နိုင်ငံရေးပြဿနာအဖြစ်အသိအမှတ်မပြုတာပဲဖြစ်ပါတယ်။
နိုင်ငံရေးပြဿနာအဖြစ်အသိအမှတ်မပြုတဲ့၊ နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ မဖြေရှင်းလိုတဲ့သဘောထားဟာ (၁၉၅၈- ၁၉၆၂) ကတည်းကစတင်ခဲ့တဲ့ “စစ်အုပ်စုအဆက်ဆက်ရဲ့မပြောင်းလဲတဲ့သဘောထား”ဖြစ်တယ်။
ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရမှာ နိုင်ငံရေးသဘောထားမရှိဘူးဆိုတာကို “အမိန့်အမှတ် ၁/၂၀၁၂” က ထပ်မံသတိပေးဖော်ပြ လိုက်တာဖြစ်တယ်။
ဒါဟာ“စစ်အုပ်စုအဆက်ဆက်ရဲ့မပြောင်းလဲတဲ့ သဘောထားအမွေ”ကိုဆက်ခံထားဆဲဖြစ်တယ်ဆိုတဲ့ အချက်ကို ထပ်မံအသိပေးဖေါ်ပြတာလည်းဖြစ်တယ်။
“၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံနဲ့ ၈၈အရေးတော်ပုံတပ်သားများ၊၈၈ အရေးတော်ပုံရလဒ်များ” အပေါ် ဦးသိန်းစိန် စစ်တစ်ပိုင်း အစိုးရဲ့ မပြေငြိမ်းနိုင်တဲ့သဘောထား၊ အလျော့မပေးနိုင်တဲ့ သဘောထားဖြစ်ပါတယ်။
 “၁၉၈၈ဒီမိုကရေစီအရေးတော်ပုံနဲ့ ၈၈အရေးတော်ပုံတပ်သားများ” အပေါ် အငြှိုးအတေးနဲ့ ဂလဲ့စားချေမှုလည်းဖြစ်ပါတယ်။
  “ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ (ခ)” အရလို့ဆိုထားတဲ့အတွက် ဒီသဘောထားဟာ သမ္မတဦးသိန်းစိန် တစ်ဦးထဲ  သဘောထားတင်မကဘဲ၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(အကလ)ဝင်အားလုံးရဲ့သဘောထားလည်းဖြစ်ပါတယ်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(အကလ)ထဲမှာသမ္မတ (၃) ဦး။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ(၁)ဦး ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ (၁) ဦး၊ ကာကွယ်ရေးဦးစီးချုပ်(၂) ဦး၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့ပါဝင်တယ်။ ဒါကြောင့် သူတို့အားလုံးဟာ တစ်ကျိတ်ထဲ တစ်ဉာဏ်ထဲဖြစ်တယ်ဆိုတာကိုဖေါ်ပြလိုက်တာပဲဖြစ်တယ်။
ဒီလိုဖြစ်ရပ်မျိုးဟာ “၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မတိုင်မီ”ကဆိုလျှင် (NLD) ပါတီက ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဦးထံက ဝေဖန်ပြောကြားချက် သို့မဟုတ်သဘောထားကြေညာချက်တစ်ခုခုတော့ ပေါ်ထွက်လာစမြဲဖြစ်ပါတယ်။
အခုတော့ ဘာပြောသံမှ မကြားရပါဘူး။
 “နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်လျှောက်ထားဆဲ ပါတီဘဝ” ဖြစ်နေလို့လား။
ဒါမှမဟုတ်“ကြားဖြတ်ရွေးကောက်ပွဲ” အတွက် အလုပ်တွေများနေကြသလားမသိပါဘူး။
ပြည်တွင်းပြည်ပက အလေးထားစောင့်ကြည့်နေကြတဲ့ “နိုင်ငံရေးအကျဉ်းသားများခြွင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ရေးနဲ့ ကြားဖြတ်ရွေးကောက်ပွဲ” ပြဿနာ ၂ ခုအနက် “နိုင်ငံရေးအကျဉ်းသားပြဿနာ”နဲ့ပတ်သက်ပြီး ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရရဲ့ သဘောထား အမှန်ကို နာနာကျည်းကျည်း၊ ပြက်ပြက်ထင်ထင်သိလိုက်ကြရပြီ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts