>Aung Way – Remembrance (12)

>

တမ်းတမ်းတတ အလွမ်းများ (၁၂)
အောင်ဝေး
ဒီဇင်ဘာ ၂၄၊ ၂၀၁၁
နာဂစ်အပြီး လပွတ္တာမြို့ တနေရာ (ဓာတ်ပုံ – AFP)


အားလုံး မင်္ဂလာပါ။
အရင်တပတ်က ကဗျာဆရာ လှသန်း ဖောင်ဒေးရှင်းနဲ့ဆက်နွှယ်ပြီး၊ ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနဲ့ ရဲတိုက်တို့ရဲ့ ဖောင်ဒေးရှင်းတွေ အကြောင်း ကျနော်ပြောခဲ့ပါတယ်။

ကဗျာဆရာလှသန်းရယ်လို့၊ ရုပ်ရှင်သရုပ်ဆောင်ပြေတီဦးရယ်လို့၊ ရဲတိုက်ရယ်လို့ ကျနော် နာမည် တပ်ပြီး ပြောလိုက်တာပေမဲ့၊ တကယ်တမ်း ကျနော်ဆိုလိုတာက၊ လူ့လောကအကျိုး၊ ပြည်သူလူထု အကျိုးကို ကျယ်ကျယ်ပြန့်ပြန့် ကူညီ ဆောင်ရွက်နေတဲ့၊ လူမှုအကျိုးပြု အလုပ်တွေ၊ လှုပ်ရှားမှုတွေ အားလုံးကို ရည်ညွှန်းချင်တာပါ။ သူတို့သူတို့ရဲ့ နာမည်တွေကို ကျနော်က သင်္ကေတအဖြစ်အနေနဲ့ တင်စား ပြောလိုရင်းဖြစ်ပါတယ်။

သူတို့လိုပဲ၊ သူတို့ကဲ့သို့ပဲ၊ လူမှုအကျိုးပြုလုပ်ငန်းတွေ ထူထောင်ထားတဲ့၊ ဆောင်ရွက်နေတဲ့၊ တဦးချင်း သော်လည်းကောင်း၊ အစုအဖွဲ့အနေနဲ့ လည်းကောင်း၊ ကျနော်တို့ပြည်တွင်း ပြည်ပ အင်တာနက် စာမျက်နှာမှာ၊ စာနယ်ဇင်းတွေမှာ မြင်တွေ့ကြားသိနေရတဲ့ ပရဟိတအဖွဲ့ အစည်းတွေလည်း အများကြီးဖြစ်ထွန်းနေတာ ရှိပါတယ်။

လွယ်လင့်တကူထုတ်ပြရမယ် ဆိုရင်တော့ ရုပ်ရှင်သရုပ်ဆောင် ခန့်စည်သူနဲ့ သူငယ်ချင်းများရဲ့“မေတ္တာသင်္ဂဟ“အဖွဲ့ ဆိုပါတော့။ သူတို့ မေတ္တာသင်္ဂဟ မိတ်ဆွေသူငယ်ချင်း တစုက အစစ်အမှန် လိုအပ်ချက်ရှိနေ၊ မပြည့်မစုံဖြစ်နေတဲ့ နေရာတွေကို၊ လစဉ်လတိုင်း သွားရောက် လှူဒါန်း ထောက်ပံ့နေတာကို ကျနော်တို့ ကြည်နူး သာဓုခေါ်နေရပါတယ်။

နောက်တခါ၊ စာရေးဆရာတယောက်၊ အယ်ဒီတာတယောက်၊ ကာတွန်းဆရာတယောက် ပူးတွဲ ထူထောင်ထားကြတဲ့ One More ဆိုတဲ့လူမှုရေး လှုပ်ရှားမှုတခု ဆိုပါတော့။ သူတို့ရဲသုံးဖော်က စလိုက်တဲ့ One More လှုပ်ရှားမှု။ လူတယောက်၊ တလ ငွေတထောင် ထည့်ဝင်ပြီး၊ တပြည်လုံး အတိုင်းအတာနဲ့၊ လစဉ် တခါ လှူရင် ငွေသိန်းရှစ်ဆယ်၊ ကိုးဆယ် လှူဒါန်း ကူညီနိုင်တဲ့အထိ၊ တက်ကြွ ရွှင်လန်းစရာကောင်းလှတဲ့ အောင်မြင်မှုပါပဲ။

တခြားကျန်တဲ့ လူမှုပရဟိတအသင်းအဖွဲ့တွေ အများကြီး ရှိပါသေးတယ်။ သိသာထင်ရှားပြီးဖြစ်တဲ့ ရုပ်ရှင်မင်းသား ကျော်သူတို့ရဲ့နာရေး ကူညီမှု အသင်းကိုတော့ ကျနော်ထပ်ပြီး ၀ိတ္တာရချဲ့ပြောဖို့ မလိုတော့ပါဘူး။ NLD လူမှုအထောက်အကူပြုအဖွဲ့ အကြောင်း ကျနော်မပြောတော့ပါဘူး။

ကျနော်တို့ဟာ ကျနော်တို့ ဘ၀ပေး သင်ခန်းစာအရကို၊ တယောက်လဲရင်၊ တယောက်က တွဲထူပေးရမယ့်အခြေအနေမျိုးနဲ့၊ ခေတ်ကို သယ်ပိုးနေရတဲ့ တိုင်းသူပြည်သားတွေ ဖြစ်နေခဲ့တာ ကြာလှပါပြီ။ မဆလ စစ်အစိုးရလက်ထက်၊ ကမ္ဘာမှာ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ စာရင်းထဲ ကျရောက်ခဲ့ရတဲ့ ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံ။ ဆင်းရဲခြင်းနွံတွင်းမှာ နစ်ပြီး၊ တခြားတခြားသော ဒေသတွင်းနိုင်ငံများနဲ့ ယှဉ်လိုက်ရင်၊ ခေတ်နောက်ကို အများကြီး ပြတ်ကျန်ရစ်ခဲ့တာ၊ လူတိုင်း အသိပါ။

ကျနော်တို့ မြန်မာပြည်သူတွေရဲ့တော်လှန်ရေးမှာ၊ တခြားကမ္ဘာပေါ်က တော်လှန်ရေးတွေနဲ့ ခြားနားတဲ့ အချက်က၊ ကျနော်တို့တိုက်ပွဲမှာ ဘုံရန်သူက နှစ်ခုဖြစ်နေတာပါပဲ။ တခုက စစ်အာဏာရှင် စနစ်ဖြစ်ပြီး၊ နောက်တခုက ဆင်းရဲ မွဲတေမှုဖြစ်ပါတယ်။ တချိန်တည်း၊ တပြိုင်နက်တည်းမှာ၊ ကျနော်တို့ဟာ ဒီရန်ဘက်နှစ်ခုကို မျက်နှာချင်းဆိုင်၊ ရင်ဆိုင် တိုက်ခိုက်ဖြေရှင်းနေရတယ် လို့ ဆိုချင်ပါတယ်။

ကျောင်းသားတွေ ဦးဆောင်တဲ့ ၁၉၈၈ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးမှာ၊ စစ်အာဏာရှင်စနစ်ကို အပြီးပိုင် ချုပ်ငြိမ်းအောင် မစွမ်းဆောင်နိုင်ခဲ့လေတော့၊ စစ်အာဏာရှင် စနစ်နဲ့ ကြံရာပါ ဆင်းရဲမွဲတေမှု ဆိုတာကလည်း၊ ချုပ်ငြိမ်းမသွား၊ ပျောက်ကွယ် မသွားတဲ့အပြင်၊ ဒီကနေ့အထိတိုင်ပဲ၊ ကျနော်တို့ကို ကုပ်ခွစီးထားတုန်းပဲ ဆိုတာလည်း လူတိုင်း အသိပါ။

အခုအချိန် ကျနော်တို့ တိုင်းပြည်မှာ လူတန်းစားနှစ်မျိုးပဲ ရှိပါတယ်။ တမျိုးက ထားစရာ မရှိတဲ့ လူနဲ့၊ နောက်တမျိုးက စားစရာ မရှိတဲ့လူတွေပါပဲ။ စားစရာ မရှိတဲ့ လူတန်းစား အများစုကြီးဟာ၊ သူတို့ရဲ့ လိုလားချက်တွေ၊ ဆန္ဒတွေကို ထုတ်ဖော်ပြီး၊ လမ်းပေါ်ထွက် တောင်းဆို တိုက်ပွဲဝင်ခဲ့ကြပါတယ်။ စားစရာ မရှိတဲ့ လူတန်းစား အများစုကြီးဖြစ်တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေဟာ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဆင်းရဲ မွဲတေမှု ပပျောက်ရေးအတွက် သူတို့ရဲ့ဘ၀တွေကို စွန့်လွှတ်ခဲ့၊ စတေးခဲ့ကြပါပြီ။

နိုင်ငံရေး ဆိုတာ၊ စားဝတ်နေရေး လိုအပ်မှုကို၊ လူထုနည်းနဲ့ ဖြေရှင်းခြင်းဖြစ်တယ် ဆိုတဲ့အဆိုအမိန့်တခု မှတ်မိနေပါတယ်။ ကျနော်တို့ပြည်သူတွေရဲ့ အရိုးသားဆုံးနဲ့ အနှိမ့်ချဆုံး၊ ဆန္ဒနဲ့ မျှော်လင့်ချက်ကတော့၊ ကျနော်တို့တွေ အားလုံး စားဝတ်နေရေး ပြေလည်ချင်ကြတာပါပဲ။ ဘ၀ကို မပူမပင် မကြောင့်မကြနဲ့ အေးအေးလူလူ ဖြတ်သန်းချင်တာပါပဲ။

နည်းနည်းထပ်ပြီး ပြည်သူလူထုက လိုချင်သေးတယ်၊ လိုအပ်သေးတယ် ဆိုရင်လည်း၊ အဲဒါက လွတ်လပ်မှုနဲ့ လုံခြုံစိတ်ချမှုလောက်ပါပဲ။ လူထုကြီးဟာ လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ထမင်း ကိုယ်ရှာစားချင်ကြတယ်။ ဘ၀ လုံခြုံ အေးချမ်းချင်တယ်။ မိမိတို့ရဲ့ အသက်ပတ်ပတ်လည်မှာ စစ်သားတွေ၊ တင့်ကားတွေ၊ လှံစွပ်တွေ၊ သံဆူးကြိုးတွေ၊ လုံထီန်းတွေ၊ စွမ်းအားရှင်တွေ၊ စစ်ခွေးတွေ၊ ထောက်လှမ်းရေးတွေ ရှိနေတာကို မလိုချင်ပါဘူး။ ကျနော်တို့ဟာ မလွတ်လပ်ရတဲ့အထဲ၊ ကျီးလန့်စာစားနေရတဲ့အဖြစ်ကိုလည်း မလိုလားကြပါဘူး။

ကျနော်တို့ဘ၀မှာ လွတ်လွတ်လပ်လပ် နေချင်ပါတယ်။ သေရင်လည်း အနှောင့် အယှက် ကင်းကင်းနဲ့ သေချင်ပါတယ်။ သေဖို့အတွက်တော့ ရုပ်ရှင်မင်းသားကျော်သူ တယောက်လုံး ရှိနေတဲ့ အတွက် ပူစရာမလိုလှပါဘူး။ ဒါပေမဲ့ နေဖို့ကျတော့၊ ကိုကျော်သူလည်း သူတယောက်တည်းနဲ့ ဘယ်လိုလုပ် တတ်နိုင်မှာလဲ။ ဒီတော့ ကူညီမယ့်သူတွေ လိုလာတယ်။

ကျနော်တို့လူမျိုးဟာ သူတဖက်သား ဒုက္ခရောက်နေတာကို လက်ပိုက်ထိုင်ကြည့်နေရက်တဲ့လူမျိုး မဟုတ်လေတော့၊ ဘယ်သူ သေသေ၊ ငရွှေမာရင်ပြီးရော ဆိုတဲ့ လူစားမျိုးတွေလည်း မဟုတ်လေတော့၊ ဒုက္ခ ရောက်နေတဲ့ ပြည်သူတွေကိုကူညီဖို့၊ လူမှုရေး အထောက်အကူပြုအဖွဲ့တွေ၊ အစည်းတွေ၊ ပရဟိတ အသင်းတွေ၊ အုပ်စုကလေးတွေ၊ ဟိုကဒီက အလျှိုအလျှို ပေါ်ထွက်လာရတော့တာပဲပေါ့။

နောက်ဆုံးတော့ ဒုက္ခ များများ ရောက်နေတဲ့လူထုကို ဒုက္ခ နည်းနည်းပဲရောက်တဲ့လူထုက ကူညီ ဖေးမရတာပါပဲ။ လူထုကို ကယ်တင်နိုင်မယ့်သူဟာ လူထုပါပဲ။ ဒီတော့ စစ်ကျွန်ခေတ်မှာ လူရာ မ၀င်ချင်ကြပါနဲ့။ လူထုက ဆင်းရဲခြင်းနွံထဲက မတက်နိုင်သေးပါဘူး။ နွံထဲက ကြာလည်း မပေါက်သေးပါဘူး။ ကြာပေါက်လာရင်လည်း နွံစော်တော့ နံနေဦးမှာပဲ။ စစ်ကျွန်နံ့ မနံအောင်၊ နွံစော်မနံအောင် ကျနော်တို့ ဆက်လက် ရုန်းကန်ကြဖို့ပါပဲ။

နားဆင်တဲ့အတွက် ကျေးဇူးပါ။ ။

အောင်ဝေး
ဒီဇင်ဘာ ၁၂-၂၀၁၁။

မူရင်း – အောင်ဝေး၊ မစ်ရှီဂန်က ပေးတဲ့စာ၊ လွတ်လပ်တဲ့အာရှအသံ http://www.rfa.org/burmese


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts