>Moe Moe Hnin – U Tin Moe

>

အလွမ်းလွယ်အိတ်၏ ၇၈
မိုးမိုးနှင်း
နိုဝင်ဘာ ၁၈၊ ၂၀၁၁



နိုဝင်ဘာ ၀င်ကတည်းက ဘာရယ်မသိ။ သူရဲ့လွယ်အိတ်ကလေးကို တတမ်းတတ ဖြစ်နေခဲ့သည်။

မြန်မာပြည်အရေး စာမျက်နှာခပ်သစ်သစ်များအပေါ်ရောက်ရှိလာစဉ် ရောင်ခြည်တမျှော်မျှော်နှင့် လွယ်အိတ်ကလေးများမျိုးစုံ ဓာတ်ပုံအစုံ စုံတွင် အင်တာနက်မှတဆင့်တွေ့ရှိလာရ၍ ဖြစ်မည်ထင်သည်။ သြော် လွယ်အိတ်လူသားများပါတကား။ စိတ်ကောင်းစေတနာကောင်းများဖြင့် အနစ်နာခံမှုသရဖူဆောင်းနိုင်သည့်လွယ်အိတ်လွယ် “တို့မြန်မာများ” ပါတကား။ သူ၏စာပေ၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ ပညာရေး ရဲဘော်ရဲ ဘက်များပင် ဖြစ်တန်ရာသည်။

သူကတော့ဖြင့် ဆေးလိပ်၊ မျက်မှန်၊ ပိုက်ဆံ၊ မီးခြစ်ပါတဲ့။ ဆေးလိပ်က မချိတင်ကဲ ထိပ်ဆုံးကအရေးပါနေခဲ့သည်။ ဒါလေးတော့မဖြုတ် လိုက်ပါနဲ့သမီးရယ်.. တဲ့။ အဖေက ကဗျာဆရာပါတဲ့။

ထိုထိုနှီနှီ လွယ်အိတ်ကလေးသာ အသက်ရှိနေခဲ့ပါလျှင် (၁၉) ရက် နိုဝင်ဘာသည် သူ၏ (၇၈) နှစ် မွေးနေ့မင်္ဂလာဖြစ်မည်။ သူမကတော့ စိတ်ထဲကရောက်ရာ ဘာရယ်မဟုတ် ကဗျာတပုဒ်ရေးခြစ်မိသည်။ သူမတို့၏မွေးနေ့တွေတိုင်း သူရဲ့လက်ဆောင်က လှပသော မွေးနေ့ကဗျာ များ ဖြစ်လို့နေခဲ့သည်။

Dear man..
Why did you die?
Why did you leave me behind?
Why did your beautiful heart stop?
In a peaceful little Californian Coffee shop.

ကဗျာက အလွန် ရိုးနေသည်။ မတတ်နိုင်။ လောလောဆယ် အတွေးတွေက အလွန် ရိုးရှင်းနေသည်။

So many questions yet to ask
But the only important one is
that why you die

ထိုသို့ အင်္ဂလိပ်စာသင်ကာစ မူကြိုကျောင်းသူကလေး၏ကဗျာလို ရိုးရိုးရှင်းရှင်း အပြစ်ကင်းစင်စင် မွေးနေ့လက်ဆောင်ကဗျာလေး ပေးမိ သည်။ သည်နှစ် အတွက်ပေါ့။

It’s your birthday tomorrow
But I don’t want to borrow the sorrow
My love for you will never fade
As you would turn your 78
Happy Birthday Dear Dad
But you live after dead.

အစသဖြင့် အဓိပ္ပါယ်မရှိတရှိ ကဗျာညံ့တပုဒ်ကို သူ့အား အဆောတလျှင်လက်ဆောင်ပေးလျှင် လွယ်အိတ်ထဲ ထည့်လိုက်မည်ပင်ဖြစ်သည်။

ထိုထိုဤဤ လွယ်အိတ်ကလေးသာ ယနေ့သက်ရှိခဲ့ပါလျှင် ယခုအချိန် မဆိုင်းမတွ ပြည်တော်ပြန်နေမှာ သေချာသလောက်ရှိပါသည်။ နဂို ကမှ ပြန်ချင်ချင် သမ္မတတုတု စစ်စစ် ၄င်း၏ဖိတ်ခေါ်မှုကို တခုတ်တရ အခွင့်ကောင်းယူနေမှာ သေချာသလောက်ဖြစ်ပါသည်။ အဖေက ကဗျာဆရာကိုး သမီးရဲ့ဟု ပြောမှာသေချာပါသည်။ ကဗျာဆရာရဲ့နှလုံးသားတွေက နူးညံ့လှပါသည်။ အမေကတော့ ဖန်ပေါင်းချောင်ထဲ ထည့်ရကောင်းမလားဟု စပြော ပြောတတ်သည်။ အချစ်တရားများ အမြဲတစေ ခိုအောင်းတတ်သည်။ သစ္စာတရားနှင့် ယှဉ်တွဲ၍..။

ချစ်ဇနီး စန်း မရှိခဲ့၍ ရက်ပေါင်း၊ လပေါင်း၊ နှစ်ပေါင်းများစွာ မပျော်ခဲ့လှ။ သူ၏ချစ်ဇနီးကို သူ၏ (၅၇) နှစ် တခုသောမွေးနေ့တွင် ဂူသွင်းမြှပ်နှံ သဂြုင်္ိဟ်ခဲ့ရသည်။ ထိုစဉ်က သူ၏နှလုံးသားများ ကြေမွသွားလေမလားဟု သူမတို့ စိုးတရိမ်ရိမ်..။ ကဗျာဆရာသည် ထိလွယ်ခိုက်လွယ်သည်။ သို့သော် ၀မ်းနည်းမှုကိုရှောင်၍ ၀မ်းသာမှုကိုဆောင်သည်။ စိတ်ဓာတ်မကျဘဲ အားတက်မှုကို ရှေ့ရှုသည်။ အရာရာအပေါင်းလက္ခဏာ အသွင်ဆောင်သည်။ အပြုသဘော မျှော်မှန်းသည်။ ငြိမ်းချမ်းရေးကိုလိုလားသည်။ သို့ပေတည့် အမှန်တရားကိုတော့ သေတပန်သက်တဆုံး အမြဲ ဆုပ်ကိုင်ထားသည်။ ထိုကဗျာဆရာ၏နှုတ်မှ အမှန်သည် ဘယ်တော့မှမမှား။ အချိုသည် ဘယ်တော့မှမခါး။ ပြည်သူသည် ဘယ်တော့မှ မမှား။

ပြည်တော်ပြန်ကဗျာဆရာကြီး၏အသွင်ကို ပုံဖော်ကြည့်မိ၏။ “ဆန်း”၏ ကျေးဇူးတရားများနှင့် “စု”၏ ဇွဲလုံ့လ စိုက်ထုတ်မှုများကို မော်ကွန်း တင်နေမှာသေချာသည်။ “စု”၏ ကိုယ့်ကိုယ်ကိုမှခွာ၍ အများအတွက် ရှေ့ရှုနေခြင်းများကို ရာဇ၀င်မှာ ကဗ္ဗည်းတင်နေပေလိမ့်မည်။ ထောင် ၀တ်စုံ မချွတ်တမ်း သန္နိဌာန်ခိုင်ကျည်သည့် သံမဏိအာဇာနည်ကြီး ဆရာဦးဝင်းတင်၏ ပြောင်မြောက်သည့်သမိုင်းကို ဦးညွှတ်နေမည်ဖြစ် သည်။

အကျဉ်းကျနိုင်ငံရေး အာဇာနည်လူသားများ လွတ်မြောက်ရေးကို အပတ်တကုတ် ၀ါယမစိုက်ထုတ်နေမည်။ ဆယ်စုနှစ်ပေါင်းများစွာ ဘ၀ များ စတေးခဲ့ရသည့် အကျဉ်းကျစောသက်ထွန်းလို လူငယ်များ၏လွတ်မြောက်မှုကို ဂုဏ်ပြုပွေ့ဖက်နေမည်။

လေထန်ကုန်းမှာ ပြောမဆုံးပေါင် တောသုံးထောင် စာပေရဲဖော်ရဲဖက်များနှင့် အားရပါးရ အဖြေမှန်ရဖို့ လေကန်ကြမည်။ ယခင်ကကဲ့သို့ ထောက်လှမ်းရေးတချို့နှင့် လက်ဖက်ရည်တ၀ိုင်းတည်း ဆိုင်ထိုင်ဖြစ်ချင်ဖြစ်နေမည်။ သံလျင် သို့မဟုတ် ကလော လိုနေရာမှာ ခြံကျယ် ကျယ်ထဲ တဲအိမ်ကြီးထိုးပြီး စာပေစကားဝိုင်း၊ ပညာရေးနှင့် တိုးတက်မှုစကားဝိုင်းများဖွဲ့၍ နိုင်ငံကို တည်ဆောက်ချင်နေပြန်မည်။

ဆင်းရဲသားပြည်သူတို့၏ ဘ၀မြှင့်တင်ရေးများအတွက် ပေးအပ်မှု၊ ပေးဆပ်မှုများအကြောင်း စဉ်းစားနေမည်။
အညတြ နင်းပြားများအရေးကို ဦးစားပေးနေမှာ သေချာသည်။
ဖြူဖြူသင်းလေး၏ HIV လူနာများကို သွားကြည့်၏။ သာဓု မောဒနာခေါ်နေမည်။
ဆရာမစင်သီယာရဲ့မယ်တော်ဆေးခန်းမျိုးတွေဖွင့်ဖို့ အားစိုက်နေမည်။ (သမီးလဲ ကူညီရမှာပေါ့အဖေရဲ့။)
ကချင်မြစ်ဆုံက ယမ်းကျည်ဆံတွေအနား တိုင်းရင်းသားတို့ရဲ့အရေးတွေ ကဗျာဖွဲ့နေမည်။
အရှင်ဂမ္ဘီရနှင့် သံဃာတော်တို့၏အမြှော်အမြင် ကျေးဇူးတော်ကို ဖူးမြှော်ဦးခိုက်နေမည်။
တရားမျှတမှုအလျဉ်းမရှိသည့် စစ်ဘီလူးတို့၏ဓားစာခံဦးမောင်ကို၏သမီးလေး ဆွေဆွေ၏စာအုပ်ကိုဖတ်ရင်း လွမ်းနေမည်။
ရွှေတိဂုံမြတ်စေတီတော်၏ရင်ခွင်အောက် ၀ပ်တွားလျားမှောက် ရောက်ရှိနေမှာသေချာသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူရဲ့လွယ်အိတ်ကလေးကတော့ အမြဲ သူ့ဘေးမှာရှိနေမည် ဖြစ်သည်။ “တင်မိုး” ဟု ပရိတ်သတ်တို့ ချုပ်လုပ်ပေးထားသော ကချင်လွယ်အိတ်အနီလေး ဖြစ်လေမလား။ ကျောင်းသားတို့၏ ခွပ်ဒေါင်းလွယ်အိတ်လေး ဖြစ်မလား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွယ် အိတ်ကလေးများလား။ ထန်းရိပ်ညို အစရှိသည့် အညာချုပ်လွယ်အိတ်လေးများလား အစ..ရှိသည်။

စာပိုစာချပ်။ ။ညက တိတ်ဆိတ်လှသည်။ သို့ပေတည့် ထိုညတွေထဲတွင် သူ၏လေချွန်သံကလေးကို ကြားယောင်ယောင်ဖြစ်သည်။ သူမ ဘ၀ထဲတွင် ထိုလေချွန်သံကလေးက မင်္ဂလာရှိလှသည်။ သူပြန်လာပြီ။ ထိုလေချွန်သံကလေးကို ညီမ ချိုက လေချွန်သံနီနီဟု တင်စားခဲ့ သည်။ ဟုတ်ပါသည်။ ချိုမြ၍ ရဲရင့်သော၊ မင်္ဂလာရှိသော၊ ခွန်အားရှိသော လေချွန်သံကလေး ဖြစ်ပါသည်။ လောကကြီး၏ တရားမျှတစွာ ပြီး ပြည့်စုံခြင်း။ မင်္ဂလာရှိခြင်း။

သူရဲ့ သက်ရှိနောက်ဆုံးမွေးနေ့က ၂၀၀၆ ခုနှစ်ကဖြစ်သည်။ သူ၏ (၇၃)နှစ် ပြည့်မွေးနေ့ကို အရီဇိုးနားမှာ စွမ်းနဲ့အတူ ဖြတ်သန်းခဲ့သည်။ လေချွန်ငှက်ကလေးကို မွေးနေ့ဆုတောင်း ဖုန်းဖြင့်ပေးသူ ကိုယ်ကအဝေးတနေရာ ဥရောပမှာ..။ ဖုန်းနှင့်သာ သူ၏သက်ရှိမွေးနေ့ကို ကန် တော့ခွင့်ရခဲ့သည်။

သူမတို့ အနှစ် ၂၀ နေခဲ့သော ရန်ကုန်တက္ကသိုလ်ဝန်းကျင်တွင် ခရေပင်တန်းများရှိသည်။ သူမတို့မိသားစု ညနေခင်းများတွင် လမ်းလျှောက်ခဲ့ ကြမြဲဖြစ်သည်။ သူမတို့မိသားစုတွင် အမေက နေ့စဉ်ဒိုင်ယာရီ ရေးသူ။ သူမတို့က နေ့စဉ်ဖတ်သူ ပရိသတ်။ အမေက သူ“ အချစ်ဆုံးသူငယ်ချင်း အနွဲ့ဆုံးတော့ ဘာမှ သိပ်မရေးနိုင်။ စကားမဲ့။ ရေးသည်က … ခုတော့ သက်ဆင်း၊ ကြွေလွင့်၊ ခရေပွင့်.. တဲ့။ ကိုးကားစာစ ဖြစ်မည်။

ယခုတော့ ကဗျာဆရာလည်း သက်ဆင်း၊ ကြွေလွင့်၊ ခရေပွင့်..။

နိုဝင်ဘာ ၁၉၊ ၂၀၁၁ တွင်ကျရောက်မည့် ဆရာဦးတင်မိုး၏ ၇၈ နှစ်ပြည့် မွေးနေ့သို့ ….


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts