>Zaw Aung (Mone Yar) – Letter to Moemaka

>

အခွန်မပေးရတော့ဘူးတဲ့ ဗျို့ …
ဇော်အောင် (မုံရွာ)
ဒီဇင်ဘာ ၂၃၊ ၂၀၁၁



ပြည်ပရောက်မြန်မာအလုပ်သမားများ ကမ္ဘာ့ဥပဒေနဲ့အညီ ..အခွန်၂ ထပ်ပေးစရာမလိုတော့ကြောင်းကို မြန်မာအစိုးရသစ်က ကြေညာ လိုက်ပါပြီ။

လူတွေကတော့ ရလေတစ္ဆေ၊ စကားပုံအတိုင်းပဲ အမျိုးမျိုးပေါ့။ သတင်းထွက်လာကစက မိတ်ဆွေတဦးဝမ်းသာအားရနဲ့ စင်ကာပူမြန်မာ သံရုံးကို ဖုန်းဆက်မေးတယ်။ သံရုံးက နေပြည်တော်ကစာမရရှိသေးပါဘူးလို့ဖြေတော့ အွန်လိုင်း၊ အီးမေး၊ ဘလောက်နဲ့ လျှောက်လုပ်နေ သူများကို စိတ်ပျက်စွာနဲ့စာပြန်ရေးတယ်။

I lost trust Government.
I got angry who created this news purposely.
I can’t trust Myanmar online people.
No dignity!

ခေတ်သစ်ဘလောက်ကာ၊ အီးမေးလက်နက်ကို သုံးသူများက သူတို့တတ်နိုင်တဲ့အွန်လိုင်းနည်းနဲ့ သတင်းမျိုးစုံ၊ အကောင်း၊ အဆိုး (အဆိုး များပါတယ်) ဖြန့်နေမှာပါပဲ။ အရင်မြန်မာစစ်အစိုးရက ဘလောက်ကာနေဘုန်းလတ်ကို အခဲမကြေ အီလက်ထရောနစ်ပုဒ်မဆိုလား ထောင် ချထားတာ အခုထိမလွှတ်သေးပါဘူး။ ကျွန်တော့်မှာလည်း ကိုယ်စိတ်အခန့်မသင့်ရင် ဒီဘလောက်ကာတွေကို စိတ်ပျက်ပြီး စစ်အာဏာရှင် အစိုးရလို ထောင်ချပစ်ချင်တဲ့ အာဏာရှင်စိတ်ဓါတ်တွေ ရှိပါတယ်။ ကိုယ်ကစပြီး ပြုပြင်ပြောင်းလဲရမှာပါ။

မြန်မာပြည်က အီလဲဗင်းမီဒီယာက သတင်းထုတ်ပြန်လိုက်တော့ ဒီအမိန့်စာဟာ အတုမဟုတ်ဖို့လမ်းများနေပါပြီ။ အစိုးရပိုင်သတင်းစာတွေမှာပါလာရင်တော့ အစစ်သေချာပါတယ်။

မည်သို့ပင်ဖြစ်စေ .. ကျွန်တော်ကိုယ်တိုင် တစ်လ ဒေါ်လာ ၁၅၀ နှုန်းနဲ့ အနှစ်၂၀ လောက် အခွန်ပေးနေတဲ့လူဖြစ်ပါတယ်။ အတိုး၊ အရင်း ဘယ်လောက်စုမိသလဲတော့ မတွက်ချင်တော့ပါဘူး။ အမိမြန်မာပြည်ကို လှူတယ်သဘောထားရတယ်။ ကိုယ့်ပါစ်ပို့လည်း သက်တမ်းတိုး ခွင့်ရပြီး ဒီငွေထက် အဆပေါင်းများစွာ ၀င်ငွေရရှိခဲ့ပါတယ်။ စင်ကာပူအစိုးရကိုတော့ အခွန်မပေးလို့မရဘူး။ ၀င်ငွေရဲ့ ၅ရာနှုန်းလောက် နဲနဲလေးပဲတောင်းတော့ ပေးနိုင်ပါတယ်။ အဲ .. ၀င်ငွေတလ တစ်သောင်းကျော်ရသူများကိုတော့ ၂၀ရာနှုန်းလောက် စင်ကာပူမှာ အခွန်ပေး ရတယ်။ အမေရိကားနေသူများကတော့ ပိုပြီးအခွန်ပေးရတယ်။ လစာထဲကဖြက်တောက်ခံရတယ်တဲ့.။ အခွန်ကို စနစ်တကျကောက် တတ်ခြင်းဟာ အစိုးရရဲ့ အဓိကအကျဆုံးအလုပ်ဖြစ်ပါတယ်။ ဒါမှ ဥပဒေစိုးမိုးရေးကိုလုပ်ဆောင်နိုင်မယ်။ ဒီငွေကို အမိမြန်မာနိုင်ငံရဲ့ ပိုက်ဆံ အိတ်ထဲရောက်သွားမှ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုဖူလှုံရေးတွေကို အစိုးရက လုပ်ပေးနိုင်မှာပါ။

အခု အခွန်လွတ်ငြိမ်းခွင့်ပေးလိုက်တော့ ဘယ်သူတွေ ၀မ်းသာရပါသလဲ။
စင်ကာပူရောက်မြန်မာအလုပ်သမားများ အထူးဝမ်းသာရပါတယ်။ ကျွန်တော်တို့ကတော့ လစာ ဒေါ်လာ ၃ ထောင်လောက်ရတဲ့ အင်ဂျင် နီယာ၊ အကောင့်တင့်၊ ပိုလီကျောင်းဆင်း ..စတဲ့လူများကတော့ တလ ၁၅၀ ပေးရတာ ၅ ရာနှုန်းလောက်ပဲကျသင့်ပါတယ်။ ဒါပေမဲ့ တလ ၃၀၀ လောက်ပဲရတဲ့ အထူးသဖြင့် မြန်မာအမျိုးသမီးကျန်းမာရေးဝန်ထမ်း (လူအိုရုံ၊ ဆေးရုံ၊ နေအိမ်အလုပ်သမားများ) အဖို့တော့ တလ ၄၅ ဒေါ်လာပေးရတာ ၁၅ ရာနှုန်းလောက်ရှိပါတယ်။ သူတို့ဟာ အခွန်ကိုမှန်မှန်ပေးနေသူ အခြေခံလူတန်းစားများဖြစ်တော့ သူတို့ပိုပြီးဝမ်း သာကြမှာပါ။ မပေးရင် ပတ်စပို့သက်တမ်းမတိုးပေးတော့ စင်ကာပူမှာအလုပ်ဆက်လုပ်ခွင့်မရ ..ဖြစ်သွားမှာကိုး။ ဒါကြောင့် စင်ကာပူရောက် မြန်မာများဟာ အခွန်ရှောင်လို့ အလွန်ခက်ခဲပြီး၊ အလုပ်လုပ်သူမြန်မာများ ၉၀ ရာနှုန်းလောက်က ပေးရပါတယ်။

အခြားနိုင်ငံများ အထူးသဖြင့်၊ အမေရိကား၊ ထိုင်း၊ မလေးရှား၊ ဂျပန် တွေမှာ အလုပ်လုပ်သူမြန်မာများကတော့ အများအားဖြင့်မပေးကြပါဘူး။ မြန်မာပြည်အလည်ပြန်လိုသူများ ပြန်ခါနီးမှအခွန်ပေးကြပါတယ်။

နောက်ဆုံးရေးရရင် စင်ကာပူက ကိုနိုင်မိုးအောင်ဦးဆောင်တဲ့ DTASG ဆိုတဲ့ အခွန်၂ထပ် မပေးရေးအတွက် မြန်မာများအခွန်၂ ထပ်ပေးနေရတဲ့အကြောင်းကို စင်ကာပူအစိုးရနဲ့၊ စင်ကာပူပြည်သားများ သိအောင်လုပ်ခဲ့ခြင်းကို မှတ်တမ်းတင်ပါတယ်။
http://dtasg.blogspot.com/

မိုးမခအင်တာနက်ကို စတင်ကြသူများလည်း၊ စင်ကာပူမှာနေထိုင်ဖူးတော့ စင်ကာပူရောက်မြန်မာများရဲ့ အခွန်၂ ထပ်ပေးမှုကို နားလည်ခံ စားကြ ပါတယ်။ ၂၀၀၅ ခုနှစ်ကတည်းက အခွန်၂ ထပ်သတင်းများနဲ့ မြန်မာလူထုနဲ့ မြန်မာစစ်အစိုးရကို တင်ပြခဲ့ပါတယ်။ ဆောင်းပါးတပုဒ်ကို မှတ်တမ်းတင်ပါတယ်။
http://murann.com/news/doubletax_moemaka.gif

ဒါနဲ့ သင်္ဘောသားတွေ အလော့မင်ဆိုတဲ့ 10% ၀င်ငွေကို ခြောက်ကျပ်ခွဲနှုန်းနဲ့ ကျပ်ငွေဖြတ်ယူတဲ့စနစ်ကြီး ကျန်နေပါသေးတယ်။ ကားပါမစ် ပေးတုန်းက ဒေါ်လာ ၃ ထောင် နိုင်ငံခြားငွေ ဘဏ်စာရင်းဖွင့်ထားတဲ့ သင်္ဘောသား (သို့) ပြည်ပအလုပ်သမားတိုင်းကို ကားပါမစ်ပေးမယ် ကြေညာခဲ့ပါတယ်။ အီလဲဗင်းမီဒိယာသတင်းကတော့ သင်္ဘောသား ၉ သောင်းကျော် အက်အီးစီဒီစာရင်းရှိပေမဲ့ ၁၆ ဦးလောက်ပဲ၊ ဘဏ် စာရင်းဖွင့်ထားပါတယ် ..ဆိုပဲ။ ဒီပြသနာလည်း တဒေါ်လာ ခြောက်ကျပ်ခွဲသတ်မှတ်ချက်ကိုပြင်လိုက်ရင် အဆင်ပြေသွားမယ် မျှော်လင့်ပါ တယ်။

အားလုံးရွှင်လန်းချမ်းမြေ့ပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts