>Cho Tu Zaw – Lwan Saint and History Value

>

လွမ်းစိမ့် သို့မဟုတ်သမိုင်းရေချိန်. . .
ချိုတူးဇော်၊ဒီဇင်ဘာ ၂၄၊ ၂၀၁၁
ကျနော့်ဖေ့စ်ဘွတ်ခ်မှာအက်ဒ်ထားတဲ့ အာရ်အိုင်တီကျောင်းတော်သားဟောင်း၊ သူငယ်ချင်းကောင်း တယောက် က “လွမ်းစိမ့်”က ဘာတွေများ နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်တွေကို ဖေါ်ထုတ်ထားတဲ့ ကားမို့လို့ သမိုင်းတန်ဖိုးရှိတယ်ပြောနေရတာလဲ၊ဘယ်လောက်များကြီးကျယ်လို့လဲ လို့ ဝေဖန်ပါသတဲ့ဗျာ။
ကြည့်ပြီးတဲ့သူတိုင်းလွမ်းစိမ့်ဟာ ဘယ်လိုကားလည်း လို့ သိပါတယ်။ နမူနာလေးပဲကြည့်ပြီး မျှဝေခံစားရတဲ့သူတွေအဖို့လည်း ခန့်မှန်းသိကြပါလိမ့်မယ်။ တခါတလေ မျက်စိကနေ အနားမှာကပ်နေတဲ့ နား ကို မမြင်ရသလို၊ ကျနော်နားက သူငယ်ချင်း ဆိုတဲ့ သူငယ်ချင်းတွေ ကျနော့်အပေါ်ပုဂ္ဂိုလ်ရေးမကြည်လင်မှုနဲ့ မမြင်ကြရင် ကျနော့်ကားကြည့်ပြီး ပရိသတ်ရဲ့ တုန့်ပြန်သံ မှန်ကတဆင့်ပဲမြင်အောင်ကြည့်ဖို့ အကြံပေးလိုက်မိပါတော့တယ်။
တကယ်တော့လွမ်းစိမ့် ကို ကျနော် နိုင်ငံရေးရေချိန်တခုအနေနဲ့ကို. . ရိုက်ခဲ့တာပါ။ အာဏာရှင်စနစ်တိုင်းမှာ စာပေလွတ်လပ်ခွင့်၊အနုပညာလွတ်လပ်ခွင့်ဟာ အာဏာရှင်တွေရဲ့ ပလက်ဖေါင်းရေချိန်အနေနဲ့ကို ခန့်မှန်းလို့ရတဲ့ ကိစ္စတခုပါ။
အာဏာရှင်တွေရဲ့အပြင်းအပျော့ အတင်းအမာဟာ အဲဒီ ရေချိန်နဲ့ပဲ ခန့်မှန်းယူလို့ရပါတယ်။ လွမ်းစိမ့် ဟာ ၈၈ သမိုင်းကို ပါးပါးကလေးဖြတ်သန်းပြထားတဲ့ နိုင်ငံရေး ရေချိန်တခုပါ။ ၈၈ သမိုင်းဟာ မြန်မာပြည်သူလူထုရဲ့နိုင်ငံရေးနိုးကြားမှုကို ပြတဲ့သမိုင်းဖြစ်သလို၊ ၁၃၀၀ ပြည့် အရေးတော်ပုံ ၁၉၄၆ အထွေထွေသပိတ်ကြီးစတဲ့ လူထုအုံကြွမှုတွေထက်ကိုကြီးမားတဲ့ ပြည်သူ့အရေးတော်ပုံကြီးပါ။ သမိုင်းကို လုပ်ကြံဖန်တီးဖျောက်ဖျက်တာဟာ ဟိုးရာဇ၀င်အဆက်ဆက်မှာကတည်းကမြန်မာဘုရင်တွေလုပ်ခဲ့တဲ့ အကျင့်ဆိုးပါ။
ဦးကုလားရာဇ၀င်၊မှန်နန်းရာဇ၀င်၊ ရာဇ၀င်အဆူဆူဟာ ကုလားပြည်က သမိုင်းတွေကိုလည်း ဖြတ်ညှပ်ကပ်ထည့်၊ငါးရာ့ငါးဆယ်ထဲက နိပါတ်တွေကိုလည်း ဖြတ်ညှပ်ကပ်ထည့်နဲ့ ခုခေတ် စနစ်တကျ လေ့လာတဲ့ နိုင်ငံတကာသမိုင်းဆရာတွေဆီမှာ မျက်နှာငယ်လှပါတယ်။
၆၂ ခုနှစ်ကစပြီးသမိုင်းမှာ တိုင်းပြည်ချောက်ထဲကျဖို့လက်တလုံးအလိုမှာ တပ်မတော်က ကယ်တင်ရတယ်ဆိုပြီး သမိုင်းကိုလိုသလိုလိမ်လာလိုက်တာ၊ ခု ၈၈ ကိုလည်း လူဆိုးလူရမ်းကားတွေလက်က တပ်မတော်က ကယ်တင်ထားတယ် ပဲ ရှိသေးတယ်။
ကျနော့်လွမ်းစိမ့်ထဲ အစိုးရကို ဆန့်ကျင်တိုက်ခိုက်တာလည်းမပါ၊ ဆဲရေးတိုင်းထွာနေတာလည်းမပါ၊ ၈၇ ၈၈ကာလက စက်မှုတက္ကသိုလ်ကျောင်းသားတွေ ဘယ်လိုယဉ်ကျေးစွာနဲ့ ကျောင်းတွေတက်ခဲ့ကြ၊ ကျောင်းက စာပေလှုပ်ရှားမှုတွေမှာပါလိုက်ကြ၊ ဆရာဆရာမနဲ့ကျောင်းသူကျောင်းသားတွေရဲ့ဆက်ဆံရေး၊ပျော်စရာကောင်းတဲ့ ကျောင်းတော်
ကြီးနဲ့ရုတ်ချည်းပျောက်ကွယ်ခဲ့ရတဲ့အဲဒီရွှေရောင်နေ့ရက်တွေကို တင်ပြခဲ့တယ်။
၈၈၈၈ ပြည်သူ့အရေးတော်ပုံအကြောင်းကိုပြောတိုင်း၊ချန်လှပ်ထားလို့မရတဲ့ သမိုင်းနောက်ခံ အချက်တခုဖြစ်တဲ့ ၈၇ ငွေစက္ကူကြေညာမှုကို ပါးပါးကလေးထည့်ခဲ့တယ်။အဲဒီလိုထည့်သွင်းဖေါ်
ပြတာတောင်ဆန့်ကျင်ဘက်အမြင်နဲ့မဟုတ်ပဲ၊ ဘတ်စ်ကားတွေကလည်း ကားခမယူ၊ ကန်တင်းတွေကလား မရှိရှိတာချက်ပြီးကျောင်းသားတွေကိုချကျွေးခဲ့တာတွေကို ပြခဲ့တယ်။ ဒါကိုပဲ ဆင်ဆာအဖွဲ့က ခါးခါးသီးသီးဖြတ်ခဲ့တာ။ နောက် တကားလုံးပိတ်ခဲ့တာ။
ဇာတ်ကားရဲ့အဆုံးသတ်မှာလည်းအမျိုးသားပြန်လည်သင့်မြတ်ရေးကိုပဲ ဦးတည်ပြခဲ့တယ်။
လိပ်ပြာသန့်သန့်နဲ့ကျနော်ဖန်တီးတင်ပြခဲ့ပေမယ့်၊ လိပ်ပြာသန့်သန့်နဲ့မကြည့်နိုင်တဲ့သူတွေက ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ပိတ်ခဲ့တယ်။
ကျနော်လေ့လာကြည့်မိသလောက်သမိုင်းဆိုတာ ချစ်ကြောက်ရိုသေမှု ရှိရမယ့် (သင်ခန်းစာယူတတ်ရမယ့်၊ ယူဖို့အတွက်)သင်ကြားရတဲ့ ဘာသာရပ်ပါ။ လူမျိုးတမျိုးတိုင်းပြည်
တပြည်ဟာအဲဒီသမိုင်းကိုမှ လိမ်နေညာနေပြီဆိုရင်ဖြင့်၊ သုံးစားလို့မရအောင် နိမ့်ပါးသထက် နိမ့်ပါးလို့သွားပါမယ်။
မြန်မာပြည်ရဲ့အဓိကပြဿနာက အဲဒါပါ။
သမိုင်းကိုဘယ်လိုလူတွေလိမ်သလဲ လို့မေးရင် သူရဲဘောကြောင်တဲ့သူတွေက လိမ်ပါတယ်။ မဟုတ်တာလုပ်တယ်။ ပြီးရင် ၀န်မခံရဲဘူးပေါ့ဗျာ။ သူရဲဘောကြောင်တယ်ဆိုတာ အမှန်ကို ၀န်မခံရဲတဲ့စိတ်သတ္တိနည်းတဲ့ သူတွေကိုခေါ်တာပါ။ သူတပါးကို လက်နက်နဲ့ အကြမ်းဖက်တယ်၊ အဓမ္မမှုကိုပြုတယ်၊ နိုင့်ထက်စီးနင်းလုပ်တယ်ဆိုတာ ရာဇ၀တ်မှုကျူးလွန်တယ်လို့ခေါ်ပါတယ်။အစိုးရပဲဖြစ်ဖြစ်၊ တပ်မတော်ပဲဖြစ်ဖြစ်၊ အပြစ်မဲ့တဲ့သူပဲဖြစ်ဖြစ်၊ အပြစ်ရှိတဲ့သူပဲဖြစ်ဖြစ်ခုလို နိုင့်ထက်စီးနင်းလုပ်တာတွေဟာ ရာဇ၀တ်မှုတွေချည်းပါပဲ၊
မမျှမတ၊မတရားတဲ့ ဥပဒေတွေကို လူတစုက စိတ်တိုင်းကျရေးဆွဲပြဋ္ဌာန်းပြီး အများပြည်သူကို အတင်းနာခံခိုင်း၊ အဲဒီဥပဒေတွေနဲ့မညီလို့ဆိုပြီး ဖမ်းဆီးတာတွေဟာလည်း အဓမ္မမှုတွေပါပဲ၊ ရာဇ၀တ်မှုတွေပါပဲ။
ဒါတွေအားလုံးကိုပြည်ဖုံးကားချဖို့ဆိုတာ ခု ဘယ်လောက်ရိုးဖြောင့် ပွင့်လင်း သလဲဆိုတဲ့ပေတံနဲ့ပဲ တိုင်းရမှာ.. .
ခုချိန်ထိတော့နိုင်ငံရေးအကျဉ်းသားလို့တောင်အပြောမခံ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူတွေလို့တောင် အသိအမှတ်မပြုသေးတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။ မနက်ဖြန်ပဲ လွှတ်တော့မလိုလို၊ နောက်လမှာပဲလွှတ်တော့မလိုလို သတင်းတွေကိုလွှင့်ရင်း.. . .
ဘာပဲဖြစ်ဖြစ်ကျနော်တို့ ကိုယ့်သမိုင်းကိုယ် ဆက်ရေးကြရပါလိမ့်မယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts