>Kamar Pale – Peace

>

ငြိမ်းချမ်းရေး … တမ်းချင်း
ကမာပုလဲ
နိုဝင်ဘာ ၂၄၊ ၂၀၁၁


အဖိုး
အဖိုးပြောခဲ့တယ်
တတိုင်းပြည်လုံးအပေါ်
မေတ္တာရပ်ခံ တောင်းဆိုခဲ့တာ
“သင်ပုန်းချေရေး စိတ်ဓါတ်နဲ့
သူမနာ၊ ကိုယ်မနာ
ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါ” တဲ့၊

ပြီးတော့ … တခါက
အဖိုးရဲ့ သမိုင်းဝင် တမ်းတစကား
ဆရာမသေခင်
တိုင်းပြည်မှာ
ငြိမ်းချမ်းရေးစစ်စစ်ကို မြင်ချင်ပါသတဲ့ …

ဒါပေမဲ့
အဖိုးရယ်
တော်လှန်စစ်နဲ့ ငြိမ်းချမ်းရေးဟာ
သမိုင်းခေတ်တွေရဲ့ … အမြွှာ
ခေတ်ကို အစိုးရခဲ့သူတွေက
အဓမ္မ ပြဌာန်းခဲ့ကြတယ်။

စိတ်ကူး
အိပ်မက်
အတွေး
အချိန်နှင့်အမျှ
ငြိမ်းချမ်းရေးကို

ကျနော်တို့ …
ငတ်မွတ်ဆာလောင်ခဲ့ပါတယ်။
တကယ်လိုများ …
ကျနော်တို့ဆိုက်ရောက်နေတဲ့
မျက်မှောက်ကမ္ဘာမှာ

“ညီညွတ်ရေးအတွက်
အသက်ရှည်ရှည် ခင်ခင်မင်မင်
လက်ရည်တပြင်တည်း”
ရှေးကလို ပိုချစ်ကြရင်ဖြင့်
အတိုင်းထက်လွန်
မေတ္တာတရားဟာ တံခွန်ထူနိုင်မယ် …။

ခုတော့
ခေတ်က
မျက်ရည်ချောင်းစီး
ကြေကွဲခြင်းရဲ့ ရုပ်ပုံလွှာ … ။ ။
+ငြိမ်းချမ်းရေးစကား = ဆရာကြီးသခင်ကိုယ်တော်မှိုင်း +သီချင်း = နန်းတော်ရှေ့ ဆရာတင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts