>This school report card was brought to you by … ‎

>

စီးပွားအရှာကောင်း၊ အမေရိကန်မှ စာသင်ကျောင်း
မိုးမခအထောက်တော် ၀၀၆
နိုဝင်ဘာ ၁၅၊ ၂၀၁၁


ကော်လိုရာဒိုပြည်နယ်မှ စာသင်ကျောင်း အမျာအပြားသည် ဘတ်ဂျက်အခက်အခဲကို ဖြေရှင်းရန်အတွက် ဆရာ နှင့် မိဘများအကြား ဆက်သွယ်ပေးပို့သည့် ကျောင်းသားပညာရေးမှတ်တမ်း (report card) တွင် ကြော်ငြာများ ထည့်သွင်းလျက်ရှိသည်။

၂ လက်မအရွယ် ကြော်ငြာအတွက် ၃ နှစ်အတွင်း ဒေါ်လာ ကိုးသောင်း ရရန် မျှော်မှန်းထားသည်ဟု AFP သတင်းတပုဒ်တွင် ရေးထားလေသည်။

report card ကြော်ငြာထည့်မည့် အစီအစဉ်မှာ ထိုဒေသရှိ ကျောင်းပေါင်း ၉၁ ခု အတွက် ဖြစ်သည်။

ပြည်ထောင်စုအစိုးရထံက အသုံးစရိတ် လျှော့ချသဖြင့် ထိုဒေသမှ ကျောင်းများလည်း ဘတ်ဂျက် ထိခိုက်နေသည်။

ကော်လိုရာဒိုပြည်နယ် Jefferson ဒေသ ကျောင်းများ အုပ်ချုပ်ရေး အဖွဲ့က ကျောင်းကြိုပို့ကားတွင် ကြော်ငြာထည့်ရန် ဒေသခံ ဘဏ်တခုနှင့် ညှိနှိုင်းပြီး ဖြစ်သည်။

ကြော်ငြာ ဖော်ပြမည့် ကျောင်းသားပညာရေးမှတ်တမ်း (report card) သည် စာသင်ကျောင်းက ကျောင်းသား မိဘများ ကြည့်ရှုရန် ပေးပို့သော စာရွက်စာတမ်းဖြစ်သည်။

မိဘများက မိမိ ကလေး၏ ပညာရေးအခြေအနေပြမှတ်တမ်းကို ဖတ်ရှုပြီးဖြစ်ကြောင်း လက်မှတ်ထိုးပြီး ကျောင်းသို့ ပြန်လည် ပေးပို့ရသည်။

ထိုမှတ်တမ်းတွင် ကြော်ငြာများ ထည့်သွင်းပါက မိဘများသည် ထိုကြော်ငြာများကို အနည်းနှင့်အများ ဖတ်ရှုမိမည်ဖြစ်သည်။

ယခင်က ဤသို့သော ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ဖူးခြင်း မရှိပေ။

တချိန်တည်းမှာပင် အီလီနွိုက်စ်ပြည်နယ် ရှီကာဂိုမြို့ရှိ စာသင်ကျောင်းများကလည်း report card နှင့် ပတ်သက်ပြီး ဆန်းသစ်မှုများ ပြုလုပ်နေသည်။

တနင်္လာနေ့က အစပြုပြီး ရှီကာဂိုရှိ ကျောင်းပေါင်း ၆၀၀ ကျော်တွင် တက်ရောက်နေသော ကျောင်းသားကျောင်းသူတို့၏ report card ကို ၎င်းတို့၏ မိဘများက အင်တာနက်တွင် ကြည့်ရှုစစ်ဆေးနိုင်ပြီဟု ဆိုလေသည်။

ထိုသို့ ကြည့်ရှုရာတွင် ကြော်ငြာများနှင့် ရင်ဆိုင်ရခြင်း ရှိမရှိ သတင်းများ ထွက်ပေါ်မလာသေးပေ။ ကောင်းသော ရလဒ်များမှာ ကျောင်းသားက report card အပျောက်ရိုက်ရန် မဖြစ်နိုင်ခြင်း၊ စက္ကဖြင့် ပုံနှိပ်ရန် မလိုသဖြင့် သစ်ပင်များ အခုတ်ရသက်သာခြင်း၊ ပုံနှိပ်ရ သက်သာခြင်း စသည်တို့ ဖြစ်သည်။

မိုးမခမီဒီယာ အခြေစိုက်ရာ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကျောင်းများတွင် report card နှင့် ပတ်သက်ပြီး ရှေးရိုးနည်းများအတိုင်း ကျင့်သုံးလျက် ရှိနေသေးသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts