>Maung Swan Yi – Article

>

စာရေးဆရာ ရွှေကိုင်းသား ရာပြည့်ပွဲသို့
မောင်စွမ်းရည်
ဒီဇင်ဘာ ၁၀၊ ၂၀၁၁


“ရွှေကိုင်းသား” ဆိုတဲ့ စာရေးဆရာကို ခုခေတ်လူငယ်များ ကြားဖူးကြတော့မယ်မထင်ပါဘူး။ ရွှေကိုင်းသားရေးခဲ့တဲ့ စာများကလဲ ၀တ္တုတို့၊ ကဗျာတို့လို အများဖတ် စာပေအမျိုးအစားမဟုတ်ပေဘူး။ သုတေသနစာပေတွေပဲ အရေး များပါတယ်။ ရွှေကိုင်းသားမှာ တခြားကလောင်အမည်တွေလဲရှိပါသေးတယ်။ ရတနာပုံ မှတ်စု၊ ရတနာပုံလှိုင်ခင်စေား၊ ဦးသောတိကတဲ့။ ဒီကလောင်အမည်တွေကို ခုခေတ်လူငယ်တွေ မပြောနဲ့ လူကြီးတွေတောင် သိဖို့မလွယ်တော့ပါဘူး။ ရေးခဲ့ဖူးတာတွေကလဲ သုတေသနစာတွေ၊ “စာပေ” ကြီးတွေပါပဲ။ ရွှေကိုင်းသားက ပန်းချီ၊ ကာတွန်း၊ ဓာတ်ပုံကိုလဲ ၀ါသနာကြီးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မတိုင်မီ၊ လွတ်လပ်ရေးမရမီ၊ ကိုလိုနီခေတ်က ရေးခဲ့၊ ဆွဲခဲ့တာများလို့ သည်ဘက်ခေတ်မြန်မာများ သိကြတော့မှာမဟုတ်ပါဘူး။ ပန်းချီတို့၊ ကာတွန်းတို့ ရေးဆွဲတော့ အမည်က “ထွန်းလှနိုင်” တဲ့။ အဲဒီအမည်က နာမည်အရင်းပါ။ စစ်ကိုင်းသားဖြစ်လို့ “ရွှေကိုင်းသား” ကလောင်အမည်ကို အဓိကအသုံးပြုခဲ့တာပါ။

အစောဆုံးစာပေဗိမာန် သုတပဒေသာဆုကို ရဖူးတဲ့စာအုပ်အဖြစ် ကျနော်မှတ်မိနေတာက ၁၉၅၁ ခုနှစ်မှာ၊ စာပေဗိမာန်ဆုရခဲ့တဲ့ “ဆင် ယင်ထုံးဖွဲ့မှု” ကျမ်းပါ။ အဲဒီစာအုပ် ကျနော်လက်ရောက်တော့ ကျနော်အသက်က ၁၃ – ၁၄ နှစ်ပဲ ရှိပါသေးတယ်။ “ဆင်ယင်ထုံးဖွဲ့မှု” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကိုတောင် ရေရေရာရာ မသိတတ်သေးပါဘူး။ ဒါပေမဲ့ အရုပ်တွေပါလို့ မြတ်မြတ်နိုးနိုး သိမ်းဆည်း သုံးစွဲခဲ့ဖူးပါတယ်။ “ဆင်ယင်” တယ်ဆိုတာက အ၀တ်အစားပါ။ “ထုံးဖွဲ့မှု” ဆိုတာက ဆံပင်ထုံးပုံ ဖွဲ့ပုံကို ဆိုလိုတာပါ။ အဲဒီပုံတွေကို ရွှေကိုင်းသားကိုယ်တိုင် ရေးဆွဲထားတာပါ။ အဲဒီခေတ်က ကြားဖူတဲ့ ဦးငွေကိုင်၊ ဦးဘကြည်၊ ဦးဘဂျမ်း စတဲ့ ပန်းချီဆရာကြီးတွေရဲ့ အမည်တွေထဲမှာ လုံးဝမပါဖူးတဲ့ အမည်ပါ။ စာအုပ်ထုတ်ဝေတာက ကြီးပွားရေး ပုံနှိပ်တိုက်၊ မန္တလေးက လူထုဦးလှတို့ရဲ့ စာအုပ်တိုက်ကပါ။

“ရွှေကိုင်းသား” ဟာ တသက်လုံး ရဟန်းဝတ်နဲ့နေသွားတဲ့ “ဘုန်းတော်ကြီး စာရေးဆရာ” အမျိုးအစားပါ။ ကြီးပွားရေး စာအုပ်တိုက်ဟာ မန္တလေးကဆိုတော့၊ ရဟန်းသံထဃာတွေအများဆုံးရှိတဲ့ ဗုဒ္ဓဘာသာဗဟိုအချက်အချာဒေသက ဘုန်းတော်ကြီး စာရေးဆရာထါက်တာ မဆန်းလှပါဘူး။ စာရေးဆရာ ဦးဆန်းထွန်း (နောင်အခါ ဆန်းထွန်- မန်းတက္ကသိုလ်) ဆိုတာလဲ ကြီးပွားရေး၊ လူထုသတင်းစာတိုက်က ထွက်ပေါ်ခဲ့တဲ့ ရှင်ဉာနိဿရဘွဲ့ခံ ရဟန်းတပါးပါပဲ။ မန္တလေးစာပေတိုက်ကမို့ ရဟန်းစာဆိုတွေ ထွက်ပေါ်တာဟာ မဆန်းလှပါဘူးလို့ ထင် စရာပါပဲ။ ဟုတ်ကဲ့။ မဆန်းပါဘူး။ ဒါပေမဲ့ ဒီရဟန်းနှစ်ပါးဟာ လူထုဦးလှ မန္တလေးမရောက်ခင်ကြီးပွားရေး မဂ္ဂဇင်းထုတ်ဝေစဉ်ကာလ ကတည်းက ကြီးပွားရေးမဂ္ဂဇင်းမှာ ကလောင်သွေးခဲ့ကြတာပဲ။ “အိမ်တော်ပါ” ကလောင်ရှင်တွေလိုပဲ မန္တလေးစကားနဲ့ပြောရပါမယ်။

လူထုဒေါ်အမာကလဲ ကြီးပွားရေးမဂ္ဂဇင်း ရန်ကုန်မှာထုတ်ဝေနေစဉ်ကာလကတည်းက တက္ကသိုလ်ကျောင်းသူဘ၀နဲ့ အင်းလျားဆောင်သူ မအမာအနေနဲ့ စတင်ပြီး ကလောင်သွေးခဲ့သူဖြစ်ပါတယ်။ လူထုဒေါ်အမာ အမြဲတမ်းပြောလေ့ရှိတာကတော့ “ဦးဇင်း (ဦးသောဘိတ) နဲ့ ငါက ကြီးပွားရေးမဂ္ဂဇင်းကနေ ကိုလှမွေးထုတ်ခဲ့တဲ့ ကလောင်မောင်နှမ” တဲ့။ မြတ်မြတ်နိုးနိုး ပြောတာပါ။ “နောင်ဘ၀အဆက်ဆက်မှာ မောင်နှမဖြစ်ပါရစေ” လို့လဲ ငါမမြဲဆုတောင်းတယ်လို့လဲ ကျနော်တို့ကို ပြောဖူးပါတယ်။ ဒေါ်ဒေါ်လူထု ဒေါ်အမာက ဦးဇင်းကို “ ငယ်သူချင်း” အဖြစ်နဲ့ အထူးချစ်ခင်သံယောဇဉ်ကြီးပါတယ်။ ဦးလေး လူထုဦးလှကွယ်လွန်တော့ စိတ်မထိန်းနိုင်မှာစိုးလို့ဆိုပြီး ဆရာတော်က စစ်ကိုင်း ကနေ မန္တလေးကိုကူးလာခဲ့ဘူး။ လူထုဒေါ်အမာက ဟံသာဝတီဦးဝင်းတင် (ခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဝင်းတင်) ကို ခေါ်ပြီး “ဒီမယ် ကိုဝင်းတင် ကားယူသွားပြီ ဦးဇင်းကို မပါပါအောင်ပင့်ခဲ့။ မလိုက်ဖူးဆိုရင် ရှင်ကိုယ်တိုင် ဦးဇင်းကိုပွေ့တင်ခဲ့” လို့မှာကြားပြီး အခေါ်ခိုင်း လိုက်သတဲ့။ ရောက်လာတော့ ဆရာတော်က ဦးလှရဲ့ရုပ်ကလပ်ဘေးမှာ စုံရပ် အံကြိတ်ပြီး မျက်ရည်တွေတွေကျသတဲ့။ ညီအကိုအရင်းလို တသက်လုံးနေလာခဲ့တာကိုး။ ဒေါ်အမာက ဘုန်းကြီးဆိုတာကိုမေ့သွား “အို ကိုထွန်းလှိုင်ရဲ့ ရှင့်သူငယ်ချင်းဖြစ်ပုံကို ကြည့်ပါအုံး” လို့ ဆို ဆိုပြီး ဆရာတော်ရဲ့ပုခုံးကို နဖူးနဲ့တိုက်ပြီး ရှိုက်ကြီးတငင်ငိုကြွေးရှာပါသတဲ့။ အဲသလောက် သူတို့ငယ်သူငယ်ချင်းသုံးဦးက ကျွမ်းဝင်ရင်း နှီးကြရှာပါတယ်။

ဆရာတော်ဦးသောဘိတ၊ ကိုထွန်းလှိုင်ဘ၀မှာ ကမ္ဗည်းကျောက်စာရုံး ခေါ် ရှေးဟောင်းသုတေသနဌာနမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ ကျောက်စာဝန် ဦးမြတို့ရဲ့လက်အောက်မှာ လုပ်ခဲ့တာပါ။ ကျောက်စာဝန်ဦးမြကလဲ ဦးဖေမောင်တင်လိုပဲ ခရစ်ယာန်ဆိုပေမဲ့ ဗုဒ္ဓစာပေနဲ့ မြန် မာမှုဘက်မှာတော့ အလွန်ကျေညက်သူပါ။ မန္တလေးမှာ ၁၉၆၀ – ၇၀ ခုနှစ်များတွင်းက နှစ်စဉ်လုပ်ခဲ့တဲ့ စာဆိုတော်နေ့ စာတမ်းဖတ်ပွဲနဲ့ သက်ကြီးဝါကြိး စာဆိုများကို ကန်တော့ပွဲမှာ ဥက္ကဌ လူထုဦးလှ ကျောက်စာဝန်ဦးမြတို့၊ ဆရာတော် ဦးသောဘိတ (ရွှေကိုင်းသား) တို့ကို နှစ်စဉ်ဖိတ်ကြားလေ့ရှိပါတယ်။ ဒီအခါမျိုးတွေမှ ဦးမြ၊ ဦသောဘိတ၊ ဦးလှ၊ ဦးချမ်းမြ၊ ဒေါ်အမာ စတဲ့ ငယ်ပေါင်းဆရာတအုပ်တွေ တွေ့ ဆုံကြပြီးဆိုရင် ဦးခေါင်းချင်းဆိုင်ပြီး စကားတွတ်ထိုးလို့ မဆုံးနိုင်ကြဘူးပေါ့။ ဆရာတော် ရွှေကိုင်းသားကလဲ နှစ်စဉ်ဆိုသလို သုတေသန စာတမ်း တွေ တင်သွင်းဖတ်ကြားလေ့ရှိပါတယ်။

ဆရာတော်ရွှေကိုင်းသားရဲ့ ဖွားရာဇာတိကိုက စစ်ကိုင်းပါ။ စစ်ကိုင်းမြို့ တကောင်းရပ်မှာ မွေးဖွားခဲ့ပါတယ်။ မောင်ထွန်းလှိုင်က ငယ်မည်ပါ။ စာရေးဆရာကြီးမဟာဆွေ၊ မန်းတက္ကသိုလ်ကျောင်းအုပ်ကြီး ဦးကိုလေး (စာရေးဆရာ ဇေယျာမောင်) တို့ဟာ ငယ်သူငယ်ချင်းတွေပါ။ ရဟန်းဘ၀နဲ့ တသက်လုံးနေသွားတာကတော့ စစ်ကိုင်း အနိရိုဒ္ဓချောင်က ဘုန်းကြီးကျောင်းမှာပါ။ ရှေးဟောင်းပစ္စည်းတွေ၊ စာနယ်ဇင်း အဟောင်းတွေ၊ စာအုပ်တွေကြားမှာ တပါးတည်း သတင်းသုံးနေထိုင်သွားခဲ့ပါတယ်။ မြွေကြီး၊ ကျားတွေတောင် လာတတ်တဲ့နေရာပါ။ လူသွား လူလာပြတ်ပြီး အလွန်ခေါင်ပါတယ်။ တခါတော့ ဓါးပြတွေက နာမည်ကျော် ဘုန်းကြီးမို့ ချမ်းသာမှာပဲထင်ပြီး ဓါးပြလာတိုက်ဖူးပါတယ်။ ဘာမှမရတော့ ဆရာတော်ကို ရိုက်နှက်သွားကြလို့ ဒဏ်ရာအနာတရဖြစ်ပြီး အတော်ဝဋ်ဒုက္ခခံခဲ့ရရှာပါတယ်။

လူထုသတင်းစာထုတ်ဝေတဲ့ ကြီးပွားရေးပုံနှိပ်တိုက်မှာ အစောပိုင်းလွတ်လပ်ရေးခေတ်ဦးမှာ အားထားစရာရဟန်းစာပေပညာရှင် နှစ်ပါး အဖြစ် ရှင်ဉာနိသရ ခေါ် မန္တလေးတက္ကသိုလ်မှာ ဆရာလုပ်သွားတဲ့ ဦးဆန်းထွန်းနဲ့ ရှင်ဦးသောဘိတဘွဲခံ ကိုထွန်းလှိုင်တိုရှိခဲ့ပါတယ်။ လူထု ဒေါ်အမာစပ်မိတိုင်း ကျနော်တို့ကိုပြောလေ့ရှိတာက “ငါတို့ကကွယ်။ ရှင်ဉာနိသာရကို လူမထွက်ပါနဲ့လို့ တောင်းပန်တယ်။ အရှင် သောဘိတ ကိုတော့ လူထွက်ပြီး သတင်းစာမှာ အလုပ်လုပ်ပါလို့ တောင်းပန်တယ်။ ဒါပေမဲ့ ငါတို့အကျိုးပေးက ပြောင်းပြန်ကွဲ့။ ကိုဆန်းထွန်းက သူဆွမ်းခံအိတ်က ဒကာမတယောက်နဲ့ အိမ်ထောင်ပြု လူထွက်သွားခဲ့ပါတယ်။ ကိုထွန်းလှိုင်ကတော့ ရာသက်ပန်ရဟန်းဘ၀နဲ့နေသွားခဲ့ တယ်လေ” လို့ ပြောလေ့ရှိတာပါ။

ငါတို့က ဦးဇင်း (ဦးသောဘိတ) ကို စာရေးရေး မရေးရေး လခပေးသလို လတိုင်း ၃၀၀၊ ၄၀၀ အမြဲတမ်းပေးထားပါတယ်။ ရဲရင့်စာအုပ် တိုက်ကနေ စာနယ်ဇင်းတွေကိုလဲ လစဉ်ယူချင်တာယူ စာအုပ်တွေလဲ လိုချင်သလောက်ယူပြီးမှ ငါတို့က ငွေရှင်းမယ်လို့လျှောက်ထားပါတယ်။ ငွေပိုပြီးလိုချင်လဲ ပြောပါလို့ ပြောထားပါတယ်။ မင်းတို့သိတဲ့အတိုင်း ငါတို့က သူသတင်းသုံးတဲ့ အနိရုဒ္ဓချောင်ကိုလဲ နှစ်စဉ် ကထိန်ပွဲ သွားလုပ်ပါတယ်။ တပါးတည်း မနေဖို့လဲ ငါတို့ကလျှောက်တင်ပါတယ်။ ကျောင်းသားတို့ ကိုရင်တို့ကလဲ ခေါင်လွန်တဲ့နေရာဆိုတော့ ရေရှည်မနေချင်ဘူး” လို့လဲ ဒေါ်ဒေါ် ဒေါ်အမာက ညဉ်းညဉ်းညူညူနဲ့ ပြောဖူးပါတယ်။

ဆရာတော်ရွှေကိုင်းသားက သူတေသနဆောင်းပါးတွေအပြင် သူတေသနစာအုပ်တွေလဲ တော်တော်များများထုတ်ခဲ့ဖူးပါတယ်။ ပုံနှိပ်ထုတ် ဝေခြင်းမပြုရသေးတဲ့ စာတွေလဲရှိပါသေးတယ်။ စစ်ကိုင်းဇာတိ သုတေသီဆိုတော့ စစ်ကိုင်းသူ စစ်ကိုင်းသားတို့ရဲ့ ဆန္ဒနဲ့အညီ ပတ္တမြားခေတ် သမိုင်း စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင် ဘုရားသမိုင်းစတဲ့ ဘုရားသမိုင်းစာအုပ်များကိုလဲ ရေးသားထုတ်ဝေဖူးပါတယ်။ “မန္တလေး” ဆိုတဲ့ စာအုပ်တအုပ်နဲ့ “အနှစ် ၆၀၀ အင်းဝ” တဲ့ မြို့သမိုင်း စာအုပ်နှစ်အုပ်လဲ ထုတ်ဝေဖူးပါတယ်။ မန်းရာပြည့်နီးတော့ ဆရာတော်သောဘိတနဲ့ လူထုဦးလှတို့ နှစ်ဦးရဲ့ ရှေးဦးခေတ်သြေမှုတွေအများကြိးပါခဲ့ပါတယ်။ ကျနော်ကတော့ ဒုတိယကမ္ဘာစစ်မတိုင်မီ ကြီးပွားရေးမဂ္ဂဇင်းမှာ ဆရာတော်စုဆောင်းတင်ပြခဲ့တဲ့ ရွှေဘိုဗုံကြီးသံတွေကို အထူးသဘောကျပြီး နောင်အခါ ကျနော်စစ်ကိုင်းတိုင်း ထဲမှာ ကျောင်းဆရာလုပ်တော့ ရွှေဘို၊ ခင်ဦး၊ ရေဦးတံဇယ် စတဲ့ ရွှေဘိုမြောက်ဘက်တခွင်မှာ ရတတ်သမျှ ဗုံကြီးသံ ကောက်စိုက်သီချင်းတွေကို လိုက်လံစုဆောင်းခဲ့ပါတယ်။ ဆရာတော်ရဲ့ သုတေသနအလုပ်ကို ခြေရာခံပြီး အလုပ်အမွေကိုလဲ ခံယူခဲ့တယ်လို့ ဆိုရပါမယ်။ “လယ်ကွင်းထဲက လူထုတေးသံ” ဆိုတဲ့ စာအုပ်တအုပ်လောက် ကျနော်စီစဉ်ပြီး အထက်ဗမာနိုင်ငံစာရေးဆရာအသင်းဟာ ထုတ်ဝေရာမှာ ဆရာတော်ရဲ ဗုံကြီးသံတွေလဲ ထည့်သွင်း ခဲ့ပါတယ်။

နောက်ထပ်ကျနော် အမှတ်တရဖြစ်နေတာကတော့ ကျနော်တို့ မမျှော်လင့်လဲ ဆရာတော်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုး ပေါင်းချုပ်ကို ဆရာကြီးကိုယ်တိုင် စုဆောင်းစီစဉ်ပြီး မောင်လှ၊ အမာတို့ ထုတ်ပါလို့ ပေးလိုက်တဲ့အခါ ဆရာတော်က လေးချိုးကဗျာတွေကို အားလုံး ဖတ်ရှုလေ့လာတည်းဖြတ်ပြိး အမှာစာရေးပေးလိုက်ပါတယ်။ အဲဒီအမှာစာကိုလဲ အထူးသတိရမိနေပါတယ်။ ဆရာတော်က ကျနော်တို့ လူထုမိသားစုဝင် မန်းတက္ကသိုလ်ကျောင်းသားကဗျာ ဆရာတွေကိုလဲ အထူးခင်မင်ပြီး ကျနော်တို့ ကဗျာတွေကိုလဲ ဖတ်ပါတယ်။ ကျနော်တို့အထဲက မောင်သာနိုင်းကလဲ ဆရာတော်တို့ရဲ့ စစ်ကိုင်းမြို့သားပါ။ ကြည်အောင်၊ ကိုလေးတို့က အင်းဝသားတွေပါ။ တင်မိုးနဲ့ ကျနော်က မြင်းခြံနယ်သားတွေပါ။ ဆရာတော်က အားလုံးကို ခင်မင်ရှာပါတယ်။ လူထုမှာ စစ်ကိုင်းသား ကိုဘကွန်းဆိုတာ လူထုရဲ့ အားကိုး ရတဲ့ သတင်းထောက်ကြီးပါ။ အဲဒါက ဆရာတော်ရဲ့ အစ်ကိုဖြစ်နေပြီး လူထုမှာ ဓာတ်ပုံသတင်းထောက် ကိုလှမြင့်ဆိုတာကလဲ ဆရာတော်ရဲ့ တူပါ။ သူကတော့ ကျနော်တို့ရဲ့ သက်တူရွယ်တူပါ။ အားလုံးဟာ စာပေဟောပြောပွဲတွေ၊ သုတေသနခရီးတွေမှာ သွားအတူ လာအတူဆိုသလို နေကြတော့ တကယ့်မိသားစုလိုပါပဲ။ ဒေါ်ဒေါ် ဒေါ်အမာ ဆုတောင်းသလို နောင်ဘ၀မှလဲ ဆရာတော်နဲ့ ဆရာတကာရင်း ဆွေးမျိုးရင်းဖြစ်ရပါစေသားလို့သာ ဆုတောင်းချင်လှပါတယ်။

ဆရာတော် မွေးဖွားတာက ၁၉၁၂ ဇန္န၀ါရီ ၅၊ သောကြာနေ့ဖြစ်ကြောင်း လူထုမြေး ဘိုဘိုလန်းစင်က လန်ဒန်ကနေလှမ်းပြီး ကျနော်တို့ကို သတိပေးပါတယ်။ ၂၀၁၂ မှာ နှစ် ၁၀၀ ပြည့်တော့မှာ၊ ရာပြည့်ပွဲလုပ်ရအုံးမှာပေါ့ကိုလဲ နှိုးဆော်ပါတယ်။ ဘိုဘိုးလန်းစင် သတိပေးတာကိုလဲ ကျေးဇူးတင်ရပါတယ်။ ဒါပေမယ့် ဆရာတော်ကို သိမှီလို့ ရေးရချွတ်ရမယ့်လူတွေက အလွန်နည်းသွားခဲ့ပါပြီ ဦးဝင်းတင်၊ မောင်သာနိုး၊ မောင်မိုးသူ၊ ကိုလေး (အင်းဝဂုဏ်ရည်) တို့အပြင် လူထုသားမြေးတွေလောက်ပဲ ရှိပါတော့တယ်။ ရာပြည့်ပွဲကို စစ်ကိုင်းသားတွေကလဲ ဦးဆောင် ပါဝင်ကြမှာပါပဲ။ ဆရာတော်ရဲ့လက်ရာစာအုပ်တွေလဲ အမှတ်တရထုတ်ကြရပါလိမ့်မယ်။ ခုကတည်းက လုပ်ကြရတော့မှာပါ။ ၂၀၁၂ ဇန္န၀ါရီဆိုတာ ကြားက တလသာသာပဲရှိတော့ပါကလား။ ဆရာတော်ဟာ ၁၉၈၇ ဇွန် ၂၉ မှာ ပျံလွန်တော်မူခဲ့တယ်ဆိုတော့ ပျံလွန်တော်မူတာလဲ နှစ်ပေါင်း ၂၅ နှစ်ရှိတော့မှာပါကလား။ ကျနော်အနေနဲ့ ဒီဆောင်းပါးအပြင်း အရင်ကရေးဖွဲ့ပူဇော်ဖူးတဲ့ ကဗျာလေးပါ ပူးတွဲဖော်ပြလိုက်ပါတယ်။ ဆရာတော်ရာပြည့်နေ့ ဒီကဗျာကိုက နှစ် ၃၀ ပြည့်ခဲ့ပါပြီ။ ကဗျာက ….

သက်တော် ၇၀ ပြည့်ဆရာတော် ဦးသောဘိကသို့ ကန်တော့ပန်း
ဝါ၀ါမြင်လျှင် ဖူးလိုက်ချင်သည်
ငါလျှင် မြန်မာ့သားပေကို။

စာပေပရိယက်၊ ပဋိပက်ဖြင့်
ကောင်းမြတ်ဖြောင့်တန်း၊ နိဗ္ဗာန်လှမ်းမည့်
ရဟန်းသံဃာ၊ ကြုံသောအခါတွင်
သုံးခါ သုံးကြိမ်၊ မာန်နှိမ်ဦးချ
ကန်တော့ရသော်၊ သန္တရသာ
ကြက်သီးဖြာသည်၊ မာန်မာမရှိ
“ငါ” မရှိသည့်
မရှိခဏ၊ ချမ်းသာစွ။

ဆရာတော်မှာ
စာပေလည်းတတ်၊ အကျင့်မြတ်၏
အားတတ်သရွေ့၊ ကြားဖြတ်မွေ့သော
ဓလေ့တခု၊ မြန်မာမှုကို
စေ့ငုဖွေရှာ၊ ထုတ်ဖော်ကာဖြင့်
မြန်မာပြည်သာ၊ ဗုဒ္ဓရွာဟု
မြန်မာပြည်သာ၊ ဓမ္မရွာဟု
မြန်မာပြည်သာ၊ သံဃာရွာဟု
စာအမွေလည်း၊ ဗုဒ္ဓနည်းဖြင့်
ချီးမြင့်လေဿး၊ တို့ကိုပေးသော်
မြတ်လေးဆယ်စ၊ ဖူးမ၀သည်
ဆယ်ဆသက်တော် ရှည်စေသော် …

(၁၉၈၁)



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts