>Myin Ye That Oo Thar – Article

>

လူထုလမ်းစဉ်ကျင့်သုံးဖို့် – နုပျိုတဲ့အဲန်အယ်လ်ဒီ တည်ဆောက်စို့
မြင်းရည်တက် ဦးသာ
နိုဝင်ဘာ ၁၈၊ ၂၀၁၁


သက္ကရာဇ် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့စွဲနဲ့ NLD က အထူးကြေညာချက် အမှတ် ၁/၁၁/၁၁ ကို ထုတ်ပြန်ပြီး ဗဟိုအဆင့် အစည်းအဝေး တက်ရောက်သူအားလုံးက ကန့်ကွက်သူမရှိ တညီတညွတ်တည်း
(၁) နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ်။
(၂) နောင်လာမယ့်ရွေးကောက်ပွဲများမှာ ဝင်ရောက်အရွေးခံမယ်လို့ဆုံးဖြတ်ကြောင်း ကြေညာလိုက်တာတွေ့ရပါတယ်။

NLD ရဲ့ ဆုံးဖြတ်ချက်အပေါ် ကြိုက်သူတွေရှိမယ်၊ မကြိုက်သူတွေရှိမယ်။ ဒါကတော့ သဘာဝကျပါတယ်။ အရေးကြီးတာက NLD က ဘာ ဆက်လုပ်မလဲဆိုတာပါပဲ။ လိုရင်းတိုရှင်းပြောရမယ်ဆိုရင် NLD ရဲ့ ကနေ့လတ်တလောတာဝန် (Immediate Task) က လူထုပါတီအဖြစ် တည်ဆောက်ဖို့ပါ။ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်တာနဲ့ ရွေးကောက်ပွဲများမှာအရွေးခံတာကို (Means) နည်းလမ်းအဖြစ်သဘောထားပြီး ရည်မှန်းချက်ပန်းတိုင် (Goals) ကတော့ NLD ကို လူထုပါတီအဖြစ် တည်ဆောက်ဖို့ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

အနှစ် (၂၀) ကျော် NLD သမိုင်းမှာ အဓိကချို့ယွင်းချက်တခုက လူထုပါတီအဖြစ်မတည်ဆောက်နိုင်တာဖြစ်ပါတယ်။ ဒေါ်စုမှာ လူထု ထောက်ခံမှုအပြည့်အဝရှိတာ သံသယရှိစရာမလိုပေမယ့် NLD မှာ လူထုရှိ/မရှိဆိုတာတော့ မဝေခွဲနိုင်ပါ။ ဒေါ်စုနဲ့ NLD- NLD နဲ့ ဒေါ်စုဟာ ဒင်္ဂါးတပြားရဲ့ခေါင်းနဲ့ပန်းလို ခွဲလို့မရတာမို့ NLD – ဒေါ်စု – လူထု – သည် (၃) ခု ဟာ တသားတည်းပါလို့ပြောလို့ ယခုအချိန်အထိရနေ သေးပေမယ့် သင်္ခါရသဘောကို ဒေါ်စုမလွန်ဆန်နိုင်တဲ့အချိန်ကိုရောက်လာမှာကိုလည်း ထည့်တွက်ရမယ်ဖြစ်ပါတယ်။

NLD ဟာ ၂၀၀၈ အခြေခံဥပဒေအရပေါ်ပေါက်လာတဲ့လွှတ်တော်တွေထဲမှာ အများစုအနိုင်ရပြီး အစိုးရဖွဲ့နိုင်မယ်လို့ စိတ်ကူးယဉ်လို့မရပါ။ လွှတ်တော်ထဲမှာ အများစုမဲနဲ့ ၂၀၀၈ အခြေခံဥပဒေရဲ့ ပြင်သင့်ပြင်ထိုက်တဲ့ဥပဒေများကို ပြင်ဆင်ဖို့ဆိုတာကိုလည်း ဒေါ်အောင်ဆန်း စု ကြည်ရဲ့အရှိန်အဝါ၊ နိုင်ငံရေးသြဇာနဲ့ တစုံတရာအတိုင်းအတာအထိ လုပ်ကောင်းလုပ်နိုင်လိမ့်မယ်လို့တော့ ရေးတေးတေးမျှော်လင့်ရပါတယ်။ ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်း ပါဝင်လှုပ်ရှားမယ့် NLD ဟာ ၂၀၀၈ အခြေခံဥပဒေမပေါ်ပေါက်ရေးအတွက်၊ တနည်းအားဖြင့် စစ်အာ ဏာရှင်စနစ်ကို အာမခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်မပေါ်ပေါက်ရေးအတွက် ပုံသဏ္ဍန်မျိုးစုံနဲ့ စွန့်လွှတ်အနစ်နာခံသွားကြတဲ့ NLD ပါတီဝင်များအပါအဝင် ဒီမိုကရေစီသူရဲကောင်းများရဲ့ မပြီးဆုံးသေးတဲ့အိမ်မက်ကို ပါလီမန်ဘောင် (ဥပဒေဘောင်) အတွင်းက ဆက်လက်အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။

တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတရပ်ဖြစ်တဲ့အပြင် လွှတ်တော်တွေထဲမှာ ကိုယ်စားလှယ်တချို့ရှိနေနိုင်ပေမယ့် အာဏာရပါတီနဲ့ အတိုက်အခံပါတီကြား ရှိလေ့ရှိထရှိတဲ့ ယှဉ်ပြိုင်မှုတွေ၊ အနိုင်ယူမှုတွေဟာ လျော့နည်းပပျောက် သွားမယ်လို့ ထင်မြင်ယူဆထားလို့မဖြစ်ပါ။ အာဏာရပါတီနဲ့ အတိုက်အခံပါတီတွေအကြား ပဋိပက္ခတွေဟာ ဒီမို က ရေစီ တစုံတရာရှိတယ်ဆိုတဲ့ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်တွေမှာတောင် ဘယ်လောက်အထိ ရုပ်ပျက်ဆင်းပျက်နိုင်ခဲ့သလဲဆိုတာ အားလုံးကသိကြပါတယ်။

ပါလီမန်ဘောင်အတွင်း ဒီမိုကရေစီဖြစ်စဉ်ကို တဖြည်းဖြည်းတိုးချဲ့သွားမယ်ဆိုရင် လူထုမှတပါး တခြား အားကိုးစရာ မရှိပါ။ လူထုကို ပိုပြီး အသိပညာပွင့်လင်းလာအောင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းတွေမှာ လူထု ကိုယ်တိုင် အသိရှိရှိပါဝင်လုပ်ဆောင်လာအောင် NLD အနေနဲ့ အတိုက်အခံပါတီတရပ်အဖြစ်ရပ်တည်ပြီး လုပ်သွားရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါသြဇာကြောင့် သာမက ကိုယ်ပိုင်အလင်းရောင်ရှိတဲ့၊ လူထုအားကိုးယုံကြည်ရတဲ့ NLD အဖြစ် လူထုကရော၊ အခြားနိုင်ငံရေးပါတီများကပါ လေးစားအသိ အမှတ်ပြုလာဖို့အရေးဟာ လူထုပါတီအဖြစ် တည်ဆောက်ရေးကလွဲလို့ တခြားမရှိပါ။

ကနေ့ NLD CEC များ၊ CC အများစုဟာ အနည်းဆုံး ၆၀ ကျော်၊ ၇၀ ကျော်များဖြစ်နေကြပါပြီ။ (ဥက္ကဌကတော့ ၉၆ နှစ် လို့ဆိုပါတယ်။) ခေါင်းဆောင်မှုကို မျိုးဆက်သစ်လူငယ်များနဲ့အစားထိုးရေးဟာ NLD ပါတီအတွက် မလုပ်မဖြစ် လုပ်ရမယ့် ပါတီတည်ဆောက်ရေး ပဏာမ ခြေလှမ်းဖြစ်ပါတယ်။ ပေးအပ်လာတဲ့အခြေအနေအောက်မှာ အခြေအနေပေးသလောက် ပါတီလှုပ်ရှားတက်ကြွသူ (Activists) များဟာ လူထုနဲ့တသားတည်းရှိနေပြီး လူထုအကျိုးကို သယ်ပိုးနိုင်ပါမှ သာ NLD စတင်ဖွဲ့စည်းစဉ်ကတည်းက ချမှတ်ထားခဲ့တဲ့ အန္တိမရည်မှန်း ချက်များဖြစ်တဲ့ စစ်မှန်သောဒီမိုကရေစီဖြစ်ထွန်းရေးနှင့် အခြေခံလူ့အခွင့်အရေးများကို အပြည့်အဝခံစားခွင့်ရဖို့ဆိုတာတွေကို ပြည်သူများ ရယူစားသုံးနိုင်မှာ ဖြစ်ကြောင်းပါ။

တိုတိုပြောရရင် NLD စလုပ်ရမယ့်အလုပ်က လူထုလုပ်ငန်းစဉ်ချမှတ်အကောင်အထည်ဖော်ဖို့ဖြစ်ပါတယ်။ သည်လူထုလမ်းစဉ်ကို အောင် မြင် အောင်လုပ်ဖို့ဆိုတာ နုပျိုတဲ့ NLD ဖြစ်ဖို့လိုတယ်ဆိုရင် ဘယ်သူမှ အငြင်းပွားကြမှာ မဟုတ်ပါ။ စူးရှထက်မြက်ပြီး အမျှော်အမြင်ရှိတဲ့အပြင် တပ်မတော်အပါအဝင် နယ်ပယ်အသီးသီး၊ လူတန်းစားအသီးသီးအပေါ်မှာ သြဇာသက်ရောက်မှုရှိတဲ့ လူထုခေါင်းဆောင်ရဲ့ဦးဆောင်မှု နောက်မှာ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်နိုင်မယ့် စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတာဝန်ကို ပေးအပ်နေတဲ့အခြေအနေများကို ဖော်ဆောင်ရမှာဟာလည်း NLD ရဲ့ အဓိကတာဝန်တရပ်ဖြစ်ပါသေးတယ်။ ၂၁ ရာစုရဲ့ ထူးခြားတဲ့စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ဆိုရင် NLD ကို လူထုပါတီတရပ်အဖြစ် ပီပီပြင်ပြင်တည်ဆောက်ရေးဟာ NLD ပါတီဝင်တိုင်းရဲ့ ပခုံးပေါ်ကိုကျရောက်နေတဲ့ သမိုင်းပေးတာဝန် ဖြစ်ပါ ကြောင်း ဆိုရေးရှိလို့ဆိုပါရစေဗျား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts