>Maung Thaw Ka – Articles

>

ယမကာညနေခင်း (၃)
မောင်သော်က
ဒီဇင်ဘာ ၄၊ ၂၀၁၁


လွတ်လပ်ရေးနေ့ အကြိုဝိုင်း
အယ်ဒီတာကြီးနှင့် ပင်စင်နာကြီးတို့ရောက်ရှိလာကြသည်။ သူတို့လက်တွင် ဘာမျှပါမလာခြင်းကြောင့် မောင်သော်က အတန်စိတ်ပျက် သွားသည်။ အင်း ငါဟိုနေ့က ရွှေဘုံသာလမ်း စားဖျော်ကော်ပိုရေးရှင်းမှာ သေချင်စော်နံအောင် အရက်မှောင်ခိုတစ်အုပ်ကြီးကြား တိုးဝှေ့ဝယ် ထားရတဲ့ ဂျင်ပုလင်းလေးတော့ ကိစ္စချောတော့မှာပဲဟု စိတ်မသက်သာစွာနှင့် တွေးမိသည်။

အယ် ။ ။ ကဲ ရှိတာလေးထုတ်ဗျာ၊ ကျုပ်တို့တော့ အရက်ပျက်ပြီး အရက်ပြတ်နေလို့ခင်ဗျားဆီလှည့်ခဲ့တာပဲ။ ခင်ဗျားမှာ လက်ကျန်လေး ဘာလေးတော့ ရှိကောင်းပါရဲ့။
သော်။ ။ နည်းနည်းပါးပါးတော့ ရှိပါတယ်ဗျာ။ ဂျင်ကလေးတစ်ပုလင်းတော့ရှိပါရဲ့။ စားဖျော်ကော်ပိုးရေးရှင်းမှာ မျက်နှာကိုဆီးရွက်လောက် ထားပြီး လျှောက်လွှာတင်ခဲ့ရလို့ ရပါတယ်။ လား…လား ဂျင်တစ်ပုလင်းရဖို့ ရွှေဘုံသာလမ်းကဆိုင်မှာ မှောင်ခိုတွေတစ်အုပ်ကြီးကြား ချွေးပြန်အောင် သုံးရက်ဆက်တိုးခဲ့ရဒါတောင် ဂျင်မရောက်ဘူးဆိုလို့ သုံးရက်ဆက်တိုးခဲ့ရသဗျ။

ပင်။ ။ နေပါဦးဗျ၊ ဂျင်က ဒါလောက်ပဲရှားသလား။
သော်။ ။ ရှားသလား၊ မရှားသလားတော့မသိဘူး။ ဆိုင်ရှေ့ပလက်ဖောင်းပေါ်မှာ တစ်ပုလင်း ခုနှစ်ဆယ့်ငါးကျပ်နဲ့ ဗြောင်ရောင်းဝယ် နေကြ တာတော့ တွေ့ရတာပဲ။ မှောင်ခိုထဲမှာ မိန်းမတွေလည်းပါသဗျ။ ထောင်ထောင်မောင်းမောင်း ဂိုက်ကောင်းကောင်းနဲ့ အမျိုးသမီးနှစ် ယောက်ကတော့ဖြင့် ငွေစက္ကူတစ်ထုပ်ကြီးနဲ့ ပါမစ်တွေဝယ်လို့ဝယ်၊ ကောက်လို့ကောက်၊ စီးပွားလမ်းကိုဖြောင့်နေတာပဲ။ ရွှေဘုံသာလမ်း ကို ရွှေဘုံဆိုင်လမ်းလို့ နာမည်တောင်ပြောင်းဖို့ကောင်းနေပြီထင်တယ်။ မှောင်ခိုနဲ့ကင်းတဲ့နေရာရယ်လို့ မရှိတော့ဘူး။

အယ်။ ။ကဲ…ကဲ ဂျင်ပုလင်းသာ ထုတ်စမ်းပါ။ ခင်ဗျားဒုက္ခကို ကျုပ်တို့ ဝိုင်းကူသောက် ပေးပါ့မယ်။
ဤတွင် ဂျင်ပုလင်းဖွင့်ခြင်း၊ ဘစ်တာနှင့်ရောစပ်ခြင်း၊ ရေခဲအကြေနှင့် မွှေခြင်း၊ ဆိုဒါနှင့်ရောခြင်းစသည့် တံတောင်ဆစ်ကွေး ယဉ်ကျေးမှုနယ်ပယ်၏ ဝေယျာဝစ္စများကို ပြုပြီးသကာလ ဖန်ခွက်ကိုမြှောက်ကာ ချီးယားစ် ဟု ဥဒါန်းကျူးပြီးနောက် မောင်သော်က၏ ဂလက်စ်မော့ ဆွေးနွေးပွဲကို စတင်ကြပါသည်။

ပင်။ ။ ဘာလိုလိုနဲ့ ခရစ္စမတ်လည်း နီးလာပြန်ပြီနော်။
သော်။ ။ ခင်ဗျားကတော့ ဒါပဲ။ ခရစ်စမတ်ကျလည်းသောက်၊ ခရစ်စမတ်ပြီး နယူယီးယားကျလည်းသောက်၊ ကရင်နှစ်သစ်ကူးလည်း ဝင်ရောသောက်၊ တရုတ်နှစ်သစ်ကူးလည်း ကိုယ်နဲ့ ဘာမဆိုင် ညာမဆိုင် ဝင်ပြီးဝမ်စွေ့လုပ်လိုက်နဲ့ သောက်ဖို့ပဲစိတ်ကူးနေတာပဲ။

အယ်။ ။ နောက်ပြီး လွတ်လပ်ရေးနေ့ကျတော့လည်းသောက်။
သော်။ ။ အဲ ခင်ဗျားတို့က သောက်ဖို့ကြီးစိတ်ကူးနေ၊ ကျုပ်က လွတ်လပ်ရေးနေ့ရောက်ရင် မျက်ရည်ကျချင်တယ်။

ပင်။ ။ ဟာ ခင်ဗျားဟာကလည်း တစ်တိုင်းပြည်လုံး အင်္ဂလိပ်လက်အောက် ကိုလိုနီကျွန်သပေါက်ဘဝက လွတ်လပ်တဲ့အခါသမယကို ဘာ ကြောင့် ငိုချင်ရတာလဲ။ မည်သည်ကိုအကြောင်းပြု၍ ငိုချင်ရပါသနည်း ငါ့ရှင်။
အယ် ။ ။ ဟုတ်တယ်၊ အဲဒါတော့ ရှင်းဖို့လိုလိမ့်မယ်။ ဂျင်ကလည်း မသောက်ရတာ ကာလို့ထင်ပါ့ ကောင်းလိုက်တာဗျာ။ ဂျင်ကတော့ မအင် တာသေချာတယ်။

သော်။ ။ ဒီလိုဗျ။ ကျွန်တော်က မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းမှာ အရေးကြီးတဲ့အခန်းက ပါဝင်ခွင့်မရခဲ့ပေမဲ့ သမိုင်းမှာ ရစ်သီရစ် သီတော့ ပါခဲ့တာချည်းပဲ။ လွတ်လပ်ရေး အနီးကပ်ပါခွင့်ရခဲ့တယ်။

ပင်။ ။ ကိုယ့်လူက ဘယ်လောက်နီးနီးကပ်ကပ် ပါခဲ့လို့လဲ။
သော် ။ ။ ကိုက်ငါးဆယ်လောက် နီးကပ်တဲ့နေရာက ပါခဲ့တယ်။

အယ် ။ ။ ဘယ်လို ကိုက်ငါးဆယ်လောက်နီးတာလဲ ဆိုစမ်းပါဦး။
သော်။ ။ ဒီလိုဗျ။ လွတ်လပ်ရေးမရခင်အချိန်လေးမှာ ကျွန်တော်ကတပ်ထဲရောက်နေပြီ။ တပ်သားကလေးပေါ့ဗျာ။ မြန်မာပြည် ဘုရင့်ရေ တပ်မတော် အရံတပ်ဖွဲ့လို့ခေါ်တဲ့ တပ်မှာပေါ့ (Burma Royal Navy Volunteer Reserve) လို့ခေါ်တယ်။ နံပြားဦးထုပ်ခေါ်တဲ့ ရေတပ် သားဦးထုပ်မှာ (BURMA R.N.V.R) ဆိုတဲ့ ရွှေချည်ထိုးစာလုံး ထိုးထားတယ်။

အယ်။ ။ သြော် လက်စသတ်တော့ ခင်ဗျားက အင်္ဂလိပ်မွေးစားသားပေကိုး။ ဒါကြောင့်လည်း ဂျင်ကြိုက်တာ ဖြစ်ပေလိမ့်မယ်။
သော်။ ။ အကောင်းပြောနေ။ သောက်မှာဖြင့် အေးအေးဆေးဆေးသောက်စမ်းဗျာ။ အဲဒါ ကျုပ်တို့လည်း တပ်ထဲရောက်ကရော စစ်ရေးပြ ကွင်းထဲမှာ တစ်နေကုန် စစ်ရေးပြလေ့ကျင့်ရတော့တာပဲဗျို့။ လူကို ချွေးဒီးဒီးကျပြီး ဖတ်ဖတ်မောရော။

ပင်။ ။ တပ်သားသစ်ဆိုတော့ ဒီလိုပဲပေါ့ဗျာ။ စစ်တပ်ဝင်လို့ ခြောက်လအတွင်းမှာ တပ်ကထွက်ပြေးရင်ပြေး ခြောက်လနဲ့မှ မပြေးရင် ဒီလူ ဟာ ကုတ်နဲ့ကော်ထုတ်တောင် မထွက်ချင်တော့ဘူးဗျ။ ပဲချိုးကပ်တယ် ခေါ်တယ်။
သော်။ ။ ဒီလောက်တောင်စစ်ရေးပြကွင်းမှာ အမောင်းခံရတဲ့အကြောင်းက ၁၉၄၈ ဇန်နဝါရီလ ၄ ရက် နေ့မှာ လွတ်လပ်ရေးရတော့မယ်၊ အဲဒီ လွတ်လပ်ရေးအခမ်းအနားမှာ ကျုပ်တို့က ဂုဏ်ပြုတပ်ဖွဲ့အနေနဲ့ပါရမယ်။

အယ်။ ။ ဟာ…တယ်ဟုတ်ပါလား၊ ဘယ်မှာတဲ့လဲ။
သော်။ ။ ခု ဝန်ကြီးများရုံးလို့ခေါ်တဲ့ အတွင်းဝန်ရုံးအတွင်းမှာပေါ့။ ကျုပ်တို့တပ်ဖြစ်တဲ့ ရတနာပုံရေတပ်စခန်းက ယခင် စိန်ပေါလ်ကျောင်းခေါ် တဲ့ ကျောင်းတွင်းမှာ တပ်စွဲထားတုန်းရှိသေးတယ်။

ပင်။ ။ နီးနီးလေးပဲဗျ။
သော်။ ။ ဒါ့ထက် နီးတာပေါ့ဗျ။ အဲဒီနေ့နံနက် ၄ နာရီ မိနစ် ၂၀ မှာနှစ်ပေါင်းတစ်ရာကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူခဲ့တဲ့ ဗြိတိသျှတို့ရဲ့ ယူနီ ယံဂျက်အလံကိုဆွဲချပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ပထမဆုံးလွှင့်တင်မယ်။ အဲဒီအခမ်းအနားရဲ့ ဂုဏ်ပြုတပ်ဖွဲ့မှာ ကျုပ် တို့ ပါခဲ့ရတယ်။ အလံကိုင်နဲ့ ကျုပ်တို့တပ်ဖွဲ့ဟာ ကိုက်ငါးလောက်ပဲဝေးပါတယ်။

ပင်။ ။ ဟာ တကယ့်ကို သမိုင်းဝင်အခမ်းအနားပေပဲ။
သော်။ ။ ဒါပေါ့ဗျာ၊ ၁၉ နှစ်သား လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုခံစားရမလဲ။ မြန်မာပြည်ရဲ့နောက်ဆုံးဘုရင်ခံ ဆာဟူးဘတ်ရန့်စ် လည်း ရှိနေတယ်။ ရန်ကုန်ဆိပ်ကမ်းတွင်းမှာ အလံနှင့်တကွ သူပြည်တော်ပြန်ဖို့ ဘာကင်ဟမ်စစ်သဘောင်္ကြီးကလည်း အသင့်စောင့် နေတယ်။

အယ်။ ။ ကိုလိုနီစနစ်ရဲ့ နောက်ဆုံးနာရီကို အနီးကပ်မြင်တွေ့လိုက်တာပေါ့။
သော်။ ။ ကျုပ်က ချာတိတ်ပါ။ ဒါပေမဲ့ သေနတ်မြှောက် အလေးပြုနေတဲ့အခိုက်မှာ ဘင်ခရာအဖွဲ့က ဂေါ့ဆေ့ဗ်သကင်း (God Save the King) သီချင်းတီးမှုတ်ပြီး ဗြိတိသျှအလံကို တစ်ဖြည်းဖြည်းဆွဲချ နေတော့ ကျုပ်ရင်ထဲမှာ တစ်မျိုးကြီးပဲဗျာ။ သက်ဆိုင်သူ ဆာဟူးဘတ်ရန့်စ်ဆို ဘယ်လိုခံစားရမယ် မသိဘူး။ ဗြိတိသျှအင်ပါယာ နေဝင်စပြုပြီလို့ပဲ ကျုပ်ခံစားမိတယ်။

ပင်။ ။ ဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှအင်ပါယာ ပြိုကွဲမှုရဲ့နိဒါန်းပေါ့။ အင်မတန် သံဝေဂရစရာကောင်းပါတယ်။
သော်။ ။ နောက်ပြီး သေနတ်ထမ်း၊ ဟိုတုန်းကတော့ အင်္ဂလိပ်လို (Shoulder arm) လို့ပဲ အမိန့်ပေးတယ်။ ဆာဟူးဘတ်ရန့်စ်လက် ကို ယူနီယံဂျက်အလံကို ပေးအပ်လိုက်တယ်။

အယ်။ ။ နောက်ပြီး မြန်မာအလံကို လွှင့်တင်ရောလား။
သော်။ ။ ဟုတ်တယ်၊ အင်္ဂလိပ်အလံကို ဘာကင်ဟမ်စစ်သဘောင်္က ရေတပ်သားတွေဆွဲချတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကို ဗမာ့ရေတပ်မတော်သားများက လွှင့်ထူတယ်။ လွှင့်တင်တဲ့ ရေတပ်သားကတော့ ကျွန်တော်မှတ်သားတာမလွဲရင် တပ်ကြပ်ကြီး အချက်ပြ စောဂွမ်စိန်ပါ နောင်တော့ ဗိုလ်ကြီးစောဂွမ်စိန် ဖြစ်လာတယ်။

ပင် ။ ။ ခင်ဗျား အတော်မှတ်မိသားပဲဗျာ။
သော်။ ။ ကမ္ဘာမကြေ တီးပြီးမြန်မာ့အလံကို ဆွဲတင်တဲ့အခါမှာ ကျွန်တော်တို့က သေနတ်မြှောက်အလေးပြု (Present arm) အနေအထား မှာ နေရတယ်။ ကျွန်တော့်ရင်ထဲမှာ မဖော်ပြနိုင်တဲ့ ကြည်နူးမှုနဲ့ ရင်တသိမ့်သိမ့်တုန်ပြီး အလေးပြုရင်း မျက်ရည်တွေတွေကျမိတယ်ဗျာ။

အယ်။ ။ ဟုတ်မှာပေါ့ဗျာ၊ နံနက်လေးနာရီ မိနစ်နှစ်ဆယ်မှာတင်တာနော်။
သော်။ ။ ဟုတ်တယ်၊ မြန်မာပြည်ရဲ့ပထမဆုံး သမ္မတကြီး စပ်ရွှေသိုက်က မိန့်ခွန်းမြွက်ကြားတယ်။ ကျွန်တော်တော့ ရင်တသိမ့်သိမ့်ခံစားရလို့ ဘာတွေပြောသွားမှန်းတောင် မသိလိုက်ပါဘူး။ အခမ်းအနားပြီးတာနဲ့ စစ်ကြောင်းပုံပြုချီတက်ပြီး တပ်ပြန်ခဲ့ကြတယ်။ လွတ်လပ်တဲ့ ဗမာ့ရေ တပ်မတော်အနေနဲ့ စစ်ချီလမ်းလျှောက်ရတာ အရသာရှိလိုက်တာဗျာ။

ပင်။ ။ ဟုတ်ပါတယ်။ ဒါနဲ့ ဂျင်ပုလင်းလေးလည်း ဒီဘက်လှည့်လိုက်ပါဦး။
သော်။ ။ ရပါတယ်ဗျာ … ရော့။ တပ်ရောက်တော့ မိုးတောင်ကောင်းကောင်းမလင်းတတ်သေးဘူး။ ဝေလီဝေလင်းမှာ စပယ်ရှယ်ရမ်ရာရှင် ဝေတယ်ဗျာ။ သောက်ကြတာပေါ့။

အယ်။ ။ ခင်ဗျားတို့ နေဗီကသောက်တဲ့ ဂျမကာရမ်ဆိုတာသိပ်ကောင်းဆိုပဲ ကျုပ်တို့တော့ ကြားဖူးရုံသာရှိပါတယ်။
သော်။ ။ ကောင်းတာတော့ မပြောနဲ့။ နံ့သာပုငှက်ပျောသီးနံ့က သင်းနေသေးတယ်။ သောက်ပြီး ပျော်လွန်းအားကြီးလို့ သေနတ်တွေ မိုးပေါ် ထောင်ဖောက်ကြတယ်။ ဗလာကျည်မဟုတ်ဘူးဗျ၊ ထိပ်ဖူးနဲ့ကျည်တွေကို ဖောက်ကြတာ။ ကင်းရုံက ကင်းသမားတွေလည်းပါတယ်။ ကင်း မှူးကဆို ခြောက်လုံးပြူးကို တဒိုင်းဒိုင်းဖောက်တော့တာပဲ။

ပင်။ ။ ဘာပြုလို့ဖောက်တာလဲ။
သော်။ ။ လွတ်လပ်ရေးရတာ ပျော်လို့ပေါ့ဗျာ။ ဒါမှမဟုတ် လွတ်လပ်ရေးသမိုင်းတလျှောက်မှာပါဝင်ခဲ့ကြတဲ့ အသက်ပေးခဲ့ကြတဲ့ အာဇာနည် များကို ဂုဏ်ယူတဲ့အနေနဲ့ဗျာ။ ဘယ်သူ့အမိန့်မှမရဘဲ ဖောက်ကြတာ။ အဲဒါ ဘယ်သူ့ကျည်ဆံက သွားမှန်သလဲတော့မသိဘူးဗျာ။ ကောင်း ကင် ဓာတ်မီးကြိုးထိပြီး ပြတ်ကျသွားလို့ တပ်ဝန်းလုံး မှောင်အတိကျသွားတော့တယ်။

အယ်။ ။ ဟင် ဒုက္ခပဲ။ အဲဒီတော့ဘာဖြစ်သလဲ။
သော်။ ။ ဘာဖြစ်ရမလဲ။ တာဝန်မှူးထွက်လာပြီး သေနတ်ဖောက်တဲ့ အကောင်တွေအားလုံးကို ကွာတားဂတ်ခေါ်တဲ့ အချုပ်ခန်းထဲသွင်းတော့ တာပေါ့။ နံနက်ခြောက်နာရီလောက်မှာ ကွာတားဂတ်ထဲ လူနှစ်ဆယ်လောက်ပြည့်သွားတာပဲ။

ပင်။ ။ ခင်ဗျားကော ပါသလား။
သော်။ ။ ဘယ်နေလိမ့်မလဲ ပါတာပေါ့။ ကျုပ်လက်ထဲမှာ ယမ်းငွေ့သလူလူထွက်နေတဲ့ ရိုင်ဖယ်ကြီးနဲ့ လက်ပူးလက်ကြပ်ကိုမိတာပါပဲဗျာ။ ဒါကြောင့် မြန်မာပြည်လွတ်လပ်ရေးရလျှင်ရချင်း လွတ်လပ်ရေးရတာပျော်လို့ အချုပ်ခံခဲ့ရသူဟာ ကျွန်တော်ပါပဲ။ လွတ်လပ်ရေးရပြီး နှစ်နာရီ အတွင်းမှာ အချုပ်ခန်းထဲရောက်ခဲ့ရပါတယ်။

အယ်။ ။ ဟောဗျာ၊ ခင်ဗျားဟာကလည်း ဆန်းလှချည်းလား။ ခင်ဗျားပြောတာနဲ့ အမူးတောင်ပြေချင်သွားပြီ။ ထည့်စမ်းပါဦး တခွက်။
ပင်။ ။ နောက် ဘယ်လိုအချုပ်ကလွတ်သလဲ။

သော်။ ။ တာဝန်မှူးကတော့ သူ့တာဝန်သူ ဆောင်ရွက်တာပေါ့ဗျာ။ နောက် ၁၀ နာရီလောက်မှာ ဗိုလ်မှူးသန်းဖေ (ဗိုလ်ချုပ်သန်းဖေ၊ ကွယ် လွန်) ရောက်လာပြီး ‘ဟေ့-ဟိုခွေးမသားလေးတွေ လွတ်လပ်ရေးရတာနဲ့ မင်းတို့က ဘာလို့သေနတ်ဖောက်ရတာလဲ။ ငါ နရင်းတီးလိုက်ရ သွားချေးယိုးဒယားက သွားရော့မယ်။ အခု အချုပ်ခန်းထဲက ထွက်။ မက်စ်မှာ ရမ်ဝေနေတယ်။ သွား သောက်ကြ၊ မူးပြီး သေနတ်လည်း မဖောက်ကြနဲ့ဦးလို့ပြောပြီး အချုပ်ကလွှတ်လိုက်တယ်။ ရုံးတင်ပြီးအရေးလည်း မယူခဲ့ဘူး။ သူ အားရပါးရဆဲပြီးရင် ပြီးတာပဲ။ အဲဒီ အဘိုးကြီး ကျေးဇူး ကျွန်တော့်မှာ အများကြီးရှိပါတယ်။ ဒါကြောင့် လွတ်လပ်ရေးနေ့ရောက်ရင် ကျွန်တော် ငိုချင်တယ်လို့ ပြောတာပေါ့။ အဲဒါထက် ထူးခြားတာက နောက်ပိုင်းများမှာ နိုင်ငံခြားတိုင်းပြည်ရောက်နေတဲ့အခိုက် လွတ်လပ်ရေးနေ့နဲ့များကြုံကြိုက်ရင် ကိုယ့်တိုင်းပြည် အဲဒီနေ့မှာ စုစုဝေးဝေး ကျင်းပကြတယ်။

ပင်။ ။ ဟုတ်တယ်။ အဝေးရောက် လွတ်လပ်ရေးနေ့ဟာ ကြည်နူးစရာကောင်းမှာပဲ။ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေတုန်း ဘာမှအရေး မကြီးဘူးလို့်ထင်ရပေမဲ့ နိုင်ငံခြားမှာ စုစည်းကျင်းပရတာ သိပ်အဓိပ္ပာယ်ရှိပါတယ်။ အဝေးကလွမ်းရတာ ကြည်နူးစွာနဲ့ အရသာရှိတယ်။
အယ်။ ။ ဟုတ်တယ်။ ဟိုတစ်လောက ကျုပ် ရန်ကုန်မှာ အမေရိကန်လွတ်လပ်ရေးနေ့ ဖိတ်ကြားခံရလို့တက်တော့ အမေရိကန်တွေ သိပ် ပျော် သိပ်ဂုဏ်ယူနေပုံရတယ်။ နှစ်နှစ်ရာမြောက် လွတ်လပ်ရေးဆိုတော့ ဂုဏ်ယူစရာပေါ့ဗျာ။

ပင်။ ။ ဒါထက် အင်္ဂလိပ်လွတ်လပ်ရေးနေ့တော့ မရှိပါလားဗျ။
သော်။ ။ ဟာ-တယ်ခက်တဲ့ ပင်စင်နာပဲ၊ ဘယ်မှာရှိမလဲဗျ။ ဘယ်သူ့ကိုလိုနီမှမဖြစ်ခဲ့ဖူးရင် လွတ်လပ်ရေးနေ့ဆိုတာ မရှိနိုင်ဘူး။ ပြင်သစ်မှာ လည်း လွတ်လပ်ရေးနေ့မရှိဘူး။ ကိုလိုနီမဖြစ်ခဲ့ဖူးရင် အချုပ်အခြာအာဏာရဲ့အရသာကို မသိနိုင်ဘူးဆိုတာ တွံ-သင် ပင်စင်နာသည်၊ ဂဏှာဟိ- မှတ်လေတော့။

www.shwezinu.com မှ ကူးယူဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts