>Suu closing speech at NLD 18th Nov D-Day

>

နိုဝင်ဘာ ၁၈ ရက်နေ့ အန်အယ်ဒီ ဗဟိုဦးစီးအစည်းအဝေးနိဂုံးတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက် (ပထမပိုင်း)
Yangon PressInternational နိုဝင်ဘာ ၁၉၊ ၂၀၁၁(YPI)
          ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး..ဒါဟာ ကျွန်မသဘောတူတဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာ ကျွန်မအမြင်မှာတော့ အရေးအကြီးဆုံးကတော့ နံပါတ် ၁ ထားရမှာတော့ ဥပဒေ စိုးမိုးရေးပဲ ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေ စိုးမိုးရေးမရှိဘဲနဲ့ ကျန်တဲ့ကိစ္စတွေကို ကျွန်မတို့ဖြစ်မြောက်အောင် မလုပ်နိုင်ပါဘူး၊ ဥပမာ ဆိုပါတော့နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး နိုင်ငံရေး အကျဉ်းသားများ ရှိတာကိုက ကျွန်မတို့နိုင်ငံမှာဥပဒေ စိုးမိုးရေး မရှိလို့၊ ရှိနေတာလို့ ကျွန်မတော့ ဒီလိုပဲ မြင်ပါတယ်။ အဲဒါကြောင့်မို့ဥပဒေစိုးမိုးရေးဟာ အဓိကပါ။ ဥပဒေစိုးမိုးရေး မရှိပဲနဲ့ ကျွန်မတို့ဟာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ အင်မတန်ခက်ပါတယ်။
          ဥပဒေစိုးမိုးရေးရှိမှ ပြည်နယ်တွေမှာ ပြည်သူတွေရဲ့အခွင့်အရေးတွေ ချိုးဖောက်မှုရှိနေတာကို ကျွန်မတို့ မီးမောင်းထိုးနိုင်မယ်။ ကာကွယ်နိုင်မယ်အပြစ်ပေးနိုင်မယ်၊ ဒါကြောင့် မို့လို့ နံပါတ် ၁ ကတော့ ဥပဒေစိုးမိုးရေးလို့ ကျွန်မမြင်ပါတယ်။
ဥပဒေစိုးမိုးရေးနဲ့ ဒွန်တွဲနေတာကတော့ပြည်တွင်းစစ်ငြိမ်းချမ်းရေးပဲ၊ ဥပမာ ကျွန်မ ဥပဒေစိုးမိုးရေးကို နံပါတ်တစ် ထည့်တယ်ဆိုတာကပြည်တွင်းငြိမ်းချမ်းရေး ထက်ပိုမိုအရေးကြီးလို့ မဟုတ်ပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လိုအပ်လို့ ဥပဒေစိုးမိုးရေးကို ကျွန်မထည့်တာပါ။
          နောက်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ပြုပြင်ရေးပေါ့။ ပြင်ဆင်ပြုပြင်ရေး ဆိုတာ ကျွန်မတို့ ၂၀၁၀ ရွေးကောက်ပွဲကို ကျွန်မတို့မ၀င်ခဲ့ရတဲ့အကြောင်းတွေပါ၊ အဲဒီတုန်းက ပြန်ပြီးတော့ မှတ်ပုံမတင်ခဲ့တဲ့ အကြောင်းတွေတခုထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကျေနပ်လို့ဆိုတာလည်း ပါပါတယ်။ တရားဝင် အကြောင်းပြချက်ကတော့ ဆုံးဖြတ်ချက်များကတော့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေတွေဟာ တရားမမျှတလို့ကျွန်မတို့ လက်ခံနိုင်စရာ အကြောင်းမရှိလို့၊ ဒါပေမယ့်လဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုပြင်ဆင်သင့်တယ်ဆိုတာဟာရွှေဂုံတိုင်ကြေညာချက်တွေမှာ ပါခဲ့ပါတယ်။
          ဒီဖွဲ့စည်းပုံက အခြေခံဥပဒေကို ပြင်ဆင်သင့်တယ်ဆိုတာဟာကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်ကိုကြည့်ပြီးပြောတာပါ။ ကျွန်မတို့ အဖွဲ့တခုထည်း အတွက်ပြောတာမဟုတ်ပါဘူး။တနိုင်ငံလုံးအတွက် ကျွန်မတို့ ပြည်ထောင်စု တိုင်းရင်းသားအားလုံးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေအတွက် ကျွန်မတို့ ဦးတည်ပြီး လုပ်သွားရမှာဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ အခု ဒီအခြေအနေရောက်မှဆို ကျွန်မလည်းပွင့်ပွင့်လင်းလင်း ပြောပါရစေ၊ ကျွန်မ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပြန်ပြီးမှတ်ပုံတင်ရေးဘက်ကနေ ရပ်တည်တာပါ။ ဒီလိုမှတ်ပုံတင်ချင်တဲ့ အကြောင်းအရာဟာ ဒီလိုကိစ္စတွေပိုပြီးတော့ ထိထိရောက်ရောက် လုပ်ချင်လို့ပါ။ ဒါကိုကျွန်မတို့ ဆွေးနွေးတိုင်ပင်ခြင်းအားဖြင့်ဒီလိုအခြေအနေ ထိရောက်လာတယ်လို့ ကျွန်မပြောပါရစေ။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာမယ်ဆိုတာနဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ် ဆိုတာက အတူတူပဲလို့ ပြောတဲ့သူတွေလဲရှိပါတယ်။ အဲဒါကတော့ ကျွန်မနဲ့ သဘောမတူပါဘူး။ အဲဒီလိုဆိုလို့ရှိရင် ဒီမိုကရေစီနဲ့ စည်းကမ်းရှိသောဒီကရေစီဆိုတာလည်း အတူတူပဲလို့ ကျွန်မကိုပြောမလား ၊ တကယ်တော့ စကားလေးတွေကွဲလွဲတာပါ။ဒါပေမယ့် ဒီစကားကွဲလွဲတဲ့အပေါ်မှာ အကျိုးသက်ရောက်မှုတွေ အများကြီးရှိပါတယ်။ ကျွန်မတို့အားလုံးဟာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို လက်မခံကြဘူး စစ်မှန်တဲ့ ဒီမိုကရေစီဆိုပြီးကျွန်မတို့ပြောကြတယ်။ ပြီးတော့ဘာဖြစ်လို့ ဒီနှစ်ခုကို ကျွန်မတို့ခွဲခြားပြီး မြင်နေတာလဲ၊စကားလုံးပဲ ကွာတာပဲဆိုပြီး ပြောတဲ့သူကပြောကြမှာပေါ့။
တချို့က ဒီဟာကျတော့ စကားလုံးပဲကွာတာမဟုတ်ဘူး၊ ဒါကမတူဘူးလို့ပြောပြီးတောင့် ထိန်းသိမ်းစောင့်ရှောက်တာနဲ့ လေးစားလိုက်နာခြင်းကအတူတူပဲလို့ ပြောလို့ရှိရင်တော့ ဒါစကားတွေကို ကိုယ်လိုရာ ဆွဲပြောရာရောက်ပါတယ်။ ကျွန်မတို့ဟာအမြင်နဲ့ အလုပ်ကို သွားရမှာပါ။ ကိုယ်လိုရာဆွဲပြီး တော့ ပြောပြီးတော့ အလုပ်လုပ်သွားရမှာမဟုတ်ပါဘူး။
          ကျွန်မတို့ လေးစားလိုက်နာမယ်ဆိုတာ စောစောတုန်းကဦးဉာဏ်ဝင်း ပြောသွားတဲ့ အတိုင်းပဲ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ ပါပြီးသား ကိစ္စပဲဖြစ်ပါတယ်။နောက်ပြီးတော့ နိုင်ငံသူ နိုင်ငံသားတိုင်း နိုင်ငံအသီးသီးမှာ လက်ခံရတဲ့အချက်တစ်ခုဖြစ်ပါတယ်။ဒီတော့ ဒီဥပဒေတွေကို ပြုပြင်ပေးရင်၊ ပြောင်းလဲပေးရင်တော့ ပြုပြင်ပြောင်းလဲပေးနိုင်ဖို့ကြိုးစားဖို့ဟာတော့ နိုင်ငံသားတိုင်း အခွင့်အရေးရှိတယ်လို့ ကျွန်မတော့ ဒီအတိုင်းပဲယုံကြည်ပါတယ်။
          ဒါကျွန်မတို့အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာနိုင်ငံကို အကျိုးပေးတယ်လို့ ကျွန်မတို့ မမြင်တဲ့ အချက်တွေကို ပြုပြင်ပြောင်းလဲ အချက်တွေကိုပြုပြင်ပြောင်းလဲဖို့ ကျွန်မတို့ကြိုးစားသွားရမှာလည်း ဒါနိုင်ငံသူ နိုင်ငံသားများရဲ့တာဝန်တစ်ခု အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆောင်ရွက်သွားရမယ်လို့ ကျွန်မဒီအတိုင်းပဲ ယုံကြည်ပါတယ်။ ဒီဟာဟာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြန်ပြီးတော့မှတ်ပုံတင်တဲ့ အခါမှာ လုပ်ဆောင်ရမယ့် အဓိက လုပ်ငန်းကြီး တစ်ရပ်ဖြစ်တယ်လို့ ကျွန်မမြင်ပါတယ်။
          အဲဒီတော့ ဥပဒေ စိုးမိုးရေး၊ ဥပဒေ စိုးမိုးရေးကိုကျွန်မတို့ယုံကြည်မှတော့ မှန်ကန်တဲ့တရားတဲ့ ဥပဒေတွေဖြစ်ရမယ်၊ မှန်ကန်တဲ့ တရားတဲ့ ဥပဒေတွေဖြစ်ရေးအတွက် လုပ်ဖို့ဆိုတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကလည်း တရားမျှတပြီးတော့ မှန်ကန်ရအောင်လို့ကျွန်မတို့ လုပ်ဆောင်ဖို့ ကြိုးစားဖို့တာဝန်ရှိတယ်လို့ ကျွန်မတို့ အဲဒီလိုပဲ ခံယူထားပါတယ်။
          ဒီအကျဉ်းကျနေတဲ့ ကျွန်မတို့ အဖွဲ့ဝင်တွေကိုအဖွဲ့ကနေပြီးတော့ ထုတ်ပြစ်ဖို့ မလိုတော့ဘူး ဆိုတဲ့ကိစ္စကို ကျွန်မ အထူးရှင်းပြဖို့ မလိုပါဘူး။၂၀၁၀ တုန်းက အဲဒီလို စည်းမျဉ်း စည်းကမ်းပါလာတဲ့အတွက် ကျွန်မတို့ လက်မခံတော့ပါဘူး။ ဒါကတော့လွယ်လွယ်လေးပါ။ ရှင်းရတာ၊ ကိုယ့်အတွက် ကိုယ်နိုင်ငံအတွက် ကိုယ်နိုင်ငံသားအတွက် ယုံကြည်ချက်နဲ့အနစ်နာခံပြီးတော့ အကျဉ်းကျခံနေကြတဲ့ ကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်တွေကို ထုတ်ပြစ်ဖို့ဆိုတာအင်မတန်မှ သိက္ခာမဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီလို သိက္ခာမဲ့တဲ့ ကိစ္စဆိုတာ နိုင်ငံရေးသိက္ခာကိုပြောတာပါ။ အဲဒီနိုင်ငံရေး သိက္ခာမဲ့တဲ့ ကိစ္စ၊ လူမှုရေး သိက္ခာကိစ္စလည်း ဖြစ်တယ်။ကျွန်မတို့ လက်မခံနိုင်ဘူးဆိုပြီးတော့ လက်မခံတာဖြစ်ပါတယ်။ အခုဒီအချက်တွေလည်း ပြောင်းလဲသွားပြီဆိုတော့ ကျွန်မတို့ ထဲမှာ ပြဿနာမရှိပါဘူး။
          ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုရမယ်ဆိုတဲ့ကိစ္စ ဒီဟာကို ကျွန်မ ၂ ခုခွဲပြီးတော့ ပြောချင်ပါတယ်။ ဥပဒေအရ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ် က တရားဝင်ပါတယ်။ ဒါဘယ်သူတွေ အသိအမှတ်ပြုတာ မပြုတာနဲ့ မဆိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘားမား ဂေဇက် (မြန်မာနိုင်ငံ အမိန့်ပြန်တမ်း)ထဲ မှာကြေညာပြီးသားပါ။ ဒီရွေးကောက်ပွဲမှာအောင်မြင်ခဲ့တဲ့ ကိုယ်စားလှယ်များ စာရင်းဟာ ကြေညာထားပြီးသား ဆိုတော့ဒါဟာ ဘယ်ပုဂ္ဂိုလ်တဦး ဘယ်အဖွဲ့အစည်းတခု ဘယ်အစိုးရ တခုရဲ့ အတည်ပြုချက်မှ မလိုတော့ဘူး။ ဒီဟာမှာ တရားဝင်ဆိုတာလက်ခံထားပြီးသားဖြစ်ပါတယ်။
          ဒီတော့ ကျွန်မတို့ က အသိအမှတ်ပြုတယ်ဆိုတာကိုဘာကိုဆိုလိုတာလည်း ဆိုတာကို ပြန်စဉ်းစားကြည့်တာတော့ ကျွန်မတို့ ၁၉၉၀ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲ ဟာ ပြည်သူလူထု ဆန္ဒနဲ့အညီ အဖွဲ့ချုပ်ကို ပြည်သူကနေပြီးတော့ သဘောကျတယ် ထောက်ခံတယ်။အဖွဲ့ချုပ်ကို လိုလားတယ် ဆိုပြီးတော့ ရှင်းရှင်းလင်းလင်း ပြခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ကျွန်မတို့ အသိမှတ်ပြုခြင်း တရားဝင် အသိအမှတ်ပြုတာကို ကျွန်မတို့က လိုလားတာကို ပြောတာဖြစ်ပါတယ်။
          တရားဝင် အသိအမှတ်ပြုတယ်ဆိုတာကတော့ ငါဟာ ဘယ်သူကမှစာရေးပြီးတော့ လက်မှတ်ထိုးပြီးတော့ တံဆိပ်ရိုက်စရာလည်း မလိုပါဘူး၊ ရှေ့တုန်းက ပြောထားတဲ့အတိုင်း အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲမှာ နိုင်ခဲ့တယ်ဆိုတာ ဒါတရားဝင်ပဲ၊ဒါဘယ်သူကမှ လာပယ်ဖျက်လို့ မရဘူး၊ ဒါဘားမားဂေဇက်ထဲမှာ ပါပြီး ပါပြီ။ ဘယ်လိုမှ ဒါကိုငြင်းပယ်လို့မရဘူး။ ကျွန်မတို့ ကြားခဲ့ရတဲ့ အတိုင်းပဲ၊ ဦးခင်အောင်မြင့်ဟာ ဆိုရှိရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ အောင်နိုင်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ သတင်းမီဒီယာတွေသိအောင်လို့ပြောခဲ့ပါတယ်။
          ဒါဟာဆိုလို့ရှိရင် ကျွန်မကတော့ ဒါကိုလက်ခံပါတယ်။ဘာဖြစ်လို့လည်း ဆိုတော့ စောစောတုန်းက ဒေါ်နန်းခင်ထွေးမြင့် ပြောခဲ့သလိုပဲ အပေးအယူလုပ်တယ်ဆိုတာကိုယ်လိုချင်တာ အားလုံးရမှ ဆိုတာတော့ အဲဒီလိုစိတ်နဲ့တော့ ကျွန်မတို့လုပ်လို့ မဖြစ်ပါဘူး။
ဒါကြောင့် အသိအမှတ်ပြုတယ်ဆိုတာ တချို့ကတော့ဘယ်လိုနည်းနဲ့ အသိအမှတ်ပြုတာကိုပြောတာလဲ တော့မသိဘူး။ ကျွန်မအနေနဲ့ကတော့ ဘားမား ဂေဇက်ထဲမှာရှိနေတဲ့ဟာကို ဘယ်သူမှလဲ ပယ်ဖျက်လို့ မရဘူး ဒီလိုဟာက အဖြစ်အတိုင်းဖြစ်ခဲ့ပါတယ်။ ဆိုတာကိုတော့အခုလိုလက်ရှိ ၂၀၁၀ ရွေးကောက်ပွဲ ကနေပြီးတော့ တက်လာတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောလိုက်တယ်ဆိုတာကိုကျွန်မတို့ လက်ခံနိုင်တဲ့အကြောင်းရှိတယ်လို့ ကျွန်မဒီလိုပဲ ပြောချင်ပါတယ်။ ဒါကို တချို့လွှတ်တော်ခေါ်ပေးရမယ်ဆိုပြီးတော့ ခုအချိန်ထိ အော်နေပါတယ်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲအရ လွှတ်တော်ခေါ်ပေးရမယ်ဆိုတာ ဒါကတော့ လက်တွေ့ကျတဲ့ ကိစ္စမဟုတ်ပါဘူး။ လက်တွေ့ကျတဲ့ တောင်းဆိုချက်တွေမဟုတ်ပါဘူး။
          ၁၉၉၀ ခုနှစ်မှာ အရွေးခံရတဲ့ ကိုယ်စားလှယ်တချို့ကလည်း ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ ၀င်ပြီးတော့ တချို့လည်း လွှတ်တော်ထဲ ပြန်ရောက်နေတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီတော့ ကျွန်မတို့ဟာ လက်တွေ့ကျကျ နိုင်ငံရေး ရင့်ကျက်မှုနဲ့ စဉ်းစားစေချင်ပါတယ်။၊ အဲတော့ ကျွန်မက ၁၉၉၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း အခုထိ အာဏာပိုင်များရဲ့ လုပ်ဆောင်ချက်ဟာ လက်ခံနိုင်လောက်စရာဘာရှိလဲ ဆိုတာ ကျွန်မသုံးသပ်ပါတယ်။ ဒါကြောင့်မို့လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ပြန်လည်ပြီးတော့ မှတ်ပုံတင်ရေးကို ကျွန်မထောက်ခံတာဖြစ်ပါတယ်။
          အဲဒါပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲ တွေမှာဝင်ရွေးဖို့အရေး ၀င်မရွေးဖို့ အရေး စည်းမျဉ်းစည်းကမ်းတွေ အရ ကျွန်မတို့ နေရာသုံးနေရာမှာဝင်ပြီးယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီသုံးနေရာနေပြီးတော့ စတိပေါ့လေ၊ အဖွဲရဲ့ရပ်တည်ရေးအတွက်လုပ်မှာလား၊ ၊ လစ်လပ်နေတဲ့ နေရာအားလုံးမှာ ယှဉ်ပြိုင်ပြီးတော့ ၀င်လာမှာလား ဆိုတော့အများစုက ယှဉ်ပြိုင်ပြီးတော့ ၀င်မယ်လို့ပြောတာတွေရှိပါတယ်။ တချို့ကတော့ ခပ်တိုတိုပြောပြောရရင်ကျွန်မသဘောအတိုင်း ပဲ လုပ်ပါမယ်လို့ပြောတာလည်း ရှိပါတယ်။ ကျွန်မကတော့ ယှဉ်ပြိုင်စေချင်တယ်။ဘာဖြစ်လို့လည်းဆိုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီ တခုအနေနဲ့ မလှုပ်ရှားရတာအတော်ကြာပြီ၊ နိုင်ငံရေးပါတီ တခုရဲ့ အလုပ်တွေကို မလုပ်ကြရတာတော်တော် ကြာပြီ၊ ကျွန်မတို့ပြန်ပြီးတော့လေ့ကျင့်ယူရမယ်။ လေ့ကျင့်ယူရမယ်ဆိုရာမှာ ကျွန်မတို့ လူငယ်တွေ လက်ရှိရယ်၊ အရင်တုန်းကလက်ဟောင်းနဲ့ လက်ရှိရယ် အားလုံးဟာ ပြန်ပြီးတော့ နိုင်ငံရေးပါတီ တခုအနေနဲ့ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ရမယ်။
          ဒီမိုကရေစီ စနစ်အောက်မှာ နိုင်ငံရေး ပါတီတစ်ခုထူထောင်ပြီ ဆိုကတည်းက အဓိကအားဖြင့်တော့ ရွေးကောက်ပွဲတွေမှာ တစ်ချိန်တစ်ခါမှာ ယှဉ်ပြိုင်ရတော့မှာပါ။ဒီတော့ အဲဒါကလည်း ဒီမိုကရေစီ မူအရလည်း လုပ်သင့်တဲ့ ကိစ္စ ဖြစ်လို့ လုပ်ချင်တယ်။ ကျွန်မတို့ရဲ့နိုင်ငံရေးပါတီ တစ်ခုရဲ့ လှုပ်ရှားတွေကို ပြန်ပြီးတော့ အသက်သွင်းပေးချင်တဲ့ အနေအထားနဲ့ဘဲကျွန်မလုပ်ချင်တာ ဖြစ်ပါတယ်။
သတင်းစာတွေကနဲ့ တူပါတယ် ကျွန်မ၀င်ပြိုင်မယ်ဆိုလို့ရှိရင် ကျွန်မရဲ့ သိက္ခာကို ထိမလား ဆိုပြီး တစ်ချို့က စိုးရိမ်နေတယ် စိုးရိမ်ကြပါတယ်တဲ့ရှင်းရှင်း ပြောရမယ် ဆိုရင် ဒီလိုနိုင်ငံရေး လုပ်တဲ့နေရာမှာ ကိုယ့်ရဲ့သိက္ခာကို ကြည့်ပြီးလုပ်တယ်ဆိုတာမလုပ်သင့်ပါဘူး။ လုပ်သင့်လုပ်ထိုက် တယ်ထင်လို့ရှိရင် လုပ်ရမှာဘဲ။ ကျွန်မအနေနဲ့ ကတော့ဝင်ထိုက်တယ်လို့ ထင်ရင် ကျွန်မ၀င်မှာဘဲ ဒီဟာဟာ လူတစ်ဦးတစ်ယောက်ရဲ့ သိက္ခာနဲ့ မဆိုင်ပါဘူး။လူတစ်ဦး တစ်ယောက်ဟာ သူ့ရဲ့ သိက္ခာကို အဓိကထား ပြီးတော့ လုပ်မယ်ဆိုလို့ရှိရင် ဒါဟာ ဆန္ဒစွဲနဲ့လုပ်တဲ့ နိုင်ငံရေး ဖြစ်သွားပါမယ်။
          အခုကျွန်မတို့ လုပ်နေတဲ့ အလုပ်တွေဟာ တကယ်တော့စွန့်စားချက် ဘဲလို့ ကျွန်မပြောရမှာဘဲ စွန့်စားရခြင်း မဟုတ်ပါဘူး။ အခြေအနေ သုံးသပ်ပြီးတော့စွန့်စားသင့်တဲ့ အချိန် ရောက်လို့ စွန့်စားမယ် ဆိုပြီးဆုံးဖြတ်ရခြင်း ဖြစ်ပါတယ်။ ပြီးတော့စွန့်စားတယ်ဆိုတာက ဘာအဓိပ္ပါယ်လဲ ဆိုတော့ တစ်ရာခိုင်နှုန်း အောင်မြင်ခြေ ရှိတယ်ဆိုပြီးတော့ကျွန်မတို့ မပြောနိုင်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ တစ်ရာ ရာခိုင်နှုန်း အောင်မြင်ပါမယ်ဆိုပြီး အာမခံရှိတဲ့ အလုပ်မျိုးမှ လုပ်မယ် ဆိုလို့ရှိရင် နိုင်ငံရေး လုပ်လို့ လုံးလုံးကိုမဖြစ်ပါဘူး။ နိုင်ငံရေးမှာ ဘယ်တော့မှ တစ်ရာ ရာခိုင်နှုန်း အာမခံချက် ရှိတယ်လို့ ဘယ်တော့မှမဖြစ်နိုင်ပါဘူး။ အဲဒီတော့ တစ်ရာရာခိုင်နှုန်း အောင်မြင်ဖို့ အာမခံချက် ပေးနိုင်တဲ့အလုပ်မှ လုပ်မယ်ဆိုရင်တော့ တခြားအလုပ်ရှာ ရပါလိမ့်မယ်။  ကျွန်မတို့ရဲ့ ယုံကြည်ချက်အရ သုံးသပ်ချက် အရ အောင်နိုင်ဖို့ အလားအလာ ကောင်းတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။အောင်နိုင်ဖို့ အလားအလာ ကောင်းတယ်လို့လည်း ယုံကြည်တယ် လုပ်သင့်တယ်လို့လည်း ယုံကြည်တယ်။
          တခါတလေ အမှန်ပြောရမယ်ဆိုလို့ရှိရင် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုကို လုပ်တဲ့နေရာမှာ အောင်နိုင်ဖို့ အလားအလာနည်းတယ် ထင်ရင်တောင်လုပ်ရမှာပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ လုပ်သင့်လုပ်ထိုက်လို့ ကိုယ်လုပ်တဲ့ အချိန်အခါမှာမအောင်မြင်ရင်တောင်မှ ကိုယ်က မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် ချခဲ့တာကြောင့်မို့ နောင်လာမဲ့လူတွေအတွက် လမ်းကပိုပြီးတော့ ခိုင်မာသွားမယ်။ ရှင်းလင်း သွားမယ်ဆိုတာတွေ ဖြစ်နိုင်ပါတယ်။အခုအချိန်မှာကြတော့ ကျွန်မတို့က စွန့်စားပြီး ဆုံးဖြတ်တဲ့နေရာမှာ အောင်နိုင်မဲ့ အလားအလာတွေကလည်းကောင်းတယ်လို့ မြင်တယ်။
          ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ရမယ်လို့ ကျွန်မမြင်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မရဲ့ဆုံးဖြတ်ချက်အရ လုပ်မယ်ဆိုတဲ့လူတွေအတွက်က ကြတော့ အမျိုးသားဒိမိုကရေစီ အဖွဲ့ချူပ်ပြန်လည်ပြီးတော့ မှတ်ပုံတင်တဲ့ကိစ္စကိုလက်ခံဖို့ လိုပါလိမ့်မယ်။ နောက်ပြီးတော့ လစ်လပ်နေတဲ့ နေရာ အားလုံးမှာ ၀င်ပြီးတော့ တတ်နိုင်သမျှယှဉ်ပြိုင်နိုင်ဖို့ကို ကျွန်မတို့လုပ်ရပါလိမ့်မယ်။
          ဒီလိုယှဉ်ပြိုင်တဲ့နေရာမှာ ကျွန်မအခုကတည်းကတခါထဲပြောထားချင်ပါတယ်။ ကျွန်မတို့ လူရွေးတဲ့ နေရာမှာအားလုံးက သိပြီးသားပါ။ လစ်လပ်နေတဲ့နေရာကလေးဆယ်ကျော်ပဲ ရှိပါတယ်။ တစ်ချို့က လေးဆယ်ကျော်ဆိုတာဟာ ဘာလုပ်ရမှာလဲဆိုတော့ ပြောတဲ့လူတွေကလည်းရှိတယ်။ ကျွန်မတို့က အရည်အတွက်ကို ဦးတည်မှာလား အရည်အချင်းကို ဦးတည်မှာလား ဒါက ပထမဆုံးမေးရမဲ့ကိစ္စပါ။ ဒီတော့ လေးဆယ်ကျော်မပြောနဲ့ လူတယောက်တောင်မှ စိတ်ဓါတ်ခိုင်မာလို့ ရှိရင် အများကြီးစွမ်းဆောင်နိုင်ပါတယ်။
          ဒါကြောင့်ကျွန်မတို့ဟာ လေးဆယ်ကျော် ဆိုပေမဲ့နည်းတယ်လို့ ထင်လို့ ရှိရင် နည်းတယ်လို့ ပြောတဲ့လူတွေက အဲဒီဟာအားလုံးကို အောင်နိုင်အောင်လုပ်ပြပါ။ ဒီလောက်ဆို ဒီလောက်နည်းနည်းလေးပဲ ဆိုရင်အပျော့ပေါ့ဆိုပြီး လုပ်ပြလေ။ နည်းတယ်လို့ထင်လို့ရှိရင် အဲလောက်တော့ လုပ်ပြရမှာပေါ့။
          ဒါဟာကျွန်မတို့ ဒိလိုလုပ်တဲ့နေရာမှာ သဘောထားကြီးကြီးနဲ့အနာဂတ်ကို ကြည့်ပြီးတော့ လူရွေးရမယ်။ ဒါကျွန်မတို့ အစမ်းသဘောပဲပေါ့။ တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင် ဒီပထမ အတွင်းမှာ ကျွန်မတို့ စမ်းပြီးတော့ ထည့်လိုက်တာလို့ ပြောလို့ရတယ်။စမ်းပြီးတော့ ထည့်လိုက်တာဆိုတာ ကျွန်မတို့အတွက်တင် စမ်းတာမဟုတ်ဘူးနော်။ ပြည်သူကလဲ ကျွန်မတို့ကိုစမ်းမှာပဲ။ အစတုန်းကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထပ်တလဲလဲ ပြောခဲ့တယ်။ ရွေးကောက်ပွဲကိုရွေးကောက်ခံခဲ့ရတယ်။ သို့သော်ငြားလဲ ဘာမှလုပ်ပိုင်ခွင့် မရခဲ့ဘူး။ အခုလုပ်ကိုင်ခွင့်ပိစိကွေးလေး ရတဲ့အချိန်မှာ ဘယ်လောက်လုပ်နိုင်လဲလို့ ပြည်သူက ကြည့်နေမှာဖြစ်တယ်။
          ပြည်သူကသုံးသပ်နေမှာ ပြည်သူကနေပြီးတော့ ကျွန်မတို့ကိုစီရင်ချက်ချမှာ။အဲဒါကြောင့်မို့လို့ စကတည်းက ကျွန်မတို့သဘောထား ကြီးကြီးနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကိုကြည့်ပြီးနိုင်ငံရဲ့လိုအပ်ချက်ကို ကြည့်ပြီးတော့ ကျွန်မတို့ ဆုံးဖြတ်ပြီးတော့ သွားရမှာပါ။
အခုဒီကျွန်မတို့ အဖွဲ့ချုပ်ဝင်တွေစာထဲမှာကျွန်မတို့ပြန်ပြီးတော့ မှတ်ပုံတင်ရွေးကောက်ပွဲ လစ်လပ်နေတဲ့နေရာတွေ မှာဝင်ရေးကို သဘောမတူတဲ့အဖွဲ့ဝင်များဟာလည်း ကျွန်မတို့နဲ့ အတူလက်တွဲပြီးတော့ စိတ်ရောကိုယ်ပါ အတတ်နိုင်ဆုံးကြိုးစားကြိုးစား သွားကြပါလို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မစောစောက ပြောခဲ့တဲ့အတိုင်းပါပဲ၊ ဒါဒီမိုကရေစီပဲ၊ ကိုယ်ဟာ ဘယ်လောက် ဒီမိုကရေစီချစ်မြတ်နိုးတယ်ဆိုတာ ဒီဟာမျိုးကပြတယ်။
          ကိုယ်သဘောမတူတဲ့ ကိစ္စဖြစ်ရင်တောင်မှ ဒီမိုကရေစီသဘောထား အရ ကိုယ်ကနေပြီးတော့ ရှိသမျှ အင်အားတွေနဲ့ ဖေးမပေးမယ်။ အောင်မြင်အောင် လုပ်ပေးမယ်ဆိုတဲ့စိတ်ဓါတ်ကိုမွေးမြူစေချင်ပါတယ်။ ဒီလိုစိတ်ဓါတ်တွေနဲ့ ကျွန်မတို့ လုပ်သွားမယ်ဆိုလို့ ရှိရင် အောင်နိုင်မှုဆိုတာသေချာပေါက် ကျွန်မတို့ရမှာပါ။
ကျွန်မတို့နဲ့ အရင် ကျွန်မလွတ်လာတဲ့အချိန်အထိတော့ စပြီးတော့ တွဲခဲ့တဲ့ ဒီမိုကရေစီ ကွန်ရက်ထဲက ပုဂ္ဂိုလ်များလည်း ရှိပါတယ်။အဲဒီပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကိုလည်း ကျွန်မတို့ ထည့်ပြီး၊ စဉ်းစားပြီးတော့ ဆက်လုပ်သွားစေချင်ပါတယ်ဆိုတာကိုတော့ ကျွန်မအခုကတည်းက ပြောထားပါရစေ။
          ကိုယ်လိုတဲ့ အခါသုံးပြီး မလိုတဲ့အခါ ပစ်တဲ့အဖွဲ့အစည်းမျိုး လုံးဝမဖြစ်စေချင်ပါဘူး။ အမြဲတမ်းကျွန်မတို့ အပေါ်မှာ ကောင်းခဲ့တဲ့သူ၊ရဲဘောရဲဘက် တွေ၊ မဟာမိတ်တွေနဲ့ ဆက်ပြီးတော့ လက်တွဲသွားပြီးတော့ ကျွန်မတို့ နိုင်ငံဟာအားလုံးလိုချင်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုဖြစ်တဲ့ အထိ ကျွန်မတို့ ဆက်ပြီးတော့ လျှေက်လှမ်းသွားမယ်၊ အဲဒါအတွက် အားလုံးက စုပြီးတော့ တက်တက်ကြွကြွနဲ့ ၀ိုင်းပြီးတော့ ပါဝင်ကြပါဆိုပြီးတော့ကျွန်မကနေပြီးတော့ မေတ္တာရပ်ခံချင်ပါတယ်။
          အလုပ်တွေများမယ့် ကိစ္စဖြစ်လာပြီဆိုတော့ အားလုံးဟာနံပါတ် ၁ ကတော့ မှန်ကန်တဲ့ စိတ်ဓါတ်တွေကို တောင့်ထားရမှာပါ။ မမှန်ကန်တဲ့ စိတ်ဓါတ်တွေကိုတော့ပယ်ရှားလိုက်ပါ။ မှန်ကန်တဲ့ စိတ်ဓါတ်တွေနဲ့ ကျွန်မတို့ရှေ့ကို ဆက်ပြီးတော့ သွားရမယ်၊အခက်အခဲတွေ အများကြီးရှိမယ်။ ဒါကျွန်မတို့ လွယ်တဲ့ လမ်းလို့ မပြောခဲ့ပါဘူး။ စပြီးတော့ဒီလမ်းကြီးဟာ လွယ်ခဲ့တာမဟုတ်ပါဘူး။ ဒီလမ်းကြီးကလည်း အဆုံးမရှိတဲ့လမ်းပါ။ တကယ်တော့ ဒီမိုကရေစီဆိုတာအဆုံးမရှိတဲ့လမ်းပါ။ ဒီမိုကရေစီအစိုးရတခု တက်ပြီးရင် တာတောင်မှ တည်တံ့ခိုင်မြဲဖို့လုပ်ရတာတွေ အများကြီးရှိပါတယ်။ အခုကမ္ဘာမှာကြည့်လိုက်လို့ ရှိရင် အင်မတန်မှ ၀ါရင့်နေပြီဖြစ်တဲ့ဒီမိုကရေစီနိုင်ငံတွေတောင်မှ ထပ်တလဲလဲ ပြဿနာတွေ ပေါ်တယ်။ ထပ်တလဲလဲ အခုလက်ရှိ ခေတ်ရဲ့လိုအပ်ချက်တွေနဲ့ ဒီမိုကရေစီမူတွေကို ဘယ်လိုညှိရမလဲ၊ ဒီမိုကရေစီစံနှုန်းထားတွေကို ဘယ်လိုညှိရမယ်ဆိုတဲ့ ပြဿနာတွေဟာ အမြဲပေါ်နေတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့လည်း ထပ်တလဲလဲ ထပ်ပြီးတော့ကြိုးစားသွားရမယ် အင်မတန်မှ ခက်ခဲတဲ့လမ်းအရှည်ကြီးကို လျှောက်တဲ့အခါ မှာ ရဲဘော်ရဲဘက်စိတ်အပြည့်နဲ့ တဦးအပေါ်တဦး သစ္စာစောင့်ထိန်းပြီး တော့ နိုင်ငံအကျိုး ပြည်သူ့အကျိုးကိုသာမျက်နှာမူပြီး လုပ်သွားကြပါလို့
ကျွန်မမေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။         ။
(မိန့်ခွန်း အစတွင် ၀ါကျ အနည်းငယ်ကျကျန်ခဲ့ပါသည်။ YPI)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts