>Aung Way – Remembrance (9)

>

တမ်းတမ်းတတ အလွမ်းများ (၉)
အောင်ဝေး
ဒီဇင်ဘာ ၃၊ ၂၀၁၁


(ဒီတပတ်မှာ- ကွယ်လွန်သွားကြပြီဖြစ်တဲ့ အမေ လူထုဒေါ်အမာနဲ့ ဆရာ ဦးတင်မိုးတို့အကြောင်း ခံစား တင်ပြထားပါတယ်)


အားလုံး မင်္ဂလာပါ။
ဒီတခါတော့ နိုဝင်ဘာ လွမ်းချင်းလို့ပဲ ဆိုဆို၊ နိုဝင်ဘာစစ်တမ်းလို့ပဲ ပြောပြော၊ လောကမှာ သေသော တရားသာ၊ မသေသောတရား ဖြစ်တယ် ဆိုတဲ့ အကြောင်း အစချီပရစေ။

ကျနော်တို့ ပြောလေ့ပြောထရှိတဲ့ စကားတခွန်း မှတ်မိကြမယ် ထင်ပါရဲ့ ။
အဲဒီစကားကတော့ လောကမှာ ပြောင်းလဲသော တရားသာ၊ မပြောင်းလဲသော တရားဖြစ်တယ် ဆိုတဲ့ စကားပါ။ လောကမှာ အရာရာဟာ မပြောင်းလဲဘဲ၊ အမြဲ တည်မနေနိုင်ဘူး။ မပြောင်းလဲချင်လို့လည်း မရဘူး။ ပြောင်းလဲသင့် ပြောင်းလဲထိုက်တဲ့ အခြေအနေ အချိန်အခါကို ရောက်ရင်၊ ပြောင်းလဲကြရတာ လောက ဓမ္မတာပါပဲ။ အဟောင်းအဟောင်းတို့ ချုပ်ငြိမ်းပြီး၊ အသစ်အသစ်တို့ ဖြစ်ပေါ်လာရစမြဲ မဟုတ်လား။ လောကမှာ မပြောင်းမလဲဘဲ ထာဝရ တည်တံ့နေမယ့် အရာ ဆိုတာ မရှိ။ အရာရာဟာ ပြောင်းကို ပြောင်းလဲသွားရမှာပဲ။
ဒီလိုပါပဲ။ လူဟာမွေးဖွားလာပြီးရင်၊ မနေ့နေ့တချိန်ချိန်မှာ သေဆုံး ကြရစမြဲပါပဲ။ လောကမှာ မသေတဲ့သူ ဘယ်သူမှမရှိပါဘူး။ သေကြရတာပဲ။ လူဆိုတာ သေမျိုးပါလို့လည်း ဆိုကြရဲ့ မဟုတ်လား။ လူဟာ မွေးဖွားလာတဲ့ ပုခက်အတွင်းကနေ၊ သေရာဆုံးရာ ချုပ်ငြိမ်းရာ သင်္ချိုင်းကုန်း အထိ၊ ဘ၀အဓိပာယ် နဲ့  ဘ၀သစ္စာကို ရှာဖွေရင်း ဖြတ်သန်းသွားကြရတာပါပဲ။

လောကမှာ မသေချင်လို့မှမရ။ တနေ့ သေချိန်တန်တဲ့အခါ သေကြရစမြဲ။ ဒါကြောင့် သေခြင်းတရားဆိုတဲ့ အရာကတော့၊ ဘယ်တော့မှ ပျောက်ဆုံးသွားမှာလည်း မဟုတ်၊ ဘယ်တော့မှ နိဂုံး ချုပ်သွားမှာလည်း မဟုတ်တဲ့ အတွက်၊ သေဆုံးခြင်း ဆိုတဲ့ ဖြစ်စဉ်ကြီးကသာ၊ လူတွေအတွက် မပြီးနိုင်၊ မဆုံးနိုင်၊ မသေနိုင်ဖြစ်နေတယ်လို့ တင်စား ဆိုကြတာပါပဲ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရွှေပြည်ကြီးဆီက လာတဲ့ အင်တာနက် သတင်း တပုဒ်က၊ ကျနော်တို့ အဝေးရောက်တွေရဲ့ ရင်ထဲကို တိုးဝင် လှုပ်ခတ်သွားစေခဲ့ပါတယ်။ ဒီသတင်းကတော့ အမရပူရမြို့ ၊ တောင်သမန် အင်းစောင်းက၊ တောင်လေးလုံးကျောင်းတိုက်မှာ၊ ကွယ်လွန်သူ ကဗျာဆရာကြီး ဆရာ ဦးတင်မိုး အထိမ်းအမှတ် ကျောက်တုံး ဖွင့်လှစ်တဲ့ အခမ်းအနား ကျင်းပကြတဲ့ သတင်းပါ။

ဆရာဦးတင်မိုးဟာ န၀တအစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသား၊ ဒီမိုကရေစီတော်လှန်ရေး ကဗျာဆရာပါ။ နအဖစစ်အစိုးရ လက်ထက်ရောက်တော့ ပြည်ပြေး၊ ဒီမိုကရေစီတော်လှန်ရေး ကဗျာဆရာ ဖြစ်သွားရပါတယ်။ ဆရာဦးတင်မိုးဟာ ၁၉၉၉ ခုနှစ်မှာ ပြည်ပကို ထွက်ခွာလာခဲ့ပြီး၊ ၂၀၀၇ခုနှစ်၊ ဇန်န၀ါရီလ(၂၂)ရက်နေ့၊ အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့ မှာ ကွယ်လွန်ခဲ့တာပါ။

ဆရာဦးတင်မိုးဟာ ၁၉၃၃ခုနှစ်၊ နိုဝင်ဘာလ(၁၉)ရက်ဖွားဆိုတော့၊ ဆရာ ကွယ်လွန်တဲ့ အချိန်မှာ အသက်(၇၄)နှစ် ရှိပါပြီ။ အခု ဆရာ ကွယ်လွန်ပြီး(၄)နှစ်ကျော် အကြာမှာ၊ ဆရာ ဦးတင်မိုးရဲ့ (၇၈)နှစ်ပြည့်မွေးနေ့ အမှတ်တရ အထိမ်းအမှတ် ကျောက်တုံးကို တခမ်းတနား စိုက်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးကို အင်မတန်ချစ်တဲ့၊ အညာကို အင်မတန်ချစ်တဲ့ ကဗျာဆရာကြီးရဲ့ ဝိညာဉ် တစိတ်တပိုင်းတော့ သူချစ်တဲ့ တိုင်းပြည်နဲ့ လူမျိုးကြား၊ သူချစ်တဲ့ တမာတောကို ပြန်ရောက်သွားပြီ လို့ ဆိုနိုင်မယ် ထင်ပါရဲ့ ။

နိုဝင်ဘာလဟာ တမ်းတစရာ၊ လွမ်းစရာတွေကလည်း များလှပါတယ်။ နိုဝင်ဘာလ(၁၉) ရက်နေ့ဟာ ဆရာ ဦးတင်မိုးမွေးနေ့။ နိုဝင်ဘာ(၂၉)ရက်နေ့ ဆိုရင် အမေ လူထုဒေါ်အမာရဲ့ မွေးနေ့ပါ။ အခုတော့ ဒီ နိုဝင်ဘာ မွေးနေ့ရှင် နှစ်ဦးစလုံး မရှိကြတော့ပါဘူး။ အမေ လူထုဒေါ်အမာလည်း ၂၀၀၈ခုနှစ်၊ ဧပြီလ(၇)ရက်နေ့က၊ မန္တလေးမြို့ မှာ ကွယ်လွန်ခဲ့ပါတယ်။

အမေ လူထုဒေါ်အမာကို ၁၉၁၅ ခုနှစ်၊ နိုဝင်ဘာလ(၂၉)ရက်နေ့မှာ မွေးတာ ဆိုတော့၊ အမေ ကွယ်လွန်တဲ့ အချိန်မှာ အသက်(၉၃)နှစ် အရွယ်ပါ။ အိုကြီးအိုမ အရွယ်အထိ အမေ လူထု ဒေါ်အမာဟာ တိုင်းပြည်နဲ့ လူမျိုး ငြိမ်းချမ်းရေး အတွက်၊ ဒီမိုကရေစီရေး အတွက် မနားမနေ ကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့ တိုင်းပြုပြည်ပြု သတင်းစာ ဆရာမကြီး၊ စာရေးဆရာမကြီးပါ။

အမေ အသက် ထင်ရှားရှိတဲ့ အချိန်တုန်းက၊ နှစ်စဉ် နိုဝင်ဘာလ(၂၉)ရက်၊ အမေ့မွေးနေ့ ရောက်ပြီလား ဆိုရင်၊ အရှေ့ အနောက် တောင်မြောက်ဝဲယာ၊ နိုင်ငံတ၀န်းက အမေ့ရဲ့ တပည့် သားမြေးတွေ၊ အမေနဲ့ ခေတ်ပြိုင် သက်ကြီးဝါကြီး ပုဂ္ဂိုလ်တွေ၊ အမေ့ကို လေးစား ချစ်ခင်ကြတဲ့ စာဖတ် ပရိသတ်တွေဟာ၊ မဖိတ်ခေါ်ရဘဲနဲ့ ၊ သူ့ အလိုလို မပျက်မကွက် ရောက်လာကြတာပါပဲ။

ဆရာ ဒဂုန်တာရာက၊ အိန္ဒိယ အမျိုးသား ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ အကြောင်း ကဗျာတပုဒ် ရေးခဲ့ဖူးတယ်။ ကဗျာထဲမှာ ပြည်သူလူထု အသိန်းအသန်းဟာ၊ မဟတ္တမဂန္ဒီဂျီးရဲ့  ဂူဗိမာန်ကို နေ့စဉ်နဲ့ အမျှ လာရောက်ဖူးမြော်ကြတယ်။ မဟတ္တမဂန္ဒီဂျီးရဲ့ အကြမ်း မဖက်တဲ့ အဟိံသ လမ်းစဉ်ကို သက်ဝင် ယုံကြည်ကြတယ်။ ဒီသဘောနဲ့ ဆရာ ဒဂုန်တာရာက၊ ကဗျာကို “အရိယံဘုရားဖူး“ လို့ ခေါင်းစဉ် တပ်ခဲ့ပါတယ်။

ကျနော်တို့လည်း၊ အခု အမေ လူထုဒေါ်အမာ အသက် ထင်ရှား မရှိတော့ပေမဲ့လည်း အမေ ရှိစဉ်တုန်းကလိုပဲ၊ တောင်သမန်ကို အရိယံ ဘုရားဖူးလာနေကြတုန်းပါပဲ။ နှစ်စဉ် ဒီလိုနေ့ရက်၊ ဒီလိုအချိန် ဆိုရင် ကျနော်တို့စိတ်တွေက တောင်သမန်ကို ရောက်နေကြပါပြီ။ အခုအချိန် ပြည်တွင်းက ကျနော်တို့ ရေးဖော် ရေးဘက်တွေလည်း၊ တောင်သမန် အင်းရိပ်၊ တောင်လေးလုံး ကျောင်းထိပ်က ဆရာ ဦးတင်မိုး အထိမ်းအမှတ် ကျောက်တုံးဆီကိုလည်း အရိယံ ဘုရားဖူးသွားနိုင်ကြပါပြီ။

ဆရာမောင်ထင်ရဲ့ “ကိုဒေါင်း ၀တ္ထုတိုများ “နိဂုံးအချုပ်မှာ “ကိုဒေါင်းကား ကွယ်လွန်လေပြီ။ ကိုဒေါင်းသည် သက်တော်ရာကျော် ရှည်ပါစေသတည်း“ လို့ရေးခဲ့ပါတယ်။ ဆရာဦးတင်မိုး ကွယ်လွန်ခဲ့ပါပြီ။ အမေ လူထုဒေါ်အမာ ကွယ်လွန်ခဲ့ပါပြီ။ ဒါပေမဲ့ ဆရာဦးတင်မိုး မသေပါ။ သက်တော်ရာကျော် ရှည်နေပါဦးမယ်။ အမေ လူထုဒေါ်အမာ မသေပါ။ သက်တော်ရာကျော် ရှည်နေပါဦးမယ်။

ကျနော်တို့မှာ ယုံကြည်ချက်နဲ့ မက်တဲ့ အိပ်မက်တွေ ရှိပါတယ်။ နောင်တပတ်မှာ ဆရာဦးတင်မိုးနဲ့ ပတ်သက်တဲ့ ဆရာ မောင်စွမ်းရည်တို့ ကျနော်တို့ရဲ့  အိပ်မက် အကြောင်း ပြောပါ့မယ်။
နားဆင်တဲ့အတွက် ကျေးဇူးပါ။ ။

အောင်ဝေး
နိုဝင်ဘာ ၂၀-၂၀၁၁။

မူရင်း – လွတ်လပ်တဲ့အာရှအသံ http://www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts