>May Ka – Articles

>

မြူတိမ်ဝေေ၀ … တောင်ခိုးဝေးဝေး (၁၆)
မေခ
နိုဝင်ဘာ ၂၄၊ ၂၀၁၁


“ဘယ်နဲ့နေလဲ၊ ကျမကိုကြည့်ရတာ အဆင်ပြေရဲ့လားမွိုင်း” သူမအသံက တုန်ယင်နေသည်။
“မယ်ဘုရားကလေ လလို ကြယ်လေးတွေလို လှပါတယ်” မွိုင်းက သူမကို စိတ်လျော့ချနိုင်ရန် နားလည်စွာဖြင့်ပြောလိုက်သည်။ နှမ၀မ်းကွဲ ချယ်ရီက သူမ၏လက်ကိုဆွဲပြီး စ၀်ဆီသို့ခေါ်ဆောင်သွားလေသည်။

ထိုအချိန်တွင် သူ့မျက်ကြည့်က သူမအပေါ်ကျရောက်နေသည်။ သူမှင်သက်မိသွားသည်။ နောက်ကို ခြေလှမ်းဆုတ်လိုက်မိသည်။ စ၀်သည် အပြုစားခံရသော သူ့မယားကို ငေးကြည့်နေမိသည်။ သူမကို သည်လိုတခါမှ မတွေ့ဖူးခဲ့ချေ။ ဒါ ထာဝရပဲ ဖြစ်နေလိုက်ပါတော့ဟု သူမ၏ ပုံကိုမြင်နေမိစဉ် သူမက လက်ကိုကိုင်လိုက်သည့်အခါ အတွေး ပျက်စီးသွားတော့လေသည်။ သူပြောတာကို သူမကြားလိုက်သည်။ “အချစ် ကလေ ပုံပြင်ထဲကလိုပဲ အချစ်ကပုံပြင်ထဲက မောင့်မင်းသမီးလေးပဲ” သူသည် သူမ၏လက်ကို ငြင်ငြင်သာသာ ယုယုယယ ကိုင်လိုက်ပြီး လှေခါးတလျှောက်မှ စောင့်နေကြသော ဧည့်ပရိသတ်ဆီခေါ်ဆောင် သွားလေသည်။

စ၀်ကတော့ ရိုးရိုးပိုးအင်္ကျီအဖြူကိုဝတ်ထားပြီး ပန်းနုရောင်ခေါင်းပေါင်းပေါင်းထားသည်။ ပတ္တမြားကြယ်သီးတလုံးကို အင်္ကျီလည်ပင်းကော် လာတွင် တပ်ထားသည်။ သုစန္ဒာ၏ ခမ်းနားကြီးကျယ်သော နန်းဆန်ဆန်အလှကြောင့် စောင့်စားနေကြသော ဧည့်ပရိတ်သတ်မှာ ဟယ်က နဲ အာမေဍိတ်သံပြုကြပြီး အံ့သြချီးမွမ်းကြလေသည်။ စ၀်က သူမကို စုရုံးနေကြသောဧည့်သည်တွေကြားမှ ဖြတ်ပြီးခေါ်ဆောင်သွားရာ “အို” “ဟာ” ဟူသောအသံများ နေရာအနှံ့မှ ထွက်ပေါ်နေလေသည်။

ပလ္လင်ပေါ်တွင် သတို့သားနှင့်သတို့သမီးတို့ထိုင်ပြီးကြသောအခါ တရားဝင်အခမ်းအနား စတင်လေသည်။

သာယာနာပျော်ဖွယ်ရှိသော စံအိမ်တော်အခမ်းအနားတေးသံသာများသည် ရှေးရိုးတူရိယာများဖြစ်သောစောင်း၊ ပတ္တလား၊ ပြွေနှင့် တယော များကိုတီးခတ်ရာမှ ထွက်ပေါ်လာသည်။ အခမ်းအနားဝန်ကြီးသည် သူ့လက်ကိုမြှောက်ပြလိုက်သောအခါ တေးသံများ ရုတ်တရက်ရပ်သွား သည်။ လူအုပ်သံတွေလည်း တိတ်သွားသည်။ အသံသြဇာကောင်းကောင်းဖြင့် ဘယ်လက်ထဲမှာကိုင်ထားသော တိုင်းယိုင်ပုရပိုဒ်စာကို ဖတ်လေသည်။

“မိန်းတိုင်းအတွင်းရှိသော နမ့်ပန်းပြည်နယ်ကိုပိုင်စားရသော ရေမြေ့အရှင် ကောင်းကင်၏အရှင် သည် သူ့ဆက်ခံခွင့်နှင့် ဆင်းသက်လာသော သူ့မျိုးရိုးစဉ်ဆက်အရ အုပ်ချုပ်ရသော ခွန်မိန်းဖြစ်ပေသည်။ ရှေးရေစက်ကြောင့် သူနှင့် သူ၏ကြင်ယာတော်သည် ဆုံဆည်းခဲ့ကြရသည်။ သူသည် ကြင်ယာတော်ကို ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ခေါ်ဆောင်လာခဲ့ပေသည်။ သူမသည် သူ့ကို ဖြည့်ဆည်းပေးရမည်။ သူ့အ တွက် ပြီးပြည့်စုံရမည်။ သူမသည်လည်း တူညီစွာဖြင့် လမင်း၏အလင်းရောင်ကဲ့သို့ ကမ္ဘာကြီးအား ထွန်းတောက်စေရမည်။ သူ၏ကိစ္စ အကြောင်းအရာများ၊ ပြည်နယ်၏ တရားဝင်ကိစ္စအ၀၀များအတွက် ခွန်မိန်းက မိန့်တော်မူသည်မှာ သူသည် သူ၏ကြင်ယာတော်အား စ၀် သုစန္ဒာဘွဲ့အမည်ကို ပေးအပ်ချီးမြှင့်လိုက်သည်။ ထို့အပြင် သူသည် သူ၏ကြင်ယာတော်ကို နမ့်ပန်းစံအိမ်တော်၏ တော်ဝင်မိသားစုဝင် အဖြစ် မြှင့်တင်သတ်မှတ်လိုက်သည်။ ယနေ့ ယခုအချိန်မှစ၍ အန္တရာယ်ခပ်သိမ်းအပေါင်းနှင့် ရောဂါဘယအပေါင်းမှ ကင်းဝေးပါစေသား။ ကောင်းခြင်းငါးဖြာဖြင့် အစဉ်အမြဲ ပြီးပြည့်စုံပါစေသား …”

ဘွဲ့အမည်အပ်နှင်းကြောင်း ထုတ်ပြန်ကြေငြာပြီးနောက်တွင် ခွန်မိန်းအား အုပ်ထိန်းသူ ဘုန်းတော်ကြီးကျောင်းမှ တိုင်းယိုင်အဖိုးအို သုံး ယောက်၏ ခရုသင်းမှုတ်သံသည် ယုံကြည်အပ်နှံစကားတွေလို လေထဲတွင် ပြန့်နှံ့သွားတော့သည်။

သုစန္ဒာသည် စ၀်ဘေးတွင် မလှုပ်မရှက်ထိုင်နေရင်းက သိမ်မွေ့ကျက်သရေရှိသော ခရုသင်းသံကို နားစွင့်နေမိလေသည်။ သို့သော်ငြားလည်း အခမ်းအနားကျင်းပနေချိန်တွင် သူမသည် အောက်ကိုသာ စိုက်ကြည့်နေရတော့သည်။ သူမသည် အောက်ကဧည့်ပရိသတ်ကို ငဲ့စောင်း ၍သာ ကြည့်နိုင်လေသည်။ သူတို့မျက်လုံးတွေတွင် သူမအား ကျေနပ်သဘောကျချီးမွမ်းနေကြောင်း ရေးသားထားတာ မြင်နေရသည်။ သူမသည် အလွန်ပျော်ရွှင်ကျေနပ်မိပြီး သူမ၏လင်ယောကျာ်းကိုလည်း အထူးကျေးဇူးတင်နေမိလေသည်။ တခုပဲစိတ်ထဲ မကောင်းဖြစ်မိ သည်မှာ သူမ၏မိဘနှစ်ပါးနှင့် သူငယ်ချင်းအပေါင်းအသင်းများသည် သူမ၏ဘ၀အစပိုင်းကာလဖြစ်သော ယနေ့လိုနေ့မျိုးတွင် သက်သေအဖြစ်ရှိမနေကြခြင်းကိုပဲဖြစ်လေသည်။

ဝန်ကြီးချုပ်ဦးသန်းသည် ပလ္လင်အနီးသို့ ဒူးထောက်ချည်းကပ်လာပြီး ရွှေပြားပေါ် ခပ်တိုတိုရေးထားသော ထုတ်ပြန်ချက်ကို ဖတ်ပြလေသည်။

“နမ့်ပန်းပြည်နယ်၏ ခွန်မိန်းသည် ထုံးတမ်းစဉ်လာအတိုင်း ထုတ်ပြန်ကြေငြာလိုက်သည်မှာ သူ၏တော်ဝင်ကြင်ယာတော်ကို နမ့်ပန်းပြည်နယ် ၏ မဟာဒေ၀ီအဖြစ် လက်ထပ်ထိမ်းမြားသည့်အချိန်မှစ၍ မြှင့်တင်ပေးအပ်ချီးမြှင့်လိုက်သည်။ ထို့ကြောင့် ကြင်ယာတော်ကို စ၀်သုစန္ဒာ ဘွဲ့အမည်ကိုပေးအပ်နှင်းလိုက်သည်။ ခွန်မိန်းမင်းသည် မဟာဒေ၀ီ့အပေါ် ကောင်းခြင်း ငါးဖြာ ပေးအပ်ပါစေသား …”

ဦးသန်းသည် ဖတ်ပြီးသွားသောအခါ ရွှေပေလွှာကို ယွန်းအုပ်ဝိုင်းလေးပေါ်တင်လိုက်ပြီး ခွန်မိန်းထံဆက်သလေသည်။ ခွန်မိန်းသည် ကြင် ယာတော်ဘက်လှည့်လိုက်ပြီး အပြုံးများစွာဖြင့် လက်ထဲက တောက်ပနေသောရွှေပေလွှာကို သူမလက်ထဲထည့်ပေးလိုက်သည်။ သူမက လက်နှစ်ဖက်ဖြင့် ယူလိုက်သည်။ ပြီး လေးလေးစားစားဖြင့် ဦးညွှတ်လိုက်သည်။ သူမ၏ တုန်ရင်နေသောလက်တွေကို သတိမထားမိပါစေနဲ့ ဟု မျှော်လင့်နေမိလေသည်။ သူမသည် အသက်ပြင်းပြင်းရှုရှိုက်လိုက်ပြီး ပရိသတ်ဘက်လှည့်လိုက်သည်။ အောင်မြင်သူ အပြုံးများဖြင့် ရွှေပေလွှာပုရပိုဒ်ကို ကိုင်မပြလိုက်လေသည်။

သူမ အချက်ပြလိုက်သောအခါ ဧည့်ပရိသတ်မှာ ထိန်းချုပ်ထားသောစိတ်လှုပ်ရှားမှုများကို ဖွင့်ချလိုက်ကြတော့သည်။ ဧည့်သည်များသည် ပလ္လင်အနီးတွင် ၀ိုင်းရံနေကြပြီး ဆုမွန်ကောင်းများတောင်းပေးကြသည်။ သူတို့ ရယ်မောမှုများ၊ ပျော်ရွှင်စိတ်ချမ်းသာမှုများကို ဖော်ပြကြ တော့၏။ ဓာတ်ပုံဆရာ နှစ်ဆယ်သည် စ၀်က သုစန္ဒာကို ဥယျာဉ်အတွင်းရှိကြီးမားသော ၀ါးဧည့်ခံမဏ္ဍပ်ဆီခေါ်မသွားခင်မှာ ပုံများကို တဖြတ်ဖြတ် အရရိုက်နေကြသည်။ ထိုနေရာတွင် လက်ဖက်ရည်ပွဲဖြင့် ဧည့်ခံမည်ဖြစ်ရာ ကြွရောက်လာကြသော ဧည့်သည်အပေါင်းသည် ခွန်မိန်းနှင့် အတူရောနှောပြီး ရင်းရင်းနှီးနှီးနားထောင်ပြောဆိုလျက် ပျော်ရွှင်စွာဖြင့် ကျေးဇူးတင်စကားများလည်း ပြောနိုင်ကြမည်ဖြစ်လေ သည်။

မော်ကွန်းထွန်းသော ကြီးကျယ်ခမ်းနားသည့်နေ့သည် အစမှအဆုံး ပျော်ရွှင်စွာဖြင့် ပြီးဆုံးသွားခဲ့လေသည်။

သုစန္ဒာသည် မမျှော်လင့်ထားသောအဖြစ်အပျက်လေးတွေကြောင့် သူမဧည့်ခံနေချိန်တွင် တိတ်တခိုးကြောက်ရွံ့စိတ်လေးတွေပေါ်လာခဲ့ရသည်။ အချို့ မမျှော်လင့်သောအဖြစ်တွေက ဧည့်ခံပွဲကို အနှောက်အယှက်ဖြစ်စေလေသည်။ ထိုနေ့ရက်များ ကုန်လွန်သွားသောအခါမှ သူမသည် စိတ်အေးလက်အေး နေနိုင်တော့သည်။ သူမသည် ၀ရံတာတွင် စ၀်ကိုစောင့်နေရသည်။ သုစန္ဒာ၏ရင်ထဲက လှုပ်ရှားနေသော ခံစားချက်တွေကို စိတ်လွတ်ကိုယ်လွတ် ဇက်ကြိုးဖြေလွှတ်ရလေသည်။ သူမပါးပြင်ပေါ်တွင် မျက်ရည်များ သွင်သွင်စီးကျနေသည်။ သူမ နှုတ်ခမ်းပေါ်စီးကျလာသော မျက်ရည်တွေက ငံကျိနေလေသည်။ သူမသည် ၀မ်းသာလွန်းသောအခါ၌ ရှိုက်ကြီးတငင် အားရပါးရ ငိုတတ် တာကို သူမဖာသာ အံ့နေမိတော့သည်။

သူမသည် ဘယ်သောအခါကမှ သူတို့ မင်္ဂလာပွဲမှာတောင်မှ လွှမ်းမိုးတာကိုမခံခဲ့ရချေ။ သူမသည် လူထုရှေ့တွင် အသိအမှတ်ပြုခံပြီးသော အခါမှစ၍ နောက်ဆုံးတွင် သူမ၏ယုံကြည်မှုများသည် စ၀်အပေါ် များစွာရှိလာခဲ့သည်။ စ၀်က သူ့ကိုယ်ပိုင်အချိန်တွင် သူ့ရင်ထဲက ခံစား ချက်တွေကို မကြာခဏ ထုတ်ဖော်ပြလေသည်။

သူသည် သူမကို ချစ်လည်း ချစ်၊ ယုံလည်း ယုံကြည်လေသည်။ သူမနှင့်သူတို့သည် တယောက်ကိုတယောက် ညီမျှစွာချစ်ကြသည်။ တယောက်ကိုတယောက် ပိုင်ဆိုင်ကြရင်းက မသေမခြင်း အတူတကွနေထိုင်သွားကြမည်ဖြစ်လေသည်။

သူမ၏ယုံကြည်မှုက သူ့တွင်ရှိသည်။ သူတို့၏အနာဂတ်ကို ပြန်လည်ခိုင်မာလာစေမှာဟု သူမမျှော်လင့်သည်။ သူတို့အတွက် သံသယများ စိုးရိမ်စိတ်များအတွက် ထားစရာအခန်းမရှိတော့ပဲ ထုတ်ပစ်လိုက်ပြီဖြစ်လေသည်။

ပျော်ပွဲရွှင်ပွဲများကို တပတ်ကြာအောင် တနှစ်တခါ နမ့်ပန်းပွဲတွင် ကျင်းပလေသည်။ ထောင်ပေါင်းများစွာသောလူထုက စ၀်တို့မောင်နှံကို ခဏလေးပဲဖြစ်ဖြစ် မျက်ကြည့်လေးခံရဖို့အတွက် ပွဲခင်းထဲတွင် သို့မဟုတ် ဘာသာရေးအခမ်းအနားများတွင် ကြိုးစားကြသည်။ ထောင် ပေါင်းများစွာထက်ပိုသောလူတွေက နမ့်ပန်းသို့လာပြီး ခွန်မိန်းကို သစ္စာရှိကြောင်း ရိုသေလေးစားကြကြောင်းကို လာရောက်ပြသကြလေ သည်။ စ၀်နှင့်သုစန္ဒာတို့ကလည်း အပြန်အလှန်အားဖြင့် ထုံးသင်္ကန်းကပ်ထားသောပွဲခင်းအနီးကစေတီတွင် အပူဇော်ခံကြရသည်။ သူတို့နှစ် ယောက် ပွဲခင်းထဲသို့ ဖိနပ်မပါပဲလျှောက်ကြလျှင် မရေတွက်နိုင်သောလက်များက သူတို့ ခြေကိုလာရောက်ထိကြလေသည်။

လှပသောဆေးရောင်စုံနံနက်ခင်း အခမ်းအနားအပြီးတွင် အရှေ့စံအိမ်တော်သို့ အပင့်ဖိတ်ခံရသော ၀ါတော်ရဆရာတော်ခုနှစ်ပါးကို ဆွမ်း ကပ်လေသည်။ ရဟန်းတော် ဆရာတော်ကြီးများသည် ကောဇာပေါ်တွင်ထိုင်လိုက်ကြသည်။ စံအိမ်တော်ရှိလူများက ဆရာတော်များအား တရားအားထုတ်နိုင်စေရန် ဆွမ်း၊ ဟင်း၊ အချိုခဲဖွယ်ဘောဇင်များကို ကပ်ကြသည်။

စောင့်ကြည့်နေကြသော ယောကျာ်းမိန်းမအားလုံးသည် စားစရာများကို အပြေးအလွှား ပြင်ဆင်ပေးကြသည်။ လိုအပ်နေလျှင် ခပ်သွက်သွက် အမြန်မွှေးပျံ့သော ထမင်းအိုးပြန်ပေါင်းသည်။ ဟင်းများထပ်ချက်သည်။ ရဟန်းတော်များကို ခြောက်လက်မအမြင့်ရှိသော စားပွဲဝိုင်းလေး ပေါ်တွင် ကြွေပန်းကန်ဖြင့် ဆွမ်းကပ်ကြသည်။

ရဟန်းတော်များကို အထူးဆွမ်းကပ်ကြခြင်းလည်းဖြစ်သည်။ ကျန်နေ့ရက်များတွင်မူ ရဟန်းတော်များသည် နံနက်တိုင်း မြို့ရွာလမ်းများတွင် ကြွရောက်ပြီး တရက်စာကို သပိတ်ဖြင့်ဆွမ်းခံစားကြရလေသည်။ ရဟန်းတော်များ ဆွမ်းဘုန်းပေးပြီးသောအခါတွင် စ၀်နှင့်သုစန္ဒာသည် ဆရာတော်များအား လှူဘွယ်ပစ္စည်းများကပ်ကြသည်။

ရဟန်းတော်များသည် ခြိုးခြံဆင်းရဲစွာနေထိုင်ကျင့်ကြံကြသောကြောင့် သင်္ကန်း၊ စောင်၊ ဘိနပ်၊ ထီး၊ စာအုပ်၊ ခဲတံ၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ လဘက်ခြောက်နှင့် ကြာကြာထားနိုင်သော ငါးသေတ္တာ၊ နို့ဆီဗူး၊ အိုဗာတင်းဗူး များကပ်လှူလေသည်။ နောက်ဆုံးတွင် ဆရာတော်များက ဗုဒ္ဓ တရားတော်များကို ပါဠိလိုရွတ်ဖတ်ပြီး တခါ တိုင်းယိုင်ဘာသာဖြင့် ပြန်လည် ရှင်းလင်းဟောတော်မူလေသည်။

“ကျမဖြင့် ဆရာတော်တွေဟောတဲ့တရားကို ပါဠိလိုပဲဖြစ်ဖြစ်၊ တိုင်းယိုင်လိုပဲဖြစ်ဖြစ် နားမလည်ပါဖူး” သုစန္ဒာက စ၀်ကိုရှေ့ရှုပြီးပြောလိုက် သည်။ “ဆရာတော်တွေက ကျမတို့ကို ဆုတွေတောင်းပေးတာလား ဒါမှမဟုတ် အကြံဥာဏ်တွေပေးတာလား”

“ဟုတ်တယ်။ မဟုတ်ဖူး” စ၀် ပြန်ဖြေလိုက်သည်။

“ရဟန်းတော်တွေက သူတို့ကျင့်ကြံအားထုတ်တဲ့ ဗုဒ္ဓတရားတော်တွေကို လူတွေအတွက်ပြန်ဟောပြတာပဲ။ ဒါပေမဲ့ ရဟန်းတွေက လူတွေနဲ့ ပတ်သက်ပြီးလုပ်တဲ့ပွဲတွေ လူ့ဘောင်လောကီကိစ္စတွေကို စိတ်မ၀င်စားဖူး။ သူတို့အတွက်လည်း စိုးရိမ်ပူပန်နေတာမျိုး မရှိကြဖူး”

“ဒါဆို ဘာလို့ ကျမတို့က ဆရာတော်တွေကိုပင့်ဖိတ်ရတာလဲ”

“ဘာလို့လဲဆိုတော့ မောင်တို့က ကောင်းတဲ့အလုပ်လုပ်ချင်တယ်။ ဒီလို မင်္ဂလာရှိတဲ့ပွဲမျိုးမှာ ဆရာတော်ရဟန်းတော်တွေကို ကြွလာစေချင် လို့လေ”

အဖြေက သုစန္ဒာ့ကို ရှုပ်ထွေးသွားစေလေသည်။ သူတို့လှူသောအလုပ်သည် သူတို့စိတ်ဆန္ဒက စေ့ဆော်မှုကြောင့် ပေးလှူခြင်းဖြစ်ပြီး နောင် ဘ၀အကျိုးတွေအတွက်မျှော်ကိုးပြီး လှူဒါန်းမှု ကုသိုလ်ကိုပြုလုပ်တာလားဆိုတာ သူမ ရှင်းရှင်းသိနေချင်မိသည်။

“ကျမတို့ကပြန်ရမယ်ဆိုပြီး ပေးလှူနေတာမျိုးလား” သုစန္ဒာက စ၀်ကိုပြန်မေးသည်။

“အိုး မဟုတ်ဖူး။ ဒါမျိုးက တွက်ချက်လုပ်ရတာမျိုး မဟုတ်ဖူးလေ” သူက ခေါင်းကို သွင်သွင်ခါရမ်းရင်းက ဖြေသည်။

“ပေးလှူတယ်ဆိုတာက အကောင်းဘက်က အင်အားတွေလေ။ ဒါက မောင်တို့ကို တိုးတက်မှုဖြစ်စေတယ်။ အလွန့်အလွန် တဖြည်း ဖြည်းခြင်းပေါ့။ မောင်တို့က အသေအချာသိသိကြီးနဲ့ ကုသိုလ်တွေစုနေတာမျိုးမဟုတ်ဖူးလို့ ဆိုလိုချင်တာပါ။ မောင်ပြောတဲ့အချက်ကို နား လည်ရဲ့လား”

“ကျမတော့ ထင်တာပါပဲ” သုစန္ဒာက စိတ်မပါသလို ပြန်ဖြေလိုက်မိလေသည်။

“အချစ်သိမယ်လို့ မောင်ထင်တယ် ။ အချစ်က ပေးကမ်းစွန့်ကြဲတာတွေ အများကြီးလုပ်ပြီးပျော်နေတာ မောင် မြင်ရတာပဲဟာ”

သုစန္ဒာ ဘာမှ ပြန်မပြောတော့ပါ။ သို့သော် သူမကိုအကြောင်းပြုပြီး ဘုန်းတော်ကြီးခုနှစ်ပါးကို ကုသိုလ်လုပ်ရာ၌ သူမသည် စိတ်ထဲက အား တက်သရောပါဝင်ခံစားခဲ့ခြင်းမရှိသည့်အတွက် စိတ်မကောင်းဖြစ်မိလေသည်။

ဒါနှင့်တောင် သူမသည် ဘာသာရေးနှင့်ပတ်သက်သောကိစ္စအ၀၀များတွင် ပါဝင်လုပ်ဆောင်နေခဲ့သည်။ သူမသည် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ဟောကြားမှုများကို နားလည်ဆင်ခြင်သုံးသပ်ရန် ကြိုးစားအားထုတ်တာမျိုးလည်း မလုပ်ခဲ့ချေ။ အခုကစလို့ ပြောင်းလဲဖို့ သူမ ဆုံးဖြတ်လိုက် တော့သည်။

စိတ်လှုပ်ရှားရသောပွဲများပြီးသွားသောအခါ သုစန္ဒာသည် သူမ၏အရင်ကတည်းကလုပ်ခဲ့သော နေ့စဉ်အလုပ်များထဲတွင်သာ နစ်မြှုပ်နေ တော့ သည်။တခြားဘာမှ ထူးထူးခြားခြား ပြောင်းလဲခြင်းမရှိချေ။ သူမအံ့သြတာက စ၀်သည် ဒီဧည့်ခံပွဲလုပ်တာသည် မလိုအပ်ပဲလုပ်ရသော အလုပ်ဟု အခိုင်အမာယုံကြည်နေမှုသည်မှာ မမှန်ဟု သူမထင်လေသည်။ သို့သော် သူမတယောက်တည်း သူမကိုယ်တိုင်ကားမောင်းပြီး စံအိမ်တော်ရှေ့က လက်နက်ကိုင် ဂုဏ်ပြုအစောင့်တပ်ကိုဖြတ်ကျော်သောအခါ သူနှင့်စ၀်တို့ဖြတ်တုန်းကလိုပင် တိကျပြတ်သားသော အရင် ကအပြုအမူမျိုးကိုတွေ့တာလွဲလို့ အခြားနေရာများတွင် များစွာအကျိုးသက်ရောက်မှုရှိတာတွေ့ရလေသည်။ ပြီးနောက် လူထု သည်သူမအပေါ် တရားဝင် နမ့်ပန်းပြည်နယ်၏မဟာဒေ၀ီအဖြစ် အသိအမှတ်ပြုပွဲ မလုပ်ခင်ကထက် ပိုမိုလေးစားလာကြသည်ဟု သူမ ထင်မိလေသည်။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts