>Mar Mar Aye – 407

>

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၄ဝ၇)
မာမာအေး
ဇန်န၀ါရီ ၄၊ ၂၀၁၂


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ –
ခုတလော မာအေးရဲ့ အစီအစဉ်လေးတွေကို နားထောင်မိကြမယ် ဆိုရင် လူကိုယ်တိုင်တင်မက မာအေးရဲ့ သီချင်းလေးတွေမှာလဲ ဘယ်ဟာက ဘာဖြစ်လို့ ဆိုတာမျိုးနဲ့ ငြိ – ငြိနေတာမို့ ဝေဒနာ ရခဲ့တာပါလား လို့ သိထား မှတ်ထားလို့ ရတာပေါ့နော်။ သီချင်း တခြမ်းလောက်ကလေးတွေလဲ နားဆင်လို့ရအောင် ဖြည့်ထားတာ ဆိုတော့ အရေးတကြီး ခေါင်းပူရင်ပူ သတင်းတွေ ကြားရလို့ လိုက်ပူနေမိတဲ့ စိတ်ကလေး၊ ခဏလေးတော့လဲ အေးမယ် ထင်တာပါဘဲ။

ကျန်ခဲ့တဲ့ အစီအစဉ်မှာတုန်းက လက်ဝဲသုန္ဒြရ အမတ်ကြီးကို ဘုရင်က မျက်တော်မူပြီး ‘မဲဇာအရပ်’ ပို့ထားတဲ့အခါ တိုင်းဝေးပြည်ဝေး မိသားစုနဲ့ပါဝေးနေ၊ ဆွေးစရာတွေ ဖြစ်နေတဲ့အကြောင်း ရေးဖွဲ့ထားတဲ့ ဆရာကြီး မြို့မငြိမ်းရဲ့လက်ရာ “မဲဇာရွှေလီ” သီချင်း အစပိုင်းကလေး အရောက်မှာ အချိန်က စေ့သွားလို့ နားခဲ့ရတယ်။ နာမည်ကြောင့် ငြိခဲ့တဲ့ ‘မျက်ရည်’ တေးကလဲ ရှည်၊ မဲဇာကလဲ ဇါတ်လမ်းနောက်ခံကြီးလို့ အပိုဒ်တွေကများ၊ အကြောင်းတူ စာကွဲ နောက် သီချင်းတပုဒ်နဲ့ ယှဉ်ပြီးတော့လဲ ပြောစရာရှိတယ် ရှင့်။ ဒီတော့ ဆက်နားထောင်ကြပေဦးပေါ့။

ဟိုနေ့က “မဲဇာရွှေလီ” ကို ပြည်ပြေးအသံလွှင့်တဲ့ဆီက အမြဲ သုံးလို့ ငြိတယ် – သိမ်းလိမ့်မယ်ထင်လို့ ပြောတာပါ။ တကယ်တော့ မဲဇာထက် ဝေးတဲ့ နိုင်ငံတကါ နေရာ အသီးသီးကို ပေါက်ကွဲ လွင့်စင်ခဲ့တဲ့သူတွေရဲ့ အဖြစ်နဲ့ နှိုင်းလို့ စောင်းလို့ ကေါင်းတဲ့ သီချင်းမျိုးလို့ ယူဆတဲ့အတွက်သာ ဖြစ်နိုင်ပါတယ်။ မာအေးတို့ကတော့ စောင်းစရာ ဘာရှိသလဲ။ ဆရာငြိမ်းက မိသားစုဖက်က ပြန်တွေးပြန်ရေးတာလေးကို ဂရုပြုမိလို့၊ ဒုတိယပိုဒ်က သံစဉ်ကလေးကလဲ နားထဲမှာ လှလွန်းလို့ ပြန်ဖေါ်ချင်တာနဲ့ ကျက်မှတ်ထားခဲ့တာပါ။ အပျော်ဆိုဘဲ ရှိပါသေးတယ်။

အကြောင်းအရာတူပြီး အသံကွဲ၊ စာပါခွဲရေးထားတဲ့ “မင်း – လက်ဝဲသုန္ဒြရ” ဆိုတဲ့ တပုဒ်လဲ ရှိတယ် ရှင့်။ အဲဒီသီချင်းတော့ ကက်ဆက်ခွေထဲ ဆိုခွင့်ပြုခဲ့လို့ “တချစ်ထဲချစ်” အခွေမှာ ဆိုထားပါတယ်။ ပထမပိုဒ်က အလိုက်ချင်း လုံးဝ တူပြီး စာမတူပါဘူး။ “မင်း လက်ဝဲသုန္ဒြရ” က အခု ကြားရမယ့် ပထမပိုဒ်ကို နားစိုက်လိုက်ရင် သိပါလိမ့်မယ်။

[မင်းလက်ဝဲသုန္ဒြရ – ပပိုဒ်]

မဲဇာတောင်ခြေ စီးတွေတွေ ရစ်သန်းသီတာရေ (မဲမှောင်၍ တောင်ငွေ့ဝေေ၀၊ နေရောင်မထိုး ညှိုးငယ် စိတ်ဝယ် မောအောင် တောတောင်ရေမြေ၊ မဲမှောင်၍ တောင်ငွေ့ဝေေ၀၊ လွမ်းဘွယ် ဆွေးဘွယ် သဲညှာ မဲဇာမြိုင်ခြေ)၂ xxx
(ပင်မြင့်တွေ ပင်စေါက်တွေ ပင်အောက်ခြေ၊ ၀င်ရောက်သူလဲ အသဲဘ၀င်ဖိုမလေ) ၂ အထက်ဆို ဘ၀ဂ်ကို တက်မလို ညိုမှိုင်းနေ၊ မို့မို့မိုမို ညို့ညို့ညိုညို ရှုမျှော်တိုင်း အုံ့မှိုင်းမှိုင်း သီခေါင်ဗွေ၊ မြစ်ရေသွယ် ထွေထွေ ဆင်း မင်းလက်ဝဲသုန္ဒြရ ရောက်ရတဲ့ သည်နယ်မြေ xxx


ကဲ – ချစ်ဆွေတို့ စာမတူတွေ ကြားပြီးခဲ့ပြီမို့လား၊ ‘မို့မို့မိုမို ညို့ညို့ညိုညို’ တဲ့၊ ဆရာငြိမ်းရဲ့ ချစ်စရာ့စာလုံးမျိုး – သူများတွေမှာ မကြားဘူးပေါင်ရှင်။ နောက်တပုဒ်က ‘မဲဇာမြစ်ရေ’ လို့ စတဲ့ အပိုဒ်လေ။ အဲဒီမှာလဲ အသံတူပြီး စာလွှဲထားတာပါဘဲ။ ဘယ်သီချင်းက အရင်ဖြစ်မလဲတော့ သေချာ မသိပါဘူး။ ‘မဲဇာရွှေလီ’က လူပိုသိတယ် ထင်ရတာနဲ့ ‘မင်းလက်ဝဲသုန္ဒြရ’က အပိုဒ်ကိုဘဲ နားထောင်ကြတာပေါ့နော်။

[မင်းလက်ဝဲသုန္ဒြရ – ဒုပိုဒ်]

(မဲဇာမြစ်ရေ စီးတွေ ရစ်ခွေ၊ ၀ဲယာပတ်လည် နှင်းတွေဆိုင်း မှိုင်းဝေေ၀) ၂ xx ကင်းစမ်းတောင် လေပြေတသွေးသွေး၊ ခြံလွှာထွေး မလုံသေးပေ၊ မွန်းတည့်နေခြည်ဖြာမှ နွေးမယ်၊ တရေးရေး တွေးလေ ဆွေးလေ၊ ဖြေသော်လဲမပြေ၊ မင်းလက်ဝဲသုန္ဒြရ၊ တမ်းတစိတ်တွေ ငယ်ကျွမ်းသက်ဝေ သူ့ကြင်ဆွေ နေပြည်တော်ဆီ ရောရမ်းတမ်းတ တတွေတွေ xx


ဒီအပိုဒ်မှာ သီချင်းစာ ရှေ့နဲ့နောက် ပြောင်းတာရယ်၊ စာတလုံးထပ် ပိုတာရယ်၊ မသိမသာပါဘဲ၊ မဲဇာမှာ ‘ဝေးခဲ့ပေါ့ဋ္ဌာနေ တို့တိုင်းပြေ’ ဆိုတဲ့ နေရာမှာ ‘ကင်းစမ်းတောင်လေပြေ တသွေးသွေး’ တဲ့။ ပြီးတော့ ‘ပြည်တော်ကိုသာ’ ကျတော့ ‘နေပြည်တော်ဆီ’ တဲ့။ စာမတူတာပေါ့။ လုံးဝ မတူတာကတော့- ဒီ နောက်ဆုံးပိုဒ်ပါဘဲ။ လက်ဝဲသုန္ဒြရ အမတ်ကြီး ရတုထဲကအတိုင်း စပ်ဆိုပါတယ်။

[မင်းလက်ဝဲသုန္ဒြရ – နောက်ဆုံးပိုဒ်]

ပွဲညောင်ရေ ဆုတောင်းချွေညွှန်း ရေစင်သွန်းလို့ဝေ၊ တကျွန်းလွမ်းလောက်ပေ တို့အောက်နယ်မြေ၊ ရွှေဂူတော်မြတ် ဆည်းကပ်လွန်ရိုသေ xxx သဲသောင်မြေ မြစ်ကမ်းခြေ၀ှမ်း ရေယဉ်ဝန်းလို့နေ လွမ်းလောက်ပေ မဲဇာမြိုင်ခြေ သည်ဆီရွှေမြို့ သည်သို့ စေတီပေ xxx သည်ဆီရွှေနန်း ဖြောင့်တန်းမယ့် သည်အနေ၊ စိတ်မှာ ထင်မြင် ဦးတင်ပါသဖျာ့၊ တမ်းတယောင်ပေ၊ နေနိုင်တော်မူအား သနားမညှာရက်ရှာပေ xxx


ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts