>Aung Way – Remembrance – 8

>

တမ်းတမ်းတတ အလွမ်းများ(၈)
အောင်ဝေး
နိုဝင်ဘာ ၂၆၊ ၂၀၁၁

(ဒီတပတ်မှာ – လူထုအကျိုးပြု လူမှုရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့အနုနိုင်ငံရေးအကြောင်း ဆက်လက် တင်ပြထားပါတယ်)


အားလုံး မင်္ဂလာပါ။
အရင်တပတ်က၊ အင်္ဂလိပ်လို Micro politics လို့ခေါ်တဲ့ “အနုနိုင်ငံရေး“ အကြောင်း အစပျိုး ပြောခဲ့ပါတယ်။ အခုဆက်ပြီး ဒီအကြောင်း ပြောပါဦးမယ်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းမှာ မဇ္ဈိမလှိုင်း ကိုရဲလွင်ကြီး ဆူးလေဘုရားရှေ့ မှာ ၀တ်ပြု ဆုတောင်းနေတုန်း၊ နအဖစစ်တပ်က ဖမ်းဆီး ထိန်းသိမ်းတာ ခံခဲ့ရပါတယ်။ အဖမ်းခံရပြီး လေး ငါးလ အကြာလို့ထင်ပါတယ်။ ကိုရဲလွင်ကြီး အင်းစိန် ဂျီတီအိုင် နအဖ အကျဉ်းစခန်းကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

ကိုရဲလွင် ပြန်လွတ်လာလာချင်း၊ ပြောလိုက်တဲ့ စကားတခွန်းက အခုအချိန်အထိ ကျနော်တို့ရင်ထဲမှာ အင်အားကောင်းကောင်းနဲ့  စိုက်ဝင် စူးနစ်နေတုန်းပါ။ ပြည်ပအသံလွှင့် မီဒီယာတခုနဲ့  တွေ့ ဆုံ မေးမြန်းခန်းမှာ ကိုရဲလွင်က “အခုအချိန်က စပြီး ဘ၀ကို စွန့်လွှတ် စတေးဖို့ဆုံးဖြတ်လိုက်ပါပြီ“ လို့ပြောလိုက်တာပါ။ အင်္ဂလိပ်စကားလုံး Sacrifice ကို သုံးပြီး ကိုရဲလွင် ပြောခဲ့တာဖြစ်ပါတယ်။

ဘ၀မှာ အများ အကျိုးအတွက် ဘယ်သူဘယ်နှယောက် စွန့်လွတ် အနစ်နာခံနိုင်ကြပါသလဲ။ ဘယ်သူတွေ အစတေးခံနိုင်ကြပါသလဲ။ ကိုယ့်တဘ၀ကို ပြည်သူလူထု ဘ၀ပေါင်း များစွာအတွက် ဘယ်လိုလူမျိုးတွေက ပေးဆပ်နေကြပါသလဲ။

အခုနောက်ပိုင်း မဇ္ဈိမလှိုင်းကြီး ကိုရဲလွင်ကို နာရေး ကူညီမှု အသင်းမှာ တက်တက်ကြွကြွ ပါဝင် ကူညီနေတာတွေ့ နေရပါတယ်။ ကဗျာဆရာ၊ စာရေးဆရာတွေနဲ့ တွဲပြီးတော့လည်း ကိုရဲလွင် လူမှုရေး လုပ်နေတာ မြင်နေရပါတယ်။ လူမှုရေးစိတ်ဓာတ် ထက်သန်တဲ့ ကိုဆောင်းဦးလှိုင်တို့လို ဂီတသမား အချင်းချင်းတွေနဲ့ လည်း တွဲပြီး၊ ကိုရဲလွင်ကြီး ကျရာနေရာကနေ လူမှုရေး လုပ်ငန်း တာဝန်တွေ ထမ်းဆောင်နေတာ ကြားနေရပါတယ်။

အဲဒီလို အများပြည်သူအပေါ် စေတနာနဲ့  ဦးတည်ချက်လည်း မှန်ကန်ပြီး၊ လူထုဘ၀ကို လက်တွေ့ အကျိုးသက်ရောက်မှုလည်း ရှိတဲ့ လူမှုရေးအလုပ်တွေကို၊ ဒါတွေဟာ အနုနိုင်ငံရေး လုပ်တာပါပဲ၊ Micro politics ပါပဲလို့ ဆရာဇော်ဇော်အောင်ညွှန်းပြခဲ့တာဟာ၊ ဒီလို ကိုယ်ကျိုးစွန့်ပြီး၊ ဘ၀ကို စတေးပြီး၊ အများကောင်းကျိုး၊ လူထုအကျိုး ဆောင်ရွက်နေတဲ့သူတွေကို ဂုဏ်ပြုလိုက်တာပဲ၊ သူတို့ရဲ့ တန်ဖိုးကို မီးမောင်း ထိုးပြလိုက်တာပဲလို့ ယူဆမိပါတယ်။

မှောင်မိုက်နေတဲ့ လူ့ အဖွဲ့ အစည်းအတွင်းမှာ၊ အဲဒီ လူမှုရေး လုပ်ငန်းတွေကို စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး လုပ်ကိုင်နေကြတဲ့သူတွေဟာ၊ သူတို့ တနိုင်တပိုင် ကိုယ်ပိုင် ကရုဏာ မီးအိမ်တွေ၊ စေတနာမီးအိမ်တွေ ထွန်းညှိပြီး အလင်း ဆောင်နေကြတာပဲလို့လည်း ခံစားမိပါတယ်။

ကျနော်တို့တိုင်းပြည်မှာ ဒီလိုလူမှုရေးလုပ်ငန်းကလေးလုပ်ဖို့ရာမှာတောင်၊ ဘယ်လောက် ကိုယ်ကျိုးစွန့်ရတယ်၊ အနစ်နာခံ၊ ဘ၀ကိုစတေးရတယ် ဆိုတာ ကျနော်တို့ မျက်စိရှေ့ မှောက်မှာ ထင်ထင် ရှားရှား တွေ့ နေရပါတယ်။
ပုဂ္ဂိုလ်ရေးရှေ့ တန်းတင်ပြီး ပြောတာတော့ မဟုတ်ပေမဲ့၊ လူပုဂ္ဂိုလ် နာမည်နဲ့ တကွ ထုတ်ဖော်ပြောမှပဲ ပြည့်စုံမှာမို့၊ နာမည်တပ် ပြောခွင့် ပြုစေချင်ပါတယ်။ အရင်ဆုံး ပြောချင်သူက ရုပ်ရှင်မင်းသား ကျော်သူပါ။ ရွှေဝါရောင် တော်လှန်ရေးမှာ အမျိုး-ဘာသာ-သာသနာ အကျိုး သယ်ပိုးလိုတဲ့ စိတ်နဲ့ ၊ တာဝန်သိတဲ့ စိတ်နဲ့ တခန်း တကဏ္ဍက ပါဝင်ခဲ့မိတဲ့ အတွက်၊ အခုအချိန်မှာ ကိုကျော်သူရဲ့ ရုပ်ရှင် အနုပညာဘ၀ဟာ ပိတ်ပင် တားမြစ်ခြင်း ခံနေရတာ ကြာလှပါပြီ။ အခုတော့ ကျော်သူဆိုတာ နာရေး ကူညီမှုအသင်းကို ဦးဆောင်နေသူတယောက် အဖြစ်နဲ့ ၊ တချိန်က အောင်မြင် ကျော်ကြားခဲ့တဲ့ ရုပ်ရှင် မင်းသားကျော်သူဘ၀ကို စွန့်လွှတ်ခဲ့ရ၊ စတေးခဲ့ရပါပြီ။

နောက်တဦးက ကိုဇေယျာသော်ပါ။ ကိုဇေယျာသော် အခုအချိန်မှာ သီချင်း ဆိုခွင့် မရဘူး။ အခု သူလုပ်နေတဲ့ Generation Wave လို အလုပ်၊ Helping Hand လို လူမှုရေး အလုပ်တွေကို လုပ်ဖို့၊ ဟစ်ဟော့ပ် အဆိုတော် ဇေယျာသော် ဆိုတဲ့ ဂီတအနုပညာရှင်ဘ၀ကို စွန့်လွှတ်ခဲ့ရတာ၊ စတေးခဲ့ရတာပဲ မဟုတ်လား။
ကျနော်တို့ မိတ်ဆွေကြီး ကိုဇာဂနာကိုတော့ ထားလိုက်တော့။ သူလည်း သူ့ ရဲ့ လူမှုရေးအလုပ် အတွက်၊ သူ့ လူမှုရေး စိတ်ဓာတ်အတွက်၊ သူ့ ဘ၀ကို ဘယ်လောက် စွန့်လွှတ် အနစ်နာခံစတေးခဲ့ရတယ် ဆိုတာ တိုင်းပြည်က သိပါတယ်။

ကျနော်တို့ ပြည်ပရောက်နေတဲ့ မြန်မာ နိုင်ငံသားတွေက ပြည်တွင်းမှာ လူမှုရေး လုပ်ငန်းတွေ စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့သူတွေကို အသိအမှတ်ပြု ဖော်ထုတ်နေတဲ့ “ပြည်သူ့ ဂုဏ်ရည်ဆု“ ဆိုတာ ရှိရဲ့ မဟုတ်လား။ ပထမအကြိမ်ဆုကို ရုပ်ရှင်မင်းသားကျော်သူ၊ ဒုတိယအကြိမ်ဆုကို “ဘိက္ခုမာတာ“ လို့ သံဃာတော်တွေ ကိုယ်တိုင် တင်စား ခေါ်ကြတဲ့ အစ်မကြီးဒေါ်ရှု ရခဲ့ပါတယ်။

ဒီမှာလည်းကြည့်ပါ။ အကျဉ်းထောင်အသီးသီးက သံဃာတော်တွေအတွက် လိုအပ်နေတဲ့ ထောင်ဝင်စာ ကွက်လပ်ကလေးကို တတ်စွမ်းသမျှ၊ ကိုယ့်ရဲ့ ချွေးနှဲစာကလေးနဲ့  လိုက်လံ ဖြည့်ဆည်းပေးနေတဲ့ ဒေါ်ရှု။ အနှောင့်အယှက် အဟန့်အတားတွေ ကြားကနေ၊ သူ လုပ်ချင်တာကို မစွန့်မလွှတ်ဘဲ လုပ်နိုင်ဖို့ အတွက်၊ ဒေါ်ရှုခမျာလည်း တစုံတရာတော့ မလွဲမသွေ စွန့်လွှတ်ရမှာပဲလို့ စာနာ တွေးကြည့်မိပါတယ်။

ဘာပဲဖြစ်ဖြစ် ကျနော်တို့ ပြည်သူတွေရဲ့ လူမှုရေး စိတ်ဓာတ်ကိုတော့၊ ဘယ်အာဏာရှင် ဘယ်အုပ်ချုပ်သူကမှ ချိုးနှိမ်ပစ်လို့မရဘူး ဆိုတာ၊ အောက်တိုဘာလ အတွင်းက အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့  အကျဉ်းသား(၆)ထောင် ကျော်လွှတ်ပေးလိုက်တုန်းက၊ မန္တလေး အိုးဘိုထောင်ရှေ့ မှာ မဏ္ဍပ်ကြီးထိုးပြီး၊ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေကို ဘာသာ လူမျိုးမရွေး၊ ပုဒ်ထီး ပုဒ်မမရွေး၊ နွေးထွေးစွာ ကြိုဆို ဧည့်ခံ ကျွေးကြ မွေးကြ၊ လမ်းစရိတ် ထောက်ပံ့တာက အစ၊ အခက်အခဲ ကူညီဖြေရှင်းပေးကြတဲ့ မြင်ကွင်း၊ မကြာသေးခင်က မကွေးတိုင်း အတွင်း၊ ပခုက္ကူရေဘေး၊ ဆိပ်ဖြူ ရေဘေးတွေမှာ၊ ရပ်နီးရပ်ဝေးက လာရောက် ကူညီခဲ့ကြတဲ့ မြင်ကွင်း၊ ဒီမြင်ကွင်းတွေက သက်သေခံနေပါပြီ။

အခုလို လူမှုရေး ကူညီကြတဲ့သူတွေဟာ နိုင်ငံရေးသမားတွေ မဟုတ်ကြပါဘူး။ သူတို့ဟာ အနု နိုင်ငံရေးသမားတွေသာ ဖြစ်ပါတယ်။
နားဆင်တဲ့အတွက် ကျေးဇူးပါ။ ။

အောင်ဝေး
နိုဝင်ဘာ ၁၃-၂၀၁၁။

မူရင်း – လွတ်လပ်တဲ့အာရှအသံ http://www.rfa.org/burmese



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts