Uncategorized

Ashin Nanika – As dear as Life …

အသက်တမျှ
အရှင်ဉာဏိကာဘိဝံသ၊ အောက်တိုဘာ ၄၊ ၂၀၁၃
“သင်္ကန်း ကထိန်၊ ကျောင်းမှာ သိမ်၊ ဆွမ်းမှာ ပိဏ်”ရယ်လို့ ကုသိုလ်နဲ့စပ် အမြတ်ဖြစ်တဲ့အရာများကို ပြောတတ်ကြတယ်။ သံဃာတော်များဝတ်ရုံသုံးဆောင်နိုင်ရန်အတွက် ရည်ရွယ်ချက်အမျိုးမျိုးနဲ့ သင်္ကန်း အလှူ လှူတတ်ကြတယ်။ အဲဒီသင်္ကန်းအလှူတွေထဲမှာ ကထိန်သင်္ကန်းဟာ အမြတ်ဆုံးဖြစ်တယ်လို့ ဆိုလိုတာပါ။
သင်္ကန်းချင်းအတူတူ ကထိန်သင်္ကန်းအလှူက ဘာကြောင့်ပိုပြီးမြတ်တယ်လို့ ပြောရတာလဲ။ ကထိန် သင်္ကန်းအလှူက သံဃာတော်များအတွက် အချို့သောဝိနည်းသိက္ခာပုဒ်တွေကို ဖြေလျော့ပေးတာမို့ သံဃာတော်များအတွက် နေထိုင်ရတာ ပိုမိုသက်သောင့်သက်သာဖြစ်စေတယ်။ မပင်မပန်းလွယ်ကူစွာ သွားလာနိုင်တယ်စတဲ့အကျိုးတရားတွေကို ဖြစ်စေနိုင်တယ်။ အခြားသင်္ကန်းများက အဲဒီလိုအကျိုး အာနိသင်တွေကို သံဃာတော်တွေမှာ မရစေဘူး။ ဒါကြောင့် သာမန်သင်္ကန်းအလှူများထက် ထူးကဲတဲ့ ကောင်းကျိုးကိုဖြစ်စေနိုင်တာမို့ ကထိန်သင်္ကန်းအလှူကို အမြတ်ဆုံးလို့ ဆိုလိုတာဖြစ်တယ်။
ဆွမ်းအလှူမှာလည်း အမျိုးမျိုးရှိတယ်။ ဆယ့်ငါးရက်တစ်ကြိမ်၊ တစ်လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် လှူဒါန်းတဲ့ဆွမ်းကစလို့ မွေးနေ့ဆွမ်း၊ မင်္ဂလာဆွမ်း စသဖြင့်ပေါ့။ အဲဒီဆွမ်းအလှူတွေထဲမှာ နေ့စဉ် မပျက် ၀တ်ထားပြီး ရဟန်းတော်သပိတ်ထဲ လောင်းလှူဒါန်းတဲ့ ပိဏ္ဍပါတ်ဆွမ်း အလှူဟာ အမြတ်ဆုံး ဖြစ်တယ်လို့ ဆိုလိုရင်းဖြစ်တယ်။ အမြဲတမ်းကုသိုလ်ပွားနေစေတဲ့( အာစိဏ္ဏကံ) ကုသိုလ်မျိုးပေါ့။
ကျောင်းမှာသိမ် ဆိုတာကတော့ သာသနာတော်မှုာ သိမ်ဆိုတာက မရှိမဖြစ် အရေးအကြီးတဲ့အရာ တစ်ခုပါ။ ရဟန်းခံချင်တယ်ဆိုရင် သိမ်မရှိက ရဟန်းခံလို့ မရပါဘူး၊ သံဃာတော်များ ဥပုသ်ကံပြုချင် တယ်ဆိုရင်လည်း သိမ်မရှိပါက ဥပုသ်ကံပြုလို့ မရနိုင်ပါဘူး။အချို့သိက္ခာပုဒ်တွေ လွန်ကျူးမိလို့ ၀ိနည်းနဲ့ အညီ ကုစားလိုတယ်ဆိုရင်လည်း သိမ်မရှိက ကုစားလို့ မရနိုင်ပါဘူး။ ကထိန်ခင်းချင်တယ်ဆိုရင် သိမ်မရှိက ကထိန်ခင်းလို့မရပါဘူး။ ဒါကြောင့် သိမ်ဟာ သာသနာတော်မှာ အင်မတန်အရေးကြီးပြီး ကျေးဇူးများတဲ့ အရာဝတ္ထုဖြစ်ပါတယ်။ သိမ်ဆိုတာ ရဟန်းအသစ်များဖြစ်ပေါ်လာစေဖို့ အထောက်အကူ ဖြစ်စေသလို ရဟန်းအပြစ်အချို့ ပြေပျောက်စေရန်အတွက်လည်း ထောက်ကူလို့ပေးပါတယ်။
တကယ်တော့ ဗုဒ္ဓက ၀ိနည်းကံနဲ့အညီ သိမ်ဆိုတာကိုသာ ခွင့်မပြုခဲ့ဘူးဆိုလျင် ခုဖူးမြော်ခွင့်ရနေတဲ့ သံဃာတော်တွေဆိုတာကိုလည်း တွေ့မြင်ရမှာ မဟုတ်ပါဘူး။ သံဃာတော်တွေဆိုတာ မရှိခဲ့ရင်လည်း သာသနာတော်ကို အဆင့်ဆင့်လက်ဆင့်ကမ်းမည့်သူဆိုတာ မရှိနိုင်လို့ ဗုဒ္ဓအဆုံးအမ သာသနာတော် ဆိုတာလည်း ရှိနိုင်မယ် မဟုတ်ပါဘူး။ ဒါကြောင့် သိမ်ဆိုတာ သာသနာတော် အသက်ဆက်ရေးမှာ အသက်တမျှ အခရာကျတဲ့ အသက်ဆက် အလှူတစ်ခုသာပါ။ ကျောင်းဆောက်လှူဒါန်းမည်ဆိုလျှင် ရိုးရိုးကျောင်း ဆောက်လုပ်လှူတာထက် သိမ်ကို ဆောက်လုပ်လှူဒါန်းတာက ပိုမိုအသုံးဝင် ကျေးဇူး များလို့ ကျောင်းမှာ သိမ်လို့ဥဒါန်းစကားဆိုခြင်းဖြစ်ပါတယ်။
မြတ်သောအလှူဆိုတာ အသာထားပြီး အမှန်တကယ်လိုအပ်နေတဲ့နေရာမှာ လိုအပ်တဲ့အလှူ လှူဖြစ် တယ်ဆိုတဲ့ရှုထောင့်ကစဉ်းစားနိုင်ဖို့ အနည်းငယ်ပြောပြချင်ပါတယ်။
အလုပ်က ခွင့်ရခိုက် မုဒိတာရွှေကျောင်းကိုလာရောက်ပြီး ဒုလ္လဘရဟန်းဝတ်လိုကြကြောင်း မကြာခဏ လျှောက်ထားတတ်ကြတယ်။ မုဒိတာရွှေကျောင်းမှာက သိမ်ကမရှိသေးဘူး။ ဒါကြောင့် လျှောက်ထား တတ်ကြတဲ့ သူတို့တွေကို သာသနာတွင်း သွတ်သွင်းချီးမြှောက်ပြီး တရားဘာဝနာ ပွားများခွင့်ရနိုင်စေဖို့ အကူအညီပေးခွင့် မသာနိုင်ခဲ့ဘူး။ ကိုယ့်စိတ်က ဘယ်လိုပင်ကူညီလိုပေမယ့် မဖြစ်မနေရှိရမည့်အရာက ရှိမနေတာကြောင့် ကူညီခွင့်မသာခဲ့ပါဘူး။
နောက်ပြီး မြန်မာပြည်က နာမည်ကြီး၊ နာမည်မကြီးတကြီး အကျော်အမော်ဆရာတော်တွေ မကြာခဏ ဆိုသလို မုဒိတာရွှေကျောင်းကို ကြွလာတတ်ပါတယ်။ ဆရာတော်များကြွရောက်လာခိုက် ဒကာဒကာမ များ အကျိုးများစေဖို့ရည်ရွယ်ပြီး တရားပွဲများ၊ တရားသင်တန်းများကို ပြုလုပ်ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိဘုရားခန်းက မြန်မာနည်းမြန်မာ့ဟန် ကပ်ကပ်ရပ်ရပ်ထိုင်တာတောင်မှပဲ လူသုံးဆယ်လောက်ဆို လျင် ကျပ်ကျပ်တည်းတည်း။ ဒါကြောင့် ဒကာဒကာမတွေ ကျဉ်းကျှုဉ်းကျပ်ကျပ်ဖြစ်နေတာတွေ့ရတိုင်း သက်သောင့်သက်သာထိုင်ပြီး တရားနာ တရားမှတ် ပြုလုပ်နိုင်စေဖို့ ပိုမိုကျယ်ပြန့်တဲ့ တရားခန်းမ(ဓမ္မာရုံ) တစ်ခုတည်ဆောက်ဖို့ စိတ်ကူးရှိနေခဲ့တာ။
ခုတော့ အတန်အသင့်ကျယ်ပြန့်တဲ့ မြေနေရာတစ်ခုကို ကျောင်းနဲ့ကပ်လျက်မှာ ၀ယ်နိုင်ခဲ့တယ်။ ဒါဟာ လာရောက်ပြီး တရားဟောတရားပြ ပြုလုပ်ကြမည့် ဆရာတော်များနဲ့ လာရောက်ကာ တရားနာ၊ တရား ထိုင်ကြမည့် ဒကာဒကာမများရဲ့ ကုသိုလ်ကံအစွမ်းများကြောင့်ဖြစ်လာတာပါ။
ခု ဒီနေရာမှာ သာသနာအတွက် အကျိုးများမည့် သိမ်နဲ့ ဓမ္မာရုံတွဲလျက် ကျောင်းခန်းမတစ်ခု တည် ဆောက်ဖို့ စတင်လုပ်ဆောင်နေပါပြီ။ ကျောင်းမှာသိမ်၊ သင်္ကန်းမှာကထိန်ရယ်လို့ ပြောတတ်ကြလို့ ကုသိုလ်နဲ့စပ် အမြတ်ဖြစ်ရေးအတွက်ပဲ ရည်ရွယ်ရည်ရွယ်၊ အမှန်တကယ်လိုအပ်တဲ့နေရာမှာ လိုအပ် ချက်ကိုဖြည့်စွက်မှုတစ်ခုအဖြစ်ပဲ ရည်ရွယ်ရည်ရွယ်၊ မုဒိတာရွှေကျောင်းမှာ အသစ်ဆောက်လုပ်မည့် ရွှေသိမ်တော်အလှူအတွက် ကုသိုလ်ပါဝင်ခြင်းဟာ ကုသိုလ်ရှင်များအတွက်ရော၊ သာသနာတော် အတွက်ပါ ကောင်းကျိုးအမှန် တိုးပွားစေမှာပါ။
ဇနေတိ သဒိသံ ပါကံ- တူသောအကျိုးပေးတတ်တာ သဘာဝတရားပါ။ မြတ်သောကုသိုလ်က မြတ်သောအကျိုးပေးလေမှာ၊ သူတစ်ပါး လိုအပ်ချက်ကို ဖြည့်စွက်ခြင်းက ကိုယ့်လိုအပ်ချက်ကို အမှန်ပြည့်ဝလာစေမှာ မလွဲနိုင်တဲ့ နိယာမတစ်ခုသာပါ။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts