ကဗျာ

မောင်စိုးချိန် – မြေအောက်ရဲဘော်

မြေအောက်ရဲဘော်
(တော်လှန်သောလူထုနဲ့ မြေအောက်ရဲဘော်များသို့ ဦးညွတ်ဂုဏ်ပြုကဗျာ)
မောင်စိုးချိန်
ဇူလိုင် ၅၊ ၂၀၁၄


စစ်အာဏာရှင်မွန်းတည့်နေလုံးတဲ့လားဟေ့
ဆွဲချ မြှုပ်နှံ သင်္ချိုင်းပို့ခဲ့ကြ
အံ့မခမ်း လူထုအင်အား
မြေအောက်ရဲဘော်တို့ရဲ့
ကြီးမားရုန်းကန်မှုနဲ့။

မွန်းကြပ်လွန်းဘဝထဲ
ဆင်းရဲမွဲတေ
ဒီမိုကရေစီ ဆိတ်သုဉ်းမွဲတေ
တည်ငြိမ်  ငြိမ်းချမ်းမှု
ခြောက်ကပ်ပိန်ပါးမွဲတေ
မွဲတေမှု အသင်္ချေ
ဖိနှိပ်မှု အနန္တအောက်က
လွတ်မြောက်ဖို့အရေး
တော်လှန်ရေး တခုတည်းသာရှိနေလေတော့။

မတရားမှု
အမှောင်ထုအောက်က
လမ်းပြ ကြယ်နီရွှန်းတောက်
မြေအောက်တော်လှန်ရေးတပ်သား
လေးစားချစ်စရာကောင်းရဲ့
အရုဏ်ဦးသူတို့
အသက်ပေးရုန်းကန်ခဲ့ပေါ့။

၈၈ အရေးတော်ပုံမတိုင်မှီ
ဆယ်စုနှစ်များထဲက
မြေအောက်လှုပ်ရှားခဲ့ကြရဲဘော်တွေ
စစ်အကျဉ်းထောင်မှာ ဖမ်းထည့်ခံခဲ့ရ
ချေမှုန်းခံကြရ
စစ်ထောက်လှန်းရေး
စစ်ကြောရေးလက်ချက်
အသက်ပေးခဲ့ကြရ
ကောက်ကျစ် ညှင်းပမ်း
ရက်စက် အထပ်ထပ်ဒဏ်နဲ့
ရူးသွပ် ကြောင်တောင်တောင်ဖြစ်သွားကြ
ရောဂါဆိုးတွေ ရခဲ့ကြ
အသက်တိုခဲ့ကြ။

မြွေလက်ပတ် အကိုက်ခံရသလို
ဘဝတွေ တရိရိ ကြေမွ
မိသားစု ဘဝကြေမွ မရှုမလှ
စွန့်လွှတ်အနစ်နာခံခဲ့ကြ
သူရဲကောင်းတွေပေါ့။

မြေအောက်ရဲဘော်တွေက
ချွန်မြစိတ်ဓါတ် လှေခါးဆင်ပေး
အတွေးအခေါ် တံတားထိုးပေး
တိုက်ပွဲ သံမဏိကြိုးတွေနဲ့ ချည်တုတ်ပေး
ကြီးမားလူထုအင်အား တည်ဆောက်ပေး
စစ်မိစ္ဆာအာဏာရှင်ကို
ဆွဲချခဲ့ကြ
နန်းတော်ပြသာဒ်ကောင်းကင်
မီးတင်ရှို့ခဲ့ကြ
အောင်သီးအောင်နှံ ဆွတ်ခဲ့ကြပေါ့။

ဗမာပြည်သမိုင်းက
သင်တို့အား မှတ်တမ်းတင်
တိုင်းပြည်ရဲ့ သားကောင်း သမီးကောင်းရတနာ
သိက္ခာတန်ဘိုးကြီးမား မြင့်မြတ်
သူရဲကောင်းများအဖြစ်
ကမ္ဗည်းသစ် ထိုးမှတ်ခဲ့လေရဲ့။

မောင်စိုးချိန်
ဇွန် ၂၁ ၊၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts