>Saung Yun La – Twisted Winter

>

ရွဲ့စောင်းနေတဲ့ဆောင်း
ဆောင်းယွန်းလ
ဒီဇင်ဘာ ၂၄၊ ၂၀၁၁
 မျှော်လင့်ထားတဲ့ နှင်းပွင့်တွေကို
မျှော်လင့်မထားတဲ့ အပူရက်တွေက
လူသတ်လက်နက်တွေနဲ့ အဓမ္မကျင့်သိမ်းဖျောက်ထားခဲ့လို့
ဆောင်းဟာ ဆောင်းမှာပဲ
ခေါင်းစဉ်ပျောက်ပြီး အကြောင်းအရာပျက်နေခဲ့ရတယ်…. ။
 နှင်းမကြွင်းတဲ့
လေရိုင်းခြွေ ဆောင်းမနက်ခင်းတွေမှာ
ခုတ်ရာနဲ့ရှရာလွဲနေဆဲ သတင်းဟောင်းတွေကိုပဲ
လူမတွေ့အောင်ဝှက်ထားတဲ့ အပူငွေ့တွေကြားက
တရွက်ချင်းဆွဲထုတ်လှန်လှောပြီး ဖတ်နေခဲ့ရတယ်…. ။
 အပြင်ဘက်မှာ
ဆောင်းဟာ ဆောင်းနဲ့မတူတဲ့ စွေစောင်းစောင်းမိုးတွေကို
နွေရက်ဟောင်းတွေတုန်းကအတိုင်း အပြိုင်းအရိုင်းရွာချနေပြန်တယ်…။
 ဆောင်းဟာ
အကြောင်းအရာထပ်နေတဲ့ ကဗျာတပုဒ်နဲ့တူလာသလို
မြူနဲ့နှင်းမရှိတဲ့နွေလိုလည်း ရုတ်တရက်ပူနေခဲ့တယ်…. ။
 ဆောင်းဟာ
သီချင်းဟောင်းတပုဒ်ကို Version အသစ်ပြန်လုပ်ထားပြီး
အသံသေတ္တာကြီးထဲက တရစ်ချင်းပြန်ဖြေထုတ်နေကြတဲ့
လူတအုပ်နဲ့ ချွတ်စွပ်တူလာခဲ့တယ်… ။
 ဆောင်းဟာ
ဒီဇင်ဘာပြက္ခဒိန်စာရွက်တွေပေါ်မှာ
ဟန်ဆောင်ရုပ်ဖျက် သစ္စာနဲ့ကတိပျက်နေခဲ့တာကြာခဲ့ပြီ….. ။
 ငါ့မှာတော့…ဆောင်းသတင်းတွေအတွက်
နေ့တွေကိုဖောင်ဖျက်ဘဝတွေလည်းနက်ခဲ့ရပြီ။            ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts