>Than Win Hlaing – Articles

>

မြန်မာ့သမိုင်းတကွေ့၌ သက်စွန့်သွားခဲ့ရသော ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော်နှင့် ကိုဖုန်းမော် – အပိုင်း (၁)
သန်းဝင်းလှိုင် ဒီဇင်ဘာ ၁၄၊ ၂၀၁၁


၁၃၀၀ ပြည့်အရေးတော်ပုံကြီးကာ မြန်မာ့သမိုင်းစာမျက်နှာမှာ အထင်ကရ အရေးတော်ပုံကြီးဖြစ်ပါတယ်။ ၁၃၀၀ ပြည့်နှစ် (၁၉၃၈ ခုနှစ်)ဟာ နယ်ချဲ့ဗြိတိသျှအစိုးရဟာ မြန်မာနိုင်ငံကို ၁၉၃၅ ခုနှစ် အုပ်ချုပ်ရေးဥပဒေအရဖွဲ့ပေးခဲ့တဲ (၉၁) ဌာနအုပ်ချုပ်ရေးကို စတင်စမ်းသပ်ခဲ့တဲ့ နှစ်လည်း ဖြစ်ပါတယ်။ ၉၁ ဌာနအုပ်ချုပ်ရေးဆိုတာက မြန်မာနိုင်ငံကို ၉၈ ဌာနခွဲပြီး အုပ်ချုပ်ရာမှာ ဗြိတိသျှဘုရင်ခံက အရေးကြီးတဲ့ (၇) ဌာ နကို ချုပ်ကိုင်အုပ်ချုပ်ပြီး ကျန် (၉၁) ဌာနကို မြန်မာကိုယ်စားလှယ်တွေနဲ ၀န်ကြီးအဖွဲ့တို့ ခွဲဝေအုပ်ချုပ်စေတာမို့ မြန်မာတွေအုပ်ချုပ်ရတဲ့ (၉၁) ဌာနကိုအစွဲပြုပြီး (၉၁) ဌာနအုပ်ချုပ်ရေးလို့ အမည်တွင်ခဲ့တာပါ။ အဲဒီ (၉၁) ဌာနအုပ်ချုပ်ရေးဟာ ၁၉၃၇ ခုနှစ်၊ ဧပြီလ (၁) ရက်မှ ၁၉၄၂ ခုနှစ်ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ရှည်ကြာခဲ့ပါတယ်။

အဲဒီ (၉၁) ဌာနအုပ်ချုပ်ရေးစတင်ပြီး မကြာခင်မှာပဲ ပြည်သူလူထုဆန့်ကျင်မှုတွေနဲ့ ထိပ်တိုက်တွေ့တောတာပဲ။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီး ရဲ့ ပွဲဦးထွက်နိုင်ငံရေးလှုပ်ရှားမှုကတော့ ရေနံမြေအလုပ်သမားသပိတ်ပဲဖြစ်ပါတယ်။ ချောက်မြို့ရှိ ဘီအိုစီရေနံမြေကုမ္ပဏီဟာ ရေနံမြေအ လုပ်သမားတွေကို အမျိုးမျိုး ဖိနှိပ်သွေးစုပ်ခဲ့တာကြောင့် အလုပ်သမားတွေဟာ ဖိနှိပ်သွေးစုပ်မှုဒဏ်ကိုမခံနိုင်တဲ့အဆုံး ၁၉၃၈ ခုနှစ်၊ ဇန်န၀ါရီ လမှာ မိမိတို့ရဲ့လုပ်ငန်းခွင်ထဲမှထွက်ခွာပြီး ကုမ္ပဏီကို သပိတ်မှောက်ခဲ့ကြပါတယ်။ ချေက်ရေနံမြေသပိတ်ကို ထောက်ခံတဲ့အနေနဲ့ အခြား ရေနံကုမ္ပဏီတွေဖြစ်ကြတဲ့ အိုင်ဘီစီ (IBC)၊ အန်အိုစီ (NOC) စတဲ့ ရေနံမြေကုမ္ပဏီတွေဟာလည်း သပိတ်မှောက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ချောက်မြို့က စတင်လိုက်တဲ့ရေနံမြေသပိတ်ဟာ မုံရွာ၊ ချောက်၊ လမ်းရွာ၊ စဥ့်ငူ၊ ရေနံချပ်၊ ရေနံချောင်း စတဲ့ရေနံမြေတွေအထိ တောမီးပမာ ပြန့်နှံ့ သွားပါတယ်ဗျာ။

အဲဒီနောက်ရေနံမြေအလုပ်သမာထုရဲ့နစ်နာချက်၊ တောင်းဆိုချက်တွေကို ဘီအိုစီကုမ္ပဏီက မသိကျိုးကျွံပြုခဲ့တာကြောင့် အလုပ်သမား ခေါင်းဆောင်တွေဟာ ၁၉၃၈ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့မှာ လူထုအစည်းအဝေးခေါ်ယူကျင်းပပြီး မိမိတို့ရဲ့နစ်နာချက်၊ တောင်းဆို ချက်တွေကို အစိုးရအဖွဲ့ထံ တင်ပြရန်အတွက် အလုပ်သမားတပ်ကြီးဖွဲ့ပြီး မိုင် (၄၀၀) ဝေးတဲ့ ရန်ကုန်ကို ခြေလျင်ခရီးချီတက်ခဲ့ကြပါတယ်။ ရေနံမြေသပိတ်တပ်ကြီးကို ဦးဆောင်ခဲ့သူ အဓိကပုဂ္ဂိုလ်ကတော့ သခင်ဖိုးလှကြီးပဲဖြစ်ပါတယ်။ သခင်ဖိုးလှကြီးဟာ အလုပ်သမားရပိုင်ခွင့်ကို နည်းနည်းမှအထိမခံသူဖြစ်ပါတယ်။ သူဟာ ပထမကမ္ဘာစစ်အတွင်းက မက်ဆိုပိုတေးမီးယားစစ်မြေပြင်ကို ကိုလိုနီခေတ်က ဖွဲ့စည်းခဲ့တဲ့ စစ်အင်ဂျင်နီယာ အလုပ်သမားတပ်မှာ ပါဝင်အမှုထမ်းခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ရေနံမြေသပိတ်ကြီး မကွေးမြို့ကို ၁၉၃၈ ဒီဇင်ဘာ ၅ ရက်နေ့အရောက်မှာ ရေနံသပိတ်တပ်ကြီးကို ဦးဆောင်ခဲ့တဲ့အလုပ်သမားခေါင် ဆောင်နောင်မှာ အာဠာဝကဘွဲ့ခံ သခင်ဖိုးလှကြီး၊ သခင်တင်၊ သခင်ဘတင်၊ သခင်ဘမောင်၊ သခင်ဇော် စတဲ့ပုဂ္ဂိုလ်များကို အစိုးရပုဒ်မ ၁၀၇ နဲ့ဖမ်းဆီးပြီး မကွေးထောင်မှာ ချုပ်ထားခဲ့ပါတယ်။ ရေနံမြေသပိတ်ခေါင်းဆောင်တွေ အဖမ်းခံရတာကြောင့် မကွေးမြို့မှာ (၇) ရက် လောက်သောင်တင်နေစဉ်မှာပဲ ရန်ကုန် တို့ဗမာအစည်းအရုံးဌာနချုပ်မှ ရွေးချယ်စေလွှတ်တဲ့ခေါင်းဆောင်သုံးဦး (သခင်စိုး၊ သခင်ဖေသန်း၊ သခင်ထိန်ဝင်း) တို့ဟာ ပုလိပ်စုံထောက်တွေကို လက်တစ်လုံးခြားရှောင်တိမ်းကာ မကွေးကိုရောက်လာပါတယ်။ အဲဒီနောက် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာပဲ ရေနံချောင်သပိတ်ကိစ္စကို ဖြေရှင်းရန် ရောက်ရှိလာသောဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) နှင့် တက္က သိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ဥက္ကဌ ကိုဗဟိန်းနှင့် အတွင်းရေးမှူး ကိုဗဆွေ (နောင် ဖဆပလ ၀န်ကြီးချုပ်) တို့ဟာ မကွေးမှာ ရပ်တန့်နေတဲ့ရေနံမြေသပိတ်တပ်ကြီးကိုအားပေးကြည့်ရှုခဲ့ကြပါတယ်။ အဲဒီညမှာပဲ ကိုဗဟိန်း၊ သခင်စိုးတို့ဟာ မကွေးအရေးပိုင်းရဲ့ ပုဒ်မ ၁၄၄ ကိုဖီဆန်ပြီ ဟောပြောတာကြောင့် အဖမ်းခံရပါတယ်။ ဖန်းဆီးနေစဉ်မှာပင် “ကျုပ်ကို အခုဖမ်းနေပါပြီ။ ကိစ္စမရှိပါဘူး။ ကျုပ်ကိုဖမ်းတဲ့အတွက် မနက်ဖြန်ဗမာတပြည်လုံးဘာတွေဖြစ်သွားမယ်ဆိုတာ သိရလိမ့်မယ်။ အလုပ်သမားအပေါင်းတို့ ရန်ကုန်ရောက်သည့်အထိ ရှေ့ဆက်ချီ တက်ကြပါ။ ခင်ဗျားတို့ တုတ်တစ်ချက်အရိုက်ခံရရင် မျက်နှာဖြူအစိုးရ မျက်ဖြူဆိုက်စေလိမ့်မယ်။ မြင်းခွာတစ်ချက်ပေါက်လိုက်ရင် မီးဟုန်း ဟုန်းတောက်စေရမယ်”ဟု ရဲရဲတောက်ပြောကြားခဲ့ရာ ရေနံမြေသပိတ်တပ်ကြီးဟာ စိတ်အားတက်ကြွလျှက် ဆက်လက်ချီတက်ရန် ပြင် ဆင်ပါတော့တယ်။

အာဏာဖီဆန်၍ တရားဟောပြောခဲ့သော ကိုဗဟိန်း၊ သခင်စိုး၊ သခင်ထိန်ဝင်းတို့အပြင် ကိုဘဆွေ၊ သခင်ဖေသန်းတို့လည်း တရားပွဲပြီးတာနဲ့ အဖမ်းခံခဲရပါတယ်ဗျာ။

အဲဒီလို ကျောင်းသားခေါင်ဆောင် ကိုဗဟိန်း၊ ကိုဗဆွေတို့နှင့် သံလျင်တို့ဗမာအစည်းအရုံးမှ သခင်စိုး၊ သခင်ထိန်ဝင်းတို့ အဖမ်းခံရတာကြောင့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအမှုဆောင်များဟာ အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ကြပါတယ်။ ဒီဇင် ဘာလ ၁၃ ရက်၊ ည ၇ နာရီခွဲမှာလဲ သမဂ္ဂအသင်းတိုက်မှာ ကျောင်းသားထုအစည်းအဝေးကို ထပ်မံခေါ်ယူပြီး

၁။ နယ်ချဲ့တို့မတရားဖမ်းထားသော ကျောင်းသားခေါင်းဆောင်များကို ချက်ချင်းလွတ်ရမည်။
၂။ တရားသဖြင့် ရသင့်ရထိုက်သောအခွင့်အရေးများကို သပိတ်မှောက်တောင်းဆိုနေကြသော ရေနံမြေအလုပ်သမားများကို မချူပ်ချယ်ရ။
၃။ မန္တလေးမြို့နှင့် မကွေမြို့တို့တွင် အစိုးရထုပ်ပြန်ထားသော ပုဒ်မ ၂၃ နှင့် ပုဒ်မ ၁၄၄ တို့ကိုရုပ်သိမ်းပေးရမည်။
စတဲ့အချက်တွေကို တင်ပြတောင်းဆိုရန်ဆုံးဖြတ်ခဲ့ကြပါသည်။ အဲဒီဆုံဖြတ်ချက်တွေကို အစိုးရထောင်တဲ့သတင်းစာတိုက်တွေကို ပေးပို့ခဲ့ ကြပါသည်။

အဲဒီနောက် ဒီစင်ဘာလ ၁၇ ရက်နေ့၊ နေ့လည် ၁၂ နာရီမှာလည်း ရန်ကုန်မြို့ပေါ်ရှိ ကျောင်းသားအားလုံး စုစည်းပြီး ရွေတီဂုံစေတီတော်ပေါ်ရှိ ရာဟူတောင့်မှာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဆုံးဖြတ်တောင်းဆိုချက်တွေကို ထပ်မံတောင်းဆိုခဲ့ကြပါတယ်။ အဲဒီနေ့ ညနေ ၅ နာ ရီမှာပဲ ရန်ကုန်မြို့မှာရှိတဲ့ကျောင်းသား တစ်သောင်းကျော်ဟာ “စီတန်းလှည့်လည်ချင်းမပြုရ အစည်းအဝေးမလုပ်ရ” ဆိုတဲ့အမိန့်ကို ဖီဆန် ပြီး ရန်ကုန်တမြို့လုံးကို စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ အစိုးရထံမှ ဘာတစ်ခုမှ ပြန်ကြားချက်မရတာကြောင့် အဲဒီညမှာပဲ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းရှိ သမဂ္ဂ အသင်းတိုက်မှာ အစည်းအဝေးခေါ်ယူပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ အတွင်းဝင်ရုံး (နောင် ၀န်ကြီးများရုံး) ကိုဝိုင်းပြီး သပိတ်တားကာ မိမိ တို့ ကျောင်းသားခေါင်းဆောင်များ လွတ်မြောက်ရေးအတွက် ရေးဆိုရန်ဆုံဖြတ်ခဲ့ကြပါတယ်။

ဒီလိုနဲ့ ဒီဇင်ဘာလ၂၀ ရက်နေ့မှာပဲ ကျောင်းသားအင်အားတစ်သောင်းကျော်ဟာ စုရုံးရာက်ရှိလာပြီး အတွင်းဝင်ရုံးကို လှည့်လည်ကာ “တို့ ခေါင်းဆောင်တွေအမြန်လွတ်” “လွတ်လပ်ရေးတွေအမြန်ပေး” “အရေးတော်ပုံအောင်ရမည်” “တို့ဗမာဟေ့ … …တို့ဗမာ” ဟု ဟစ်ကြွေးပြီး ဆန္ဒပြရာ ကြွေးကျော်သံများ ပဲ့တင်ဟည်းသွားပါတော့တယ်။ ကြွေးကျော်သံများကို ဂျပ်ဆင်ကောလိပ်ကျောင်းသား ကိုအောင်ကျော်က တိုင်ပေးခဲ့ပါတယ်။

ပုသိမ်ပုလိပ်စုံထောက်ဌာနမှ အင်စပက်တော် ဦးရွေဘဟာ ကျောင်းသားလုပ်ရှားမှု စတင်ကတည်းက နောက်ယောင်ခံလိုက်လာပြီးလျှင် အတွင်းဝင်ရုံးတံခါးဝမှာ ကျောင်းသားတွေ စုဝေးသပိတ်မှောတာနဲ့တပြိုင်နက် မဂိုလမ်း (ရွှေဘုံသာလမ်း) ဂတ်တဲကို သတင်းပို့ခဲ့ပါတယ်။ ဒီလိုနဲ့ ပုလိပ်မင်းကြီးရေးနိုးဟာ အင်အားလေးရာရှိတဲ့ ပုလိပ်အဖွဲ့ကို ချက်ချင်းစုစည်းပြီး အတွင်းဝင်ရုံး တောင်ဘက်ဘရွတ်ကင်းလမ်းထဲရှိ မင်္ဂလာပုလိပ်ဂတ်တွေ နေရာချထားခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာပဲ လက်ထောက်ပုလိပ်မင်းကြီး မစ္စတာတိုက် (Mr. Tydd) ကို ပုလိပ် အင်အားတစ်ရာလောက်နဲ့ မြင်းစီးပုလိပ်တို့ကို ကြီးကျပ်ခိုင်းပြီး ကျောင်းသားများကို လူစုခွဲရန် စေလွတ်လိုက်ပါတယ်။

ဒီလိုနဲ့ကျောင်းပေါင်းစုံမှ ကျောင်းသားထုတစ်ရပ်လုံးအတွင်းဝင်ရုံးကို သပိတ်မှောက်ဆန္ဒပြနေတာကြောင့် အတွင်းဝင်ရုံးဟာ ဘာကိုမှ လုပ် ကိုင်မရတော့ဘဲ ပိတ်လိုက်ရပါတော့တယ်။ ထိုအချိန်မှာပဲ ကျောင်းသားများဟာ နေ့လည် ၁ နာရီလောက်မှာ ဆန္ဒပြပွဲတနေ့တာအောင် မြင်မှုရလိုက်တာကြောင့် လေးယောက်တွဲတန်းးစီပြီး အတွင်းဝင်ရုံးကို လက်ျာရစ်သုံးပတ်ပတ်ပြီး ပြန်မယ်အပြုမှာ လက်နက်ဟူ၍ အပ်တို တစ်ချောင်းမှမပါသော ကျောင်းသားထုအား နယ်ချဲ့လက်ပါးစေပုလိပ်တပ်များဟာ မြင်းနဲ့ တလက်ကြမ်းဝင်တိုက်ပြီး နံပါတ်တုတ်တွေနဲ့ အတင်းဝင်ရောက်ဖြိုခွင်းခဲ့တာကြောင့် ရှေ့ဦးစွာ ကျောင်းသူမစောရီမှာ ခေါင်းကွဲပြီး ဒဏ်ရာပြင်းထန်စွာရရှိသွားပါတော့တယ်။ ကျောင်းသား ကိုကြည်မောင် (နောင် NLD ဥက္ကဌ) ဟာလည်း ပုလိပ်နံပါတ်တုတ်ချက်ကြောင့် မြေပေါ်ပုံကျသွားပါတယ်။ ပုလိပ်တွေရိုက်တဲ့နံပါတ်တုတ်ဟာ အရှည်နှစ်တောင့်တစ်ထွာ လုံးပတ်ငါးလက်မခန့်ရှိပါတယ်။

အဲဒီနေ့က လက်နက်မဲ့ အေးချမ်းစွာ ဆန္ဒပြနေတဲ့ကျောင်းသားတွေကို အာဏာရှင်လက်ပါးစေပုလိပ်တို့ရဲ့ ၀ိုင်းရိုက်သေားဒဏ်ကြေင့် ကို အောင်ကျော်အပါအ၀င် ကျောင်းသားကျောင်းသူပေါင်း သုံးရာကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ အစိုးရအစီရင်ခံစာနဲ့ ကျောင်းသား ၁၈၀ ယောက်သာ ဆေးရုံသို့ရောက်ခဲ့ကြောင်း စာရင်းပြခဲ့ပါတယ်။ ဒဏ်ရာပြင်းထန်စွာ ရရှိသူတွေကတော့ ဂျပ်ဆင်ကောလိပ်အိုင်အေ အထက် တန်းမှ ကိုအောင်ကျော်၊ ကိုထွန်းရှိန် ယူနီဗာစတီအထက်တန်းမှ ကိုရွှေမောင်၊ အိုင်အေအထက်တန်းမှ ကိုသိန်းလှိုင်၊ ကိုသန်း၊ ကိုတင်မောင်၊ ဘီအေအထက်တန်းမှ ကိုတင်မောင်တို့ပဲဖြစ်ပါတယ်ခင်ဗျာ။ အဲဒီနေ့မှာပဲ ဒီစင်ဘာလ ၂၁ ရက်နေ့မှာလည်း ရန်ကုန်တက္ကသိုလ် ကျောင်းသား များသမဂ္ဂဥက္ကဌ ကိုလှရွှေက မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ကျောင်းသားများသပိတ်မှောက်ကြရန် နိုးဆော်စာ ထုတ်ပြန်ခဲ့ပါတယ်။

နံပါတ်တုတ်နဲ့ ခေါင်းမှာ အချက်ပေါင်းများစွာ အရိုက်ခံရတဲ့ ကိုအောင်ကျော်ဟာ ဒဏ်ရာပြင်းထန်တာကြောင့် ပထမဦးဆုံး ရန်ကုန်ဆေးရုံ ကြီးမှာ ဆေးထည့်ပတ်တီးစည်းပြီး တက္ကသိုလ်ဆေးရုံကို အဖော်ကျောင်းသားများက တွဲခေါ်လာပြီး ဆက်လက်ကုသပေးကြပါတယ်။ ဒါပေ မယ့် အခြေအနေဆိုးဝါးလာတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ဒီစင်ဘာလ ၂၁ ရက်နေ့၊ ည ၇ နာရီခွဲမှာ အရေးပေါ် ပြန်လည်တင်ပို့ခဲ့ရပါတယ်။ ခွဲစိတ်မကုသရသေးမီ ဒီစင်ဘာလ ၂၂ မနက် ၁ နာရီ ၂၅ မိနစ်မှာ ကွယ်လွန်အနစ္စရောက်သွားခဲ့ပါတယ်ဗျာ။ ကွယ်လွန်စဉ်က ကိုအောင် ကျော်ဟာ အသက် ၂၂ သာ ရှိပါသေးတယ်။ တကယ်တော့ ကိုအောင်ကျော်ဟာ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးအတွင်း တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးသွားတဲ့ ကျောင်းသားတစ်ဦးဖြစ်ပြီး အာဇာနည်တစ်ဦးအဖြစ် ကျဆုံးသွားခဲ့တာကြောင့် အာဇာနည်ဘွဲ့ချီးမြင့်ခံရ ကာ ဗိုလ်အောင်ကျော်ဟု အမည်တွင်ခဲ့ပါတယ်ဟာ။

ကိုအောင်ကျော်ကို ၁၉၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက် တနင်္ဂနွေနေ့မှာ ဟသာင်္တခရိုင် မဲဇလီကုန်း ရုံးဇင်ရွာတွင် အဖ အလည်တန်း ကျောင်းအုပ်ကြီး ဆရာဦးကျော်ဒင်၊ အမိ ဒေါ်ဆွေကျော့တို့မှ ဖွားမြင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ဘိလပ်ပြန်ဦးကျော် (အရှင်ကျော်) ရဲ့တူ လည်းဖြစ်ပါတယ်။ ညီကိုမောင်နှမ ၁၁ ယောက်ရှိတဲ့အနက် ဆဌမမြောက် ဖြစ်ပါတယ်။ မွေးချင်ပေါက်ဖော်တွေဟာ ဖခင်ကဲ့သို့ ကျောင်း ဆရာ ဆရာမများဖြစ်ကြပါတယ်။ ကိုအောင်ကျော်ဟာ ငယ်စဉ်က ဖခင်ရဲ့အလည်တန်းကျောင်းမှာ သူငယ်တန်းမှ ၆ တန်းအထိ ပညာသင် ကြားခဲ့ပြီး အလယ်တန်းပညာကိုတော့ ၎င်းရဲ့ဇာတိ ရုံးဇင်ရွာနှင့် တစ်မိုင်လောက်ဝေလံတဲ့ အမျိုးသားအလည်တန်းကျောင်းမှာ ပြောင်ရွှေ့သင် ကြားခဲ့ပါတယ်။ အဲဒီကျောင်းမှ သတ္တမတန်းအောင်ပြီးတဲ့နောက် ဟင်္သာတမြို့ရှိ ဒေါက်တာလာမ်းမင်း အထက်တန်းကျောင်းမှဆက် လက်သင်ယူပါတယ်။ အဲဒီကျောင်းဟာ အနောက်တိုင်းဆန်တဲ့ကျောင်းဖြစ်တာမို့ ကိုအောင်ကျော်အတွက် မျက်စိစပါးမွှေးဆူးစရာပါပဲ။ ထိုနေရာထိုဒလေ့ကိုသရော်တဲ့အနေနဲ့ ကိုအောင်ကျော်ဟာ ခုံဖိနပ်စီး ပင်နီတိုက်ပုံဝတ် ကတုံးဆံတောက်ညှပ် (နောင် တွင်အောင်ကျော်ဆံတောက်ဟူ၍ခေါ်တွင်) ကာ ဘုကျကျ ကလန့်တိုက်နေခဲ့ပါတယ်။ ဒါပေမဲ့ ပညာရေးမှာထူးချွန်သူဖြစ်တာကြောင့် ၁၉၃၄ ခုနှစ်မှာ ၁၀ တန်းစာမေးပွဲကို ဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပါတယ်။

ဆရာသမားတွေရဲ့စကားကိုမြေ၀ယ်မကျနားထောင်တက်သော ဗိုလ်အောင်ကျော်ဟာ ဆရာများရဲ့ညွှန်ကြားချက်အတိုင်း ၁၉၃၄ -၃၅ ပညာသင်နှစ်မှာ ဂျက်ဆင်ကောလိပ်သို့ တက်ရောက်ခဲ့ပါတယ်။ ဂျက်ဆင်ကောလိပ်ဟာ ရန်ကုန်ကောလိပ်နှင့် ခေတ်ပြိုင်ကောလိပ်ဖြစ်ပြီး ၁၈၇၂ မေလ ၂၈ ရက်နေ့မှာ ရန်ကုန် ဘက်ပတစ်ကောလိပ်အမည်နဲ့ စတင်ဖွင့်လှစ်ခဲ့တဲ့ကောလိပ် ဖြစ်ပါတယ်။ ဂျက်ဆင်ကောလိပ်မှာ ကို အောင်ကျော်ဟာ မြန်မာဘာသာ စီးပွားရေးဘာသာတွဲကိုယူပြီး တက္ကသိုလ်ပညာကို ဆက်လက်ဆည်းပူးခဲ့ရာ မြန်မာစာမှာထူး ချွန်ခဲ့တာ ကြောင့် မြန်မာစာကထိက ဦးထွန်းဖေက မြန်မာစာဂုဏ်ထူးတန်းတက်ရန်ပင် တိုက်တွန်းခြင်းခံရဘူးပါတယ်။

အမျိုးသားရေစိတ်ဓာတ်ပြင်းပြသော ကိုအောင်ကျော်ဟာ ကောလိပ်ကျောင်းမှ အနောက်တိုင်းဆန်သမျှကိုရှောင်ဖယ်လေ့ရှိပါတယ် အမျိုး သားရေးစိတ်ဓာတ်ကို အမူမရာနဲ့သာမက စာပေအဟောအပြောတို့နဲ့ပါ ပြသခဲ့ပါတယ်။ နှစ်စဉ် ပါတော်မူနေ့နှင့် အမျိုးသားအောင် ပွဲနေ့ များသို့ကျရောက်တိုင်း ကိုအောင်ကျော်ဟာ မိမိမြို့ကိုပြန်ပြီး အမျိုးသားရေးဝန်သာနုတရားများကို ဟောပြောလေ့ရှိပါတယ်။ ရပ်ရွာကျေး လက်တွေမှာ စာကြည့်တိုက်ဖြစ်မြောက်ရေးအတွက် တတ်နိုင်သမျှအကူအညီပေးခြင်း၊ စားရလုပွဲများ၊ ကျပန်းစကားပြိုင်ပွဲများ၊ မြန်မာ့ ရိုးရာအား ကစားပြိုင်ပွဲများကို ဦစီးကျင်းပပေးလေ့ရှိပါတယ်။ တခါက ပါတော်မူနေ့တွင် ကိုအောင်ကျော်ဟာ ဂျက်ဆင်ကောလိပ် ကျောင်း ကြော်ငြာဆိုင်းဘုတ်မှာ နယ်ချဲ့ဆန့်ကျင်ရေးဆောင်းပါးများကိုရေးသားကာ အောက်၌ “ဤနေ့သို့ရောက်တိုင်း နိုင်ငံခြားသားများကို စိတ်နာ ကြီးသည်။ ဤနေ့သို့ရောက်တိုင်း နိုင်ငံခြားသားများနှင့်အလိုတော်ရိများကို ကျွန်ုပ်စကားမပြောလို” စသည်ဖြင့် ကပ်ထားရာ ဖခင်ထံတိုင် ကြားခြင်းခံရပါတယ်။

၁၉၃၈ ဇူလိုင်လ၂၆ မှာ ဦးရွှေဖီဆိုတဲ့ မူဆလင်ဘာသာဝင်တစ်ဦးရေးတဲ့ မော်လ၀ီနှင့်ယောဂီစာတမ်းကို အကြောင်းပြုပြီးဖြစ်ပွားခဲ့တဲ့ ကုလား-ဗမာ အဓိကရုဏ်းအတွင်း ကိုအောင်ကျော် ဇာတိမြို့မှာလဲဖြစ်ပွားခဲ့ရာ အဖမ်းခံရသူ အများအပြားရှိခဲ့ပါတယ်။ ကိုအောင်ကျော်ဟာ ချက်ချင်းဆိုသလိုရောက်လာပြီး ပါလီမန်အမတ် ဟင်္သာတဦးမြ မြို့မဆရာဟိန်းတို့နှင့်တိုင်ပြီး ဟင်္သာတထောင်တွင်းသို့ ၀င်ရာက်ကာ ဖမ်း ဆီးခံရသူများကို အားပေးစကားပြောကြား၍ လိုအပ်သမျှကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

အဲဒီနောက် စောစောကတင်ပြခဲ့သလို ၁၃၀၀ ရာပြည့်အရေးတော်ပုံကြီးမှာ ကိုအောင်ကျော်ဟာ ကျောင်သားများသမဂ္ဂအမှုဆောင်တွင်ပါ ၀င်လှုပ်ရှားလျှက် အရေးတော်ပုံကိစ္စများကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ကိုအောင်ကျော်ဟာ ကျောင်းသားလူငယ်တစ်ဦး ပင်ဖြစ်သော်လည်း နယ်ချဲ့ဆန့်ကျင်ရေးအရေးတော်ပုံအတွင်း ပုလိပ်တို့ရဲ့လက်ချက်ဖြင့် လဲကျနေသောကျောင်းသူတစ်ဦးကို ပုလိပ်တို့ရက်စက်စွာရိုက်နှက်မှုဘေးမှ မိမိကိုယ်ကို အနစ်နာခံကာ ခုခံကာကွယ်ရင်း ပုလိပ်နံပါတ်တုတ်ဒဏ်ကြောင့် ဦးခေါင်းမှာ ပြင်းထန်စွာဒဏ်ရာရပြီး သုံးရက်နီးပါး မေ့မျောကာ ကြေကွဲဖယ်သေဆုံးသွားခဲ့ရပါတယ်ဗျာ။

ကိုအောင်ကျော်ရဲ့ဈာပနကို တို့ဗမာအစည်းရုံးဌာနချုပ်က ဦးဆောင်ဦးရွက်ပြုပြီး ကျောင်းသားများသမဂ္ဂနှင့် မြို့မိမြို့ဖ ပူးပေါင်းကာ ဈာပန ကို ကြီးကျယ်ခန်းနားစွာ ကျင်းပခဲ့ကြပါတယ်။

ထိုစဉ်က ရန်ကုန်မြို့ရှိတက္ကသိုလ်နှင့် အထက်တန်းကျောင်းသားများဟာ သပိတ်ဆက်လက်မှောက်ပြီး တောင်းဆိုချက်များ မရမချင်း တိုက်ပွဲဝင်နေကြပါတယ်။ သပိတ်စခန်းကိုတော့ ဒဂုံမြို့နယ်ရှိ မြို့မကျောင်းတိုက်မှာဖွင့်လှစ်ထားပါတယ်။ ဒီဇင်ဘာလ၂၄ ရက်နေ့မှာ ကို အောင်ကျော်ရုပ်ကလပ်ကို ရန်ကုန်ဆေးရုံကြီးရေခဲတိုက်မှ ရန်ကုန်တက္ကသိုလ်ပရ၀ဏ်အတွင်းရှိ ကျောင်းသားသမဂ္ဂ အသင်းတိုက်ကိုယူ ဆောင်ရန် ရုပ်ကလာပ်ထုတ်ယူနေစဉ်အတွင်း ရေနံချောင်းအလုပ်သမားအစည်းအရုံးမှ သခင်စံထွန်းလှကို လူထုအုံကြွမှုလုပ်ဆောင်တယ် ဆိုပြီး အရေးကြီးဥပဒေပုဒ်မရ ဖမ်းဆီးခဲ့ပါသေးတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ကိုအောင်ကျော်ရဲ့ရုပ်ကလာပ်ကို အခမ်းအနား နဲ့ ကြံတောသုသာန်ကိုပို့ဆောင်ရာ လူထုတစ်သိန်းကျော်လိုက်လံပို့ဆောင်ခဲ့ပါတယ်။ မသင်္ဂြိုဟ်မှီအတွင်း ကိုအောင်ကျော်ကို ဆရာကြီး ရွှေပြည် ဦးဘတင် (စွယ်စုံရအနုပညာရှင်ဦးဝင်းဖေ၏ ဖခင် ) က သူရဲကောင်းအာဇာနည်အဖြစ် ချီးကျူးစကားပြောကာ နေမျိုးသီဟသူရ ဗိုလ်အောင်ကျော်ဘွဲ့ကိုပေးအပ်ခဲ့ပါတယ်ဗျာ။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts