>Po Htet – ပထ၀ီထဲမှာ ဖိုးထက်ကို ထားရစ်ခဲ့

>

ပထ၀ီထဲမှာ ဖိုးထက်ကိုထားရစ်ခဲ့
ဖိုးထက်၊ ဒီဇင်ဘာ ၂၃၊၂၀၁၁
ကျနော့်ကို “မင်းငယ်ငယ်တုံးက အကြောက်ဆုံးဘာသာရပ်ကို ပြောပြစမ်း” ဟု တစ်ယောက်ယောက်က မေးလာလျှင် “ပထ၀ီ” ဟု စက္ကန့်မခြား ဖြေမိမည်။မည်သို့မည်ပုံ ပထ၀ီကြောက်သည်ကို ကြွားဝါခွင့် ပြုစေချင်သည်။
          ကျနော့်အမေသည် အထက်တန်းပြ ဆရာမပီပီ သား၊ သမီးတွေ ပညာရေးကို ပြစ်မထားရုံသာမက ကိုယ်တိုင်သင်၊ကိုင်တိုင် စာစစ်၊ ကိုယ်တိုင် ဗိုက်ခေါက်လိမ်ဆွဲ ပြုလုပ်သည်။ ထို့ကြောင့် ကျနော် ငယ်စဉ်ကစာမညံ့သော ကျောင်းသားဖြစ်ခါ နှစ်စဉ် ပထမ မရရရင်တောင် ဒုတိယ ရအောင် ကြိုးစားရသော ဆရာမသားအငယ်ဆုံး ဖြစ်လာပါတော့သည်။ စာဖတ်သူက ဒီကောင် ကြွားလိုက်တာဟု ထင်စရာရှိလာသဖြင့် ရှင်းပေအံ့။
          ကျနော့်အမေတာဝန်ကျရာ ကျောင်းပေါင်းစုံ၊ နယ်ပေါင်းစုံသို့ လိုက်ပြီး ပြောင်းရသော ကျနော်တို့မိသားစုသည် အများအားဖြင့် နယ်ဘက်၊ တောဘက်မှ အထက်တန်းကျောင်းတွေမှာသာ ငယ်စဉ်ဘ၀ကို ဖြတ်သန်းခဲ့ရသည်။ထို့ကြောင့် နယ်ကျောင်းသား ကျနော့် သူငယ်ချင်းများမှာ အိမ်မှာ မိဘ လယ်၊ယာ၊ ကိုင်း၊ကျွန်းကို ကူရသည်။ ကျောင်းလာခါနီးမှ လွယ်အိတ်ကောက်စွဲကာ၊ အိမ်ရောက်သောအခါ လွယ်အိတ်ကိုတိုင်မှာ လှည့်မကြည့်တန်း ချိတ်ထားကြသူများသာ များသောကြောင့် “အနူတောမှာ လူချော” ဖြစ်ချင်းသာဖြစ်သည်။ ငယ်သူငယ်ချင်းများကို အနူဟု နှိမ်ချပြောဆိုလိုချင်းအလျှင်းမရှိ။ ပေါ်လွင်ထင်ရှားအောင် သုံးခြင်းသာဖြစ်သည်။
          ထိုနယ်ကျောင်းသားတွေထဲကမှ စာစိတ်ဝင်တစားဖြင့် အိမ်စာမှန်မှန်လုပ်၊  တစ်နေ့စာ တစ်နေ့မှန်မှန်ကြည့်၊ ဖတ်၊ ကျက်သော သူငယ်ချင်းများလည်းရှိတတ်သည်။ သို့သော် နွေရာသီကတည်းက အမေ့ ကြိမ်လုံး အောက်မှာ နောက်နှစ်အတန်းအတွက်စာကိုနှစ်ခါလောက် ပြန်လှန်သင်ကြားရေး စနေသော ကျနော့်ကို အဘယ်မှာ ယှဉ်နိုင်အံ့နည်း။ ထိုသို့အမေ့လက်အောက် ကိုးတန်းအထိ စာအသင်ခံလာသော ကျနော်သည် ဆယ်တန်းနှစ်မှာ အမေ ဆိုဆုံးမရသော၊သင်ကြားမရသော သူတစ်ယောက်ဖြစ်လာကာ အမေ၏ လက်မြှောက် အရှုံးပေးခြင်းကို ၀မ်းနည်းဖွယ်ရာ  လျစ်လျှူရှုခြင်း ခံခဲ့ရသည်။ မိဘလျစ်လျှူရှုခြင်းခံရလောက်အောင်ဆိုးရွားသော သား၊ သမီးပီပီ အောင်မြင်ဖြစ်ထွန်းသင့်သလောက် မဖြစ်မြောက်ဘဲ ကျော၊ ၀မ်းတစ်ခါးလှရုံ အသက်မွေးဝမ်းကျောင်း ဘာသာရပ် မတောက်တခေါက်နှင့် ဘ၀ကို အလျားလိုက် ဖြတ်သန်းနေရသည်။
          အနှစ်သုံးဆယ်ခန့် အထက်တန်းကျောင်းသားကြီးများကို သင်ကြားလာသော အတွေ့အကြုံရင့် ကျနော့် အမေဆရာမက “ နင်လောက် ဥာဏ်ကောင်းတဲ့ ကျောင်းသား ငါမတွေ့ဘူးသလို နင်လောက် ပျင်းတဲ့၊ ၀ရိယနည်းတဲ့၊ပေကတ်ကတ်နိုင်တဲ့ ကျောင်းသားလဲ မတွေ့ဘူး ဘူး” ဟု အခု အချိန်အထိ မကြာ၊ မကြာပြောတတ်သည်။
          ကျနော်နှင့်အမေ စာသင်ကြားရေးမှာ အဖုအထုံးဖြစ်စေကာ အမေ့ကို မတော်လှန်လို့ မဖြစ်တော့လောက်အောင်  ပုန်ကန်အုံကြွစေသော စိတ်ဓာတ်ကို ဖြစ်စေခဲ့သော ဘာသာရပ်မှာထို “ပထ၀ီဝင်” ဘာသာရပ်ပင် ဖြစ်သည်။ အမေတွက်ခိုင်းသော များပြားလှသည့် သချာင်္ဥာဏ်စမ်းများ၊အမေ အခေါက်ခေါက် အခါခါ၊ အပြန်ပြန်အလှန်လှန် လေ့ကျင့်စေသော English Grammar လေ့ကျင့်ခန်းများကို အမေစိတ်ကျေနပ်သည်အထိ စိတ်ပါဝင်စားစွာ လေ့ကျင့်၊ ကျက် မှတ်သည်။ ထို့အပြင်  စိတ်ဝင်စားဖွယ်လည်းကောင်း၊ အားတက်ဖွယ်ရာတွေလဲများသည့်သမိုင်းဘာသာရပ်ကို အမေ့အာဘော်အတိုင်း အလွတ်မကျက်မှတ်ဘဲ အဖြစ်အပျက်များ၊ လူများ ကိုကျနော် အလွတ်ပြောနိုင်သည်။ မြန်မာကဗျာတွေဆိုလျှင် ကျနော်က စာဆိုနှင့်တကွ ရင်ထဲစွဲခဲ့သည်အထိကျက်မှတ်ခဲ့သောကြောင့် ယခုအချိန်ထိ အလွတ်ဆိုလို့ရနေတုန်း။
 သို့သော် ပထ၀ီဝင်ဘာသာရပ် ကိုတော့ဖြင့် ဘယ်ဘ၀ အဆက်ဆက်ကမုန်းလို့ မုန်းခဲ့ မှန်းမသိအောင် မုန်းလွန်းခဲ့သည်။ ပထ၀ီမြေပုံတွေကို အမေပေးမည့် ဆုကိုလိုချင်၍သော်လည်းကောင်း၊(ဘောလုံးအသစ်ဝယ်ပေးမယ်၊ ညဗွီဒီယိုကြည့်သွားရင် ခေါ်မယ် စသည့်.စသည့်)ကြိမ်လုံးကို ကြောက်၍သော်လည်းကောင်း အထပ်ထပ် လေ့ကျင့်လေလေ ပိုမိုဆိုးရွားလေဖြစ်လာသည်။ကျနော်ဆွဲသားသော ပြည်နယ်နှင့်တိုင်း မြေပုံများသည် မြန်မာနိုင်ငံအတွင်းက နေရာကြီးပါဟုဘုရားနဲ့ ကြိမ်ပြောရလောက်အောင် စုတ်ပဲ့လွန်းခဲ့သည်။ ရှမ်းပြည်နယ်ကထွက်သော လိမ္မော်သီးကိုမြင်းခြံတွင် လိမ္မော်စိုက်ခင်းများစွာရှိသည်ဆိုပြီး အာကျယ်ကြီးနှင့် အမေ့ဆီ စာအအံ့မှာကျောပြင်ဗျောတင်ခံခဲ့ရဘူးသည်။
          “အငယ်ကောင်စာအုပ်တွေ ပြင်ထား ငါ ဒီအိမ်အလုပ်လေး ပြီးရင် ငါလာခဲ့မယ်” ဆိုကာ အမေ စာသင်ဖို့ ခေါ်သံကြားလျှင်ပထ၀ီစာအုပ်ကို ဟိုး…အောက်ဆုံးမှာ ဖွက်ထားသည်။ နယ်ပေါင်းစုံက တပည့်ပေါင်းစုံကို သင်လာခဲ့သောအတွေ့အကြုံရင့် အမေက ကျနော် လူလည်ကျနေတာကို အဘယ်မှာ မသိဘဲ နေပါအံ့နည်း။ ပထ၀ီက စသင်တော့သည်။ဤတွင် ကျနော့် စိတ်အကြည်ဓာတ်မှာလည်း နေပူမိထားသော ကတ္တရာလမ်းမပေါ် မိုးပြေးလေးရွာသလိုစိတ်မပါခြင်းများက အခိုးအငွေ့များလို တဖြည်းဖြည်းချင်း တက်လာတော့သည်။
          ကျနော်တို့ငယ်ငယ်ကတည်းက အဖေနှင့် အိမ်ထောင်ရေး အဆုံးသတ်ခဲ့သော အမေသည် နောက်အိမ်ထောင်မပြုဘဲ (ပြုမည်ဆိုကပြုနိုင်ခဲ့သည့်အရွယ်) သားသမီးတွေ ပညာရေးက တစ်ဖက်၊ စီပွားရေး၊ ချက်ရေး ပြုတ်ရေးက တစ်ဖက်ဖြင့်မအားလပ်နိုင်အောင် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် အမေသည် စိတ်မရှည်တတ်။ အမြဲတမ်း စိတ်ပမ်း၊လူပမ်းဖြစ်နေသော အမေသည် ကျနော်၏ ပေကတ်ကတ်ဖြင့် ပထ၀ီဘာသာရပ်ကို ကျက်မှတ်နေမှုများကိုဒေါသဖြင့် တုံ့ပြန်မိတတ်တာများသည်။ အမေ့စေတနာကို နားလည်ခံစားမိသော်လည်း ကျနော် စိတ်မ၀င်စားတာကစိတ်မ၀င်စားတာဘဲ ဖြစ်သည်။
          အမေစိတ်လက်ကြည်သာစွာဖြင့်သေချာရှင်းပြ၊ ကိုယ်တိုင်ဆွဲပြ၊ သားငယ်လေးက ဘာဖြစ်၊ညာဖြစ် ဆိုသည့် ချော့ပြီး စာအတူလိုက်ကျက်ပေးလျှင်ပထ၀ီဝင်ကို ကျနော် အလွတ်ရအောင် ကျက်မှတ်သည်။ နှစ်အစမှ နှစ်အဆုံးထိ ဘယ်လေ့ကျင့်ခန်း၊ပုစ္ဆာနံပါတ် ဘယ်လောက် ၊ အဖြေဘာဆိုတာထိ သင်္ချာဘာသာရပ်မှာ အလွတ်မှတ်မိနေတတ်သော ကျနော်သည်ပထ၀ီကတော့ဖြင့် အခုကျက် နောက်တစ်နာရီဆို “ဧရာဝတီမြစ်ကြီး စတင်စီးဆင်းရာသည် မြစ်ကြီးနားလေးကအမေရာ ကျနော် မေ့နေပြီ” ဆိုပြီး အမေ့စိတ်ရှည် သီးခံမှုများကို အဆုံး သတ်စေခဲ့သည်။
          အမေသည်ကလေးစိတ်ပညာရေးအရေးကြီးတယ်၊ စိတ်ရှည်ရမယ်၊ စိတ်ဝင်စားလာအောင် ဘာတွေနဲ့ လုပ်ပေးရင် ရတယ်ဆိုတာသိပေမယ့် ကျနော်၏ ပထ၀ီဘာသာရပ်အပေါ် ညံ့ဖျဉ်းလွန်းတာကိုတော့ဖြင့် စိတ်မရှည်နိုင်ခဲ့ပေ။မိသားစု ငါးယောက်တာဝန်ကို အထက်တန်းပြဆရာမ ဘ၀ဖြင့် ရုန်းကန်ရှာဖွေကာ (အဖေကတော့ ကွဲသွားကတည်းကလှည့်တောင် မကြည့်တော့) ထိမ်းသိမ်းလာရသော အမေ၏ စိတ်မရှည်မှုများသည် အမေ့အပြစ် လုံးဝမရှိ။တကယ်ကျတော့ ပထ၀ီဘာသာရပ်ကို ဘယ်လိုမှ စိတ်ပါဝင်စားလို့မရသော ကျနော်နှင့် ရုန်းကန်လှုပ်ရှားရသောအမေ့ဘ၀သည်သာ သဟဇာတ မဖြစ်ခဲ့သော ၀မ်းနည်းဖွယ် လွဲချော်မှု တစ်ခုပင်ဖြစ်သည်။
          သို့သော်အခု အသက်ကြီးမှ ပထ၀ီဘာသာရပ်ကို စိတ်ဝင်တစားဖြင့် ကမ္ဘာပါတ်ကြည့်နေတာကို အမေ့ကို ပြောပြလျှင်ဖြင့်“အငယ်ကောင်ရယ် မဟုတ်တာ မပြောစမ်းပါနဲ့..” ဆိုပြီး ရပ်သွမ်းသွေးနေနိုင်သည်။ အမေ့ ယုံကြည်မျှော်လင့်ချက် ပျောက်ဆုံးအောင် နေခဲ့သော သားတစ်ယောက်ပီပီ ကျနော်က ဘာများ စောဒက တက်နိုင်ပါမည်နည်း။
          အမေ့ယုံကြည်မှုကိုမရနိုင်သော်လည်း ကျနော့် စိတ်ဝင်တစားလေ့လာမှုကိုဖြင့် မလျှော့နိုင်။ တစ်နေ့ကို အနည်းဆုံးနာရီဝက်ခန့်ဖြင့်တော့ ပထ၀ီဝင်ဘာသာရပ်ကို ကမ္ဘာကြီးတစ်ခုကို ခြုံပြီး လွမ်းတမ်းတ အငမ်းမရလေ့လာနေသည်။ ကျနော်လေ့လာသည်က Google Earth ခေါ် google မှ အလကားပေးထားသော ပရိုဂရမ်ကိုအသုံးပြုခြင်းဖြစ်သည်။ ကျနော့် ဇာတိမြို့ မန္တလေးမှသည် တောင်ဝင်ရိုးစွန်း၊ မြောက်ဝင်ရိုးစွန်းအထိအပြန်ပြန်အလှန်လှန်ကြည့်မိ၊ လေ့လာမိသည်။
          လောပိတရေအားလျှပ်စစ်ဘယ်ပြည်နယ်မှာ ရှိမှန်းမသိသဖြင့် အမေကြီးနှင့်သာ ကျနော့်ကို အိပ်စေခဲ့သဖြင့် အမေ့အပြစ်ဒဏ်ကိုအခဲမကြေနိုင်သေးသော ကျနော်က Google Earth မှတစ်ဆင့် ဘီလူးချောင်းဖြားမှစတင်ကာ လောပိတကြီးကိုဖြတ်အင်းလေးကန်ကြီးတစ်ခုလုံး ကို ငှက်တစ်ကောင်လို တောင်မှမြောက်၊ အရှေ့မှ အနောက်သို့ အပြန်ပြန်အလှန်လှန်ကြည့်မိသည်။ဖားကန့် ၀ိုင်းမော်ဘက်မှ ကျောက်တွင်းများကိုလဲ ရှာဖွေကာ ကျောက်စိမ်းဆိုတာ ကချင်ပြည်နယ်ကထွက်တယ်ဆိုတာ တစ်ရေးနိုးဖင်ပိတ်ကန်မေးရင်တောင် ကျနော် ဖြေနိုင်သွားလောက်အောင် ကချင်ပြည်နယ်ကြီးသည်Google Earth ထဲတွင် ထင်ထင်ရှားရှား၊ ငြိမ်ငြိမ်သက်သက်။ လှလှပပ။    
          အင်္ဂလိပ်-မြန်မာပထမစစ်ပွဲမှာ မင်းကြီး မဟာဗန္ဓုလ နှင့် အင်္ဂလိပ်တို့ စစ်ထိုးပုံ၊ စစ်ဆင်ပုံကို စာရေးဆရာအကြမ်းခြစ်ပေးထားသော မြေပုံကို အဓိကမကြည့်တော့ဘဲ Google Earth ကတစ်ဖက်၊ စာအုပ်က တစ်ဖက်ဖြင့် အရသာခံသည်။
“မင်းဆယ့်ရှစ်နှစ်ပြည့်ပြီလား”ဆိုပြီးလူတိုင်းကို လူတိုင်းကို မေးခဲ့သော အဆိုတော် ငဖားကြီး ဆိုသည့် “ကစ္စပ္ပနဒီ” သီချင်းကိုနားထောင်ကာ ဖြစ်ပေါ်လာသော ကျနော့်အိပ်မက်ခရီးစဉ်ထဲရှိ ရခိုင်မှ ရှစ်သောင်းဘုရားကိုGoogle Earth ဖြင့် အကြို ကြိုကြည့်ကာ ဘယ်နေရာက ပိုပြီး ရှုခင်းကောင်းတယ်ဟုတောင် ကြိုတင်တေးမှတ်ထားမိသည်။
နီပေါနိုင်ငံလို ကုန်းတွင်းပိတ်နိုင်ငံနှင့်အချက်အချာကျလှသော နေရာတွင်တည်ရှိသည့် ရွှေနိုင်ငံကြီးကို ယှဉ်ကြည့်တာ ဒေါသက ငယ်ထိပ်တာလာတာလည်းကြုံရသည်။ Google Earth ထဲရှိ လေယာဉ်ပျံသလို ပျံသန်းသွားနိုင်သော Function ကို ရွေးကာပေနှစ်ထောင်အမြင့်မှ စကာင်္ပူမှ မြန်မာနိုင်ငံကို ပျံသန်းကြည့်ရာမှာ အရမ်းတော်သော ကျနော်သည်သီရိလင်္ကာကို ရောက်သွားတာလဲ ကြုံရသည်။
ဘတ်စကိုဒဂါးမား ဆိုသည့်ဘဲကြီး အားတိုင်းယားတိုင်းရှောက်သွားကာ နာမည်လျှောက် ပေးသွားသော Good Hope အငူကြီး (cape of goodhope) ကို မတွေ့မချင်းရှာကာ မှတ်သားသည်။ သတင်းတစ်ခုဖတ်မိတိုင်း ဘယ်တိုင်း ဘယ်နိုင်ငံဘယ်မြို့ဆိုတာ ပါပြီဆိုလျှင်ကို ကျနော့်မှာ အသင့်ဖွင့်ထားသော Google Earth ကို အသုံးပြုကာရှာဖွေ ကြည်ရတာကို က အရသာတစ်မျိုး ဖြစ်မှန်းမသိဖြစ်လာသည်။
အမေယုံတာ မယုံကြည်တာ အမေ့အလုပ်။ ဘာဘဲဖြစ်ဖြစ်ကျနော့် ပထ၀ီအထွေထွေ ဗဟုသုတများလာတာကို သက်သေပြဖို့ ဒီတစ်ခေါက် မြန်မာနိုင်ငံပြန်လျှင်အငြိမ်းစား ကျောင်းဆရာမကြီး အမေနဲ့ အားရပါးရငြင်းရအုံးမည်။ ထို့အပြင် Google Earthအသုံးဝင်ပုံ၊ အသုံးချနည်းကိုလဲ အမျိုးအဆွေတွေထဲရှိ ကလေးတွေအကုန်ကို အင်တာနက်ဆိုင် ခေါ်သွားကာသင်ပေးရမည်။
မဟုတ်သုတ်ကရ အပြာဆိုဒ်တွေ ကြည့်မိ၊တွေ့မိမှာစိုးသဖြင့် အင်တာနက်သုံးတာ ကန့်သတ်ချင်သော ကျနော့်ကို သူတို့လေးတွေ တအံ့တသြဖြစ်လေမည်လား။ 
သြော်…ကျနော်မေ့နေလိုက်တာ။
မြန်မာနိုင်ငံအင်တာနက်အမြန်နှုန်းနဲ့Google Earth သုံးလျှင် ကလေးတွေစိတ်ရှည်သီးခံမှုကို ဘယ်မှာ ရပါ့မလဲ။ မန္တလေး ကျုံးမြို့ရိုးကတကယ်လေးထောင့်ကျလို့လား ဟု မေးထားသော တူမအငယ်ကို စိတ်ရှည်သီးခံပြီး Google Earth ကတဆင့်ပြဖို့လွယ်မည်မထင်။ကလေးလေးတွေ စိတ်မရှည်စွာ မစောင့်နိုင်လို့ ထထွက်သွားရင်ကော ကျနော်ဘာများ တတ်နိုင်မှာလဲ။အမေနဲ့ ကျနော်ဖြစ်သလို သံသရာ တစ်ပါတ်ပြန်လည်တာဘဲလို့ ကျနော်စိတ်ထားရမည်ထင်သည်။
ဒီလိုသာဆို ဘုရားရှစ်ခိုးတိုင်း ကျနော်ဆုတောင်းရမည်။ “ဘ၀ ဆက်တိုင်း ဆက်တိုင်း.. အင်တာနက် မြန်နှုန်းမြင့်မြင့်ရှိသော၊  ဈေးနှုန်း သင့်တင့်လျှောက်ပါတ်သော၊ ပြည်သူပြည်သားတွေအပေါ်စေတနာထားသော အစိုးရအုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ အမေနဲ့အတူ သားအမိပြန်ဖြစ်ပါရစေ” လို့ဘဲဖြစ်သည်။
ကျနော့်ဆုတောင်းပြည့်ဖို့က နောက်ထပ်နှစ်ငါးဆယ်လား။ဒါဆို ကျနော် သေလောက်ပြီ။ လူပြန်ဖြစ်လို့ရပြီ။
သို့သော်  နောက်နှစ်ငါးဆယ်အထိ မပြောင်းမလဲဆိုရင် ကျနော့်ကိုနတ်ပြည်မှာ ခဏထားပြီး မစောင့်ခိုင်းထားနိုင်လျှင်တောင် ကျနော်ကတော့ ငရဲပြည်ကို ဒိုက်ထိုးဆင်းသွားပြီးစောင့်မည်။
ဘုရားရှင်တော်မြတ်က “ မြန်မာနိုင်ငံမှလားဒီပြင်နိုင်ငံကော ဟဲ့ကောင်လေးရဲ့” ဟု အမေးတော်ရှိလာလျှင်
“မြန်မာနိုင်ငံမှ မြန်မာနိုင်ငံပါဘဲဘုရား..” ဟု ပြန်လျှောက်တင်လိုက်မည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts