>NLD to register and enter regime’s Election – Announced

>

အန်အယ်လ်ဒီပါတီ ပြန်လည်မှတ်ပုံတင်မည်၊လာမည့်ရွေးကောက်ပွဲများတွင်လည်း ၀င်ရောက် ယှဉ်ပြိုင်မည်
မိုးမခ အထောက်တော်၊ရန်ကုန်။ နိုဝင်ဘာ ၁၈၊ ၂၀၁၁
“နိုဝင်ဘာ ၁၈၊ နေ့လည် ၁ နာရီ ၄၀ မိနစ် အစည်းအဝေး ဆုံးဖြတ်ချက်
၁။ အန်အယ်လ်ဒီ ပါတီ မှတ်ပုံတင်သွားမည်
၂။ နောင်လာမည့် ရွေးကောက်ပွဲများတွင် ရွေးကောက်ခံသွားမည်
ဆိုသည့် အချက် ၂ ချက်ကို ကန့်ကွက်သူ မရှိအတည်ပြုလိုက်ပြီ ဟု ၁ နာရီ၄၀ မိနစ်တွင် ကြေညာသွားသည်။ ထိုဆုံးဖြတ်ချက်ကို ကြေညာလိုက်သည့်အခါရုံးရှေ့ရှိ ပါတီဝင်အချို့က “ဒေါ်စုနောက်ကို လိုက်ကြမယ် ” ဟု ကြွေးကြော်ကြသည်။”(Yangon Press International – Facebook သတင်းတို ကောက်နုတ်ချက်)
ယနေ့ ကျင်းပ သည့် အန်အယ်လ်ဒီပါတီ မှတ်ပုံပြန်တင် မတင်နှင့် ရွေးကောက်ပွဲဝင်မ၀င် အစည်းအဝေးမှ မှတ်ပုံပြန် တင်ရန်နှင့် နောင်လာမည့် ရွေးကောက်ပွဲများတွင် ၀င်ရောက်ရွေးကောက်ခံသွားရန်ကန့်ကွက်သူမရှိ နေ့လည် ၁ နာရီ မိနစ် ၄၀ တွင် အတည်ပြုလိုက် ကြသည်။ နံနက် ၁၀နာရီမှ စတင်ခဲ့သည့်အစည်းအဝေးတွင် ပြည်နယ်နှင့် တိုင်းကိုယ်စားလှယ်များအပါအ၀င် ဗဟိုဦးစီးအဖွဲ့ဝင်နှင့်အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ စုစုပေါင်း ၁၀၃ ဦးတက်ရောက်ကြပြီး ဆွေးနွေးကြပြီးနောက်နေ့လည် ၁ နာရီ ၄၀ မိနစ်တွင် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။
ကချင်ပြည်နယ်မှ ကိုယ်စားလှယ်က မှတ်ပုံပြန်တင်ခြင်းကို ထောက်ခံသော်လည်းရွေးကောက်ပွဲဝင်မည့် အဆိုကို ပြည်တွင်းစစ် ဖြစ်ပွားနေခြင်းနှင့် နိုင်ငံရေး အကျဉ်းသားများလွှတ်မပေးသေးခြင်းတို့ကြောင့် လက်မခံချင်ကြောင်း ဆွေးနွေးသော်လည်း အခြား ကျန်ပြည်နယ်တိုင်းကိုယ်စားလှယ်အများစုက အဆို ၂ ခုစလုံးကို ထောက်ခံဆွေးနွေးခဲ့ကြသည်။
ထမင်းစားချိန် ရပ်နားပြီး နေ့လည် တနာရီ အစည်းအဝေး ပြန်စချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကမိန့်ခွန်းပြောကြားရာတွင် ပါတီရပ်တည်ရေး သည် ပါတီအတွက်သာမကပဲ ပြည်သူတရပ်လုံး အတွက်ပါအရေးကြီးကြောင်းနှင့် မှတ်ပုံတင်ပြီး လစ်လပ်နေရာ ၄၈ နေရာစလုံး မိမိတို့ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်စေလိုကြောင်းပြောဆိုသွားသည် ။
 ယခုအဆိုများနှင့် ပတ်သက်၍ ပါတီတွင်းမှ အချို့ပါတီဝင်များအနေဖြင့် လက်မခံလိုခြင်းကိုလည်း သိရှိရပါကြောင်း၊ သို့သော် ဒီမိုကရေစီ သဘောအရ အများစုဆန္ဒကိုလိုက်နာကြဖို့နှင့် စွမ်းဆောင်နိုင်သမျှဖေးမကူညီသွားစေလိုကြောင်းကို ဆွေးနွေးပြောဆိုသွားသည်။ ယခုလိုဆွေးနွေးပြောဆိုပြီးနောက်မကြာမီတွင် အစည်းအဝေး ဆုံးဖြတ်ချက်ကို ကန့်ကွက်သူမရှိ သဘောတူခဲ့ကြခြင်းဖြစ်သည်။
(ဓာတ်ပုံ အင်န်အယ်ဒီအယ်လ်အေနှင့် ဖေ့စ်ဘွတ်ရှယ်ထားသည်များ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts