>Ashin Pyinnar Nanda – Unfamous Prisoner monks – 10

>

အညတရအကျဉ်းသားရဟန်းတော်များ (၁၀) သာသနာ့ဂုဏ်ရည်ဆရာတော် ဦးဇ၀န
အရှင်ပညာနန္ဒ
ဒီဇင်ဘာ၊ ၄ ၊ ၂၀၁၁



၁၉၃၉ -၂၀၁၁
၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း ပထမဆုံး စစ်တပ်၊ ကြံ့ဖွတ်နဲ့ စွမ်းအားရှင်တွေ ၀င်ရောက်စီးနင်းဖမ်းဆီးခံရတဲ့ ရန်ကုန် မြို့ ခြောက်ထပ်ကြီး ဘုရားကြီးတိုက်၊ သာသနာ့ဂုဏ်ရည်ကျောင်းဆရာတော် ဘဒ္ဒန္တဇ၀နမထေရ်မြတ်ကြီးဟာ ဇူလိုင် ၇ ရက် ၂၀၁၁ ည ၈ နာရီအချိန်မှာ ဘ၀နတ်ထံပျံလွန်တော်မူသွားခဲ့ပါပြီ။

ဒီဆရာတော်ကြီးဟာ ၁၉၈၈အရေးအခင်းကာလကစလို့ ပျံလွန်တော်မူတဲ့အထိ မြန်မာပြည် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက် ရေးအတွက် ဒူးမထောက်၊ လက်မမြှောက်ဘဲ တိုက်ပွဲဝင်သွားတဲ့ ဆရာတော်ကြီးပါ။ ဆရာတော်ကြီးဟာ အေးဆေးတည်ငြိမ်စွာ နေလေ့ရှိ ပေမဲ့ အလွန်သတ္တိကာင်းတဲ့ ဆရာတော်တပါးလည်းဖြစ်ပါတယ်။

၈၈အရေးအခင်းပြီးကာလနောက်ပိုင်း စစ်အစိုးရအာဏာပိုင်တွေက အတိုက်အခံနိုင်ငံရေးသမားတွေကို အဖမ်းအဆီးကြမ်းကြမ်းနဲ့ စောင့် ကြည့်နေတဲ့အချိန်ကာလမှာ ဆရာတော်ရဲ့ကျောင်းမှာ မင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ကျောင်းသားတွေနဲ့ အဖွဲ့အစည်းပေါင်းစုံကနိုင်ငံရေးသမားတွေကို မကြောက်မရွံ့ လက်ခံရဲတဲ့ ဆရာတော်ကြီးပါ။

နိုင်ငံရေးသမားတွေရဲ့ ဘာသာရေးအခမ်းအနားတွေ၊ နိုင်ငံရေးအခမ်းအနားတွေကို ဆရာတော်ကြီးကျောင်းမှာ ကျင်းပလေ့ရှိတာမို့ အာဏာ ပိုင်တွေ မျက်စိစပါးမွေးစူးပြီး စောင့်ကြည့်ခံရတဲ့ကျောင်းလည်း ဖြစ်ပါတယ်။ ရန်ကုန်နိုင်ငံရေးလောကမှာ သာသနာရေးကိစ္စများနဲ့ နိုင်ငံရေး ကိစ္စများကို စစ်အစိုးရဖိအားပေးနေတဲ့ကြားထဲက မကြောက်မရွံ့လက်ခံဆောင်ရွက်ပေးတဲ့ ရှားရှားပါးပါးကျောင်းဆိုလို့ သာသနာ့ဂုဏ်ရည် ကျောင်းနဲ့ အခြားလက်ချိုးရေလို့ရတဲ့ ကျောင်း အနည်းငယ်ပဲ ရှိတာပါ။

(ကျောင်း၏ ဆိုင်းဘုတ် – သာသနာ့ဂုဏ်ရည်ကျောင်း)


ဆရာတော်ကြီးဟာ အလွန်သတ္တိကောင်းပြီး ဖြောင့်မတ် တည်ကြည်သူဖြစ်သလို နိုင်ငံရေးသမားတွေကိုလည်း အလွန်ကရုဏာထားပြီး ကူညီစောင့်ရှောက်တော်မူခဲ့ပါတယ်။ တခါက စစ်အစိုးရအာဏာပိုင်တွေ ဆရာတော်ကျောင်းရောက်လာပြီး နိုင်ငံရေးနဲ့ပက်သက်သူတွေရဲ့ ဘာသာရေးကိစ္စတွေကို လက်မခံဖို့ လျှောက်ထားဖူးပါတယ်။ ဆရာတော်ကြီးက တရားဝင်အမိန့်စာ ထုတ်ပြီးတားမြစ်ရင် လက်ခံမယ် ပြော လိုက်လို့ အာဏာပိုင်တွေ စိတ်ဆိုးဒေါသထွက်ပြီး ပြန်သွားဖူးပါတယ်။ အဲလို သတ္တိကောင်းတဲ့ဆရာတော်ပါ။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဖြစ်တော့ ဆရာတော်နဲ့ ဆရာတော်ကျောင်းက သံဃာတွေဟာ တက်တက်ကြွကြွ ပါဝင်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းတွေကို စစ်တပ်က၀င်ရောက်စီးနင်းတဲ့အခါမှာ ပထမဦးစားပေးအဖြစ် သတ်မှတ်ခံရပြီး အရင်ဦးဆုံး အစီးအနင်းခံခဲ့ရပါတယ်။ ဆရာတော့်ကျောင်းက သံဃာအားလုံးဖမ်းဆီးပြီး၊ ဘုန်းကြီးကျောင်းက အဖိုးတန်ပစ္စည်းတွေကိုလည်း သိမ်းယူသွားခဲ့တာ ခုအချိန်အထိ ပြန်မရသေးပါ။ သံဃာအားလုံး အင်းစိန် GTI စစ်ကြောရေးစခန်းမှာ လူဝတ်လဲခံရပါတယ်။ ဆရာတော်ကြီးကတော့ အဖမ်းအဆီးခံ ရမယ့်ဘေးက သီသီလေးလွတ်မြောက်ခဲ့ပြီး ဒကာ၊ ဒကာမတွေရဲ့ အိမ်တွေမှာ ဖြစ်သလို ဆင်းဆင်းရဲရဲနဲ့ ပုန်းအောင်းနေထိုင်ခဲ့ရပါတယ်။

(အာဏာပိုင်တွေ ချိတ်ပိတ်ထားဆဲ ကျောင်း)


ဆရာတော်ရဲ့ကျောင်းက သံဃာတွေကို ကုလသမဂ္ဂကိုယ်စားလှယ် (Mr.Ganbari) မြန်မာပြည်လာတဲ့ခရီးစဉ်အတွင်းမှာ လွှတ်ပေးခဲ့ပေမယ့် ကျောင်းကိုတော့ ယခုအချိန်အထိ ချိတ်ပိတ်ထားဆဲပါ။ ဆရာတော်ဟာ ပျံလွန်တော်မူချိန်အထိ ကျောင်းပြန်လည်ရရှိရေးအတွက် စစ်အစီုးရအာဏာပိုင်တွေထံ တောင်းပန်ခဲ့ခြင်းမရှိသလို သူ့ဘ၀တလျောက်လုံး စစ်အစိုးရအာဏာပိုင်တွေနဲ့ ကင်းကင်းရှင်းရှင်း နေထိုင်ခဲ့တဲ့ ထူးခြားတဲ့ ဆရာတော်ကြီးလည်း ဖြစ်ပါတယ်။

ဆရာတော်ကြီးဟာ သူ့အတွက်နဲ့ သူတပါးဝန်ထုပ်ဝန်ပိုးဖြစ်မှာ စိုးရိမ်တတ်ပြီး ပျံလွန်တော်မူတဲ့အထိ ဆွမ်းခံဘုန်းပေးလေ့ရှိပါတယ်။ နိုင်ငံ ရေးသမားတွေကိုလည်း အလွန်ချစ်ခင်၊ သနားတတ်ပြီး ကျွေးမွေး စောင့်ရှောက်ကူညီတတ်ပါတယ်။ သူ့ဘ၀တလျောက်လုံး အမျိုး၊ ဘာသာ၊ သာသနာတော်အတွက် ဆောင်ရွက်ခဲ့ပါတယ်။

၁၉၈၈ ရှစ်လေးလုံး အရေးအခင်းနဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး တို့ မှာလည်းတက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သလို နိုင်ငံရေးသမားများ၏ သာရေး နာရေး နိုင်ငံရေးအခမ်းအနားများကိုလည်း အာဏာပိုင်များ နှောက်ယှက်တားဆီးနေသည့်ကြားထဲမှ မကြောက်မရွံ့လက်ခံဆောင် ရွက်ပေးခဲ့ပါတယ်။ အဲဒီလို အတိုက်အခံနိုင်ငံရေးသမားတိုရဲ့ဘက်မှရပ်တည်ဆောင်ရွက်ခဲ့တဲ့အတွက် ဆရာတော်ရရှိခံစားရတဲ့ဆုကတော့ စစ်အစိုးရအာဏာပိုင်များက စောင့်ကြည့်ခြင်းခံရကာ ဆရာတော်နေထိုင်တဲ့ကျောင်းကိုပါ ချိတ်ပိတ်ခြင်းခံခဲ့ရတာပါ။

ဆရာတော်ကြီးဟာ ၁၉၉၀ ခုနှစ်ကလည်း စစ်အစိုးရကို ပတ္တနိတ္ကုဇန သပိတ်မှောက်ကံဆောင်ခဲ့လို့ စစ်အစိုးရရဲ့ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသလို၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအလွန်မှာလည်း ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

ဆရာတော်ဟာ ရောဂါဝေဒနာခံစားနေရပေမဲ့ ဆေးကုသဘို့ ၀တ္ထုငွေလည်းမရှိကြောင်း၊ ဒကာ ဒကာမတွေကိုယ်တိုင်က ဆင်းရဲနွမ်းပါးနေတာကိုသိနေတဲ့အတွက် မည့်သည့်ဒကာ ဒကာမတွေထံမှ အကူအညီမတောင်းခံဘဲ ရောဂါဝေဒနာကိုကြိတ်မှိတ်ခံစားသွားကြောင်း ဆရာ တော်ကြီးကိုကူညီနေသူတဦးက ပြောပြပါတယ်။

ဆရာတော်ရဲ့ကျန်းမာရေးအခြေအနေဟာ တနေ့တခြားဆိုးဝါးလာခဲ့ပြီး အဆုတ်ကင်ဆာရောဂါဝေဒနာကို ပြင်းထန်စွာခံစားရင်း ၂၀၁၁ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့၊ ၁၃၇၃ ခုနှစ်၊ ၀ါဆိုလဆန်း ၁၀ ရက် ည ၈ နာရီအချိန်မှာ ခြောက်ထပ်ကြီး သာသနာ့ဇောတိကာရုံကျောင်းတိုက်မှာ ဘ၀နတ်ထံ ပျံလွန်တော်မူသွားခဲ့ရပါတယ်။ ဆရာတော်ကြီးပျံလွန်တော်မူသွားရတာနဲ့ပက်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဒုဥက္ကဋ္ဌ ဥိးတင်ဦးက … “ဆရာတော်ကြီးရဲ့ကျေးဇူးကကြီးတယ်။ NLD အပါအ၀င်ဒီမိုကရေစီအင်အားစုတွေ အတော်လေးဖိနှိပ်ခံနေရချိန်မှာ မားမား မတ်မတ်ရပ်တည်ပြီး အစည်းအဝေးတွေ သူ့ကျောင်းမှာလုပ်ခွင့်ပေးတယ်။ တလျောက်လုံး မယိမ်းမယိုင် ထောက်ခံအားပေးလာတဲ့တကယ့် ကျေးဇူးကြီးတဲ့ တကယ့်ဒီမိုကရေစီဆရာတော်တပါးပါဗျာ’’လို့ ပြောကြားခဲ့သလို၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဖြိုးမင်းသိန်းက လည်း …“ဆရာတော်က ကျနော်တို့ ဒီမိုကရေစီအင်အားစုဘက်မှ၊ စစ်တပ်ဘက်မှဆိုတဲ့သဘောမျိုးမဟုတ်ဘဲနဲ့ အမှန်တရားဘက်မှရပ် တည်ပြီး ဒီမိုကရေစီနိုင်ငံတနိုင်ငံဟာ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်မှုကို ပိုမိုဖြစ်စေနိုင်တယ်။ ဒကာဒကာမတွေရဲ့အကျိုးကို ဖြစ်ထွန်းစေနိုင် တယ်ဆိုတဲ့အပေါ်မှာ အမှန်တရားဘက်ကရပ်တည်ပြီး ဒီမိုကရေစီရေးဘက်ကထောက်ခံလှုပ်ရှားနေတဲ့ ကျောင်းသားလူငယ်တွေ နိုင်ငံရေးအင်အားစုတွေကိုထောက်ခံခဲ့တယ်။ ဒီထောက်ခံမှုအပေါ်မှာ ဆရာတော်ရဲ့ပေးဆပ်ရမှုတွေအများကြီးရှိတယ်။ သူဟာ အကျဉ်းထောင်တွေ မှာနေခဲ့ရတယ်။ နှိပ်စက်ခံခဲ့ရတယ်။ ဒီမိုကရေစီပန်းတိုင်မရောက်ခင် ဆရာတော်ပျံလွန်သွားတဲ့အတွက် အလွန်စိတ်မကောင်းဖြစ်မိပါတယ်” လို့ပြောကြားသွားပါတယ်။

ဆရာတော်ကြီးရဲ့ အန္တိမဈာပနအခမ်းအနားကို ရန်ကုန်နာရေးကူညီမှုအသင်းက ဦးကျော်သူတို့က တာဝန်ယူဆောင်ရွက်ပေးခဲ့ပြီး ရေဝေး သုဿန်မှာ ဇူလိုင် ၁၄ရက် ၂၀၁၁နေ့၊ နေ့လည် ၁၂း၀၀ အချိန်မှာ မီးသဂြိုဟ်ခဲ့ပါတယ်။

စစ်အစိုးရအာဏာပိုင်တွေကို မကြောက်မရွံ့၊ ဒူးမထောက် လက်မမြောက် အရှုံးမပေးပဲ ပျံလွန်တော်မူတဲ့အထိ ကြံ့ကြံ့ခံရင်ဆိုင်သွားတဲ့ ဆရာတော် ဘဒ္ဒန္တ ဇ၀နမထေရ်မြတ်ကြီးကို ရိုသေလေးမြတ်စွာ ရှိခိုးပူဇော်ကန်တော့လိုက်ပါတယ်ဘုရား။

နောက်ဆက်တွဲ
သာသနာ့ဂုဏ်ရည်ဆရာတော် ဘဒ္ဒန္တဇ၀န (၁၉၃၉ – ၂၀၁၁) ၏ ထေရုပတ္တိ အကျဉ်း

သက်တော် (၇၃) နှစ်၊ ၀ါတော် (၅၃) ၀ါ ခြောက်ထပ်ကြီးဘုရားတိုက်၊ သာသနာ့ဂုဏ်ရည်ကျောင်းဆရာတော်ကို မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အိမ်သစ်ကျေးရွာနေ ခမည်းတော် (ဦးစိန်မြ)၊ မယ်တော် (ဒေါ်ချစ်ခိုင်) တို့၏ မွေးချင်း ၅ ယောက်အနက် တတိယသားရတနာဖြစ်ပါသည်။

မြန်မာသက္ကရစ် ၁၃၀၀ပြည့်နှစ်တွင် မွေးဖွားသန့်စင်ခဲ့ပါသည်။ ငယ်နာမည်မှာ မောင်စိုးဝင်းဖြစ်ပြီး၊ ငယ်စဉ်ကပင် ရှင်ဇ၀နဘွဲ့ဖြင့် ကိုရင် ၀တ်ခဲ့ပါသည်။ ၁၃၂၀ ခုနှစ်တွင် ရဟန်းဘောင်သို့ဝင်ရောက်ခဲ့ပြီး မန္တလေးမြို့တွင် စာဝါလိုက်ခဲ့သည်။ ထို့နောက် ရန်ကုန်မြို့ ခြောက်ထပ်ကြီး ၊ သာသနာဂုဏ်ရည်ကျောင်းတိုက်တွင် နိုင်ငံတော်သံဃနာယက ဒုတိယဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တအာဒိစ္စရံသီထံတွင် ပရိယတ္တိစာဝါများလိုက်ကာ ၎င်းကျောင်းမှာပင် သီတင်းသုံးခဲ့ပါသည်။

ဆရာတော်ကြီး ဘဒ္ဒန္တ အာဒိစ္စ ပျံလွန်တော်မူပြီးနောက် သာသနာ့ဂုဏ်ရည်ကျောင်း၏ ကျောင်းထိုင်ဆရာတော်အဖြစ် ဆက်လက်သီတင်း သုံး နေထိုင်လာခဲ့ပါသည်။

ဆရာတော်မှာ ကြည်ညိုစရာကောင်းပြီး အေးဆေးတည်ငြိမ်စွာဖြင့် နေထိုင်လေ့ရှိပါသည်။ သူတပါး ၀န်ထုပ်ဝန်ပိုးဖြစ်မှာ လွန်စွာစိုးရိမ်တတ်ပြီး ပျံတော်မူသည့်နှစ်အထိ ဆွမ်းခံစားသည်။ ဒကာ၊ ဒကာမများ၏ ပို့ဆွမ်းကို လက်ခံလေ့မရှိပါ။

ဆရာတော်၏ထူးခြားချက်မှာ ရဟန်းဘောင်ဝင်ရောက်ပြီးမှ အစိုးရမူလတန်းကျောင်းစာအုပ်ကို သင်ယူပြီး ဥပဒေဘွဲ့ (BA, BL ) ရသည်အထိ တက္ကသိုလ်ပညာကို ရယူခဲ့သူဖြစ်ပါသည်။

၁၉၈၈ ရှစ်လေးလုံး အရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး စသည့် အရေးတော်ပုံတို့တွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ခြင်း၊ နိုင်ငံ ရေးသမားများ၏ သာရေး နာရေး နိုင်ငံရေးအခမ်းအနားများကို လက်ခံဆောင်ရွက်ခဲ့ခြင်းကြောင့် စစ်အစိုးရအာဏာပိုင်များ စောင့်ကြည့်ခြင်း ခံရကာ ဆရာတော်၏ကျောင်းကိုပါ ချိတ်ပိတ်ခြင်း ခံရသည်။

ဆရာတော်သည် ၁၉၉၀ ခုနှစ်က စစ်အစိုးရကို ပတ္တနိတ္ကုဇန သပိတ်မှောက်ကံဆောင်သဖြင့် စစ်အစိုးရက ဖမ်းဆီးထောင်ချခြင်းခံခဲ့ရသည့် အပြင်၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအလွန်တွင်လည်း ထိန်းသိမ်းခြင်းခံခဲ့ရသည်။

ပျံလွန်တော်မူချိန်အထိ စစ်အစိုးရ၏ လိုက်လံဖမ်းဆီးနှောင့်ယှက်မှုများကြောင့် ပုန်းအောင်းနေထိုင်ခဲ့ရပြီး ဆေးဝါးကုသခံယူခွင့် ကောင်းစွာ မရခဲ့သည့်အတွက် အဆုတ်ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန်ခံစားရင်း ဇူလိုင် ၇ ရက် ၂၀၁၁၊ ည (၈) နာရီ အချိန်တွင် ရန်ကုန်မြို့  ခြောက်ထပ်ကြီး ဘုရားကြီးတိုက်၊ သာသနဇောတိကကျောင်းတွင် ပျံလွန်တော်မူခဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts