ဟံသာဝတီ ဦးဝင်းတင်

Interview with U Win Tin – NLD, MPU & NCGUB in Overseas, how & where?

>

၉၀ရွေးကောက်ပွဲရလဒ်နောက်ဆက် ထွက်ပေါ်လာခဲ့တဲ့ ပြည်ပအဖွဲ့အစည်းတွေ ဘာလဲ၊ ဘယ်လဲ
ဦးဝင်းတင်နဲ့မေးခွန်းများ။မိုးမခ၊ နိုဝင်ဘာ ၁၅၊ ၂၀၁၁
ဒီတပတ်မှာဆရာဦးဝင်းတင်ရဲ့ သဘောထားကို မေးမြန်းဖြစ်တဲ့အကြောင်းကတော့ ၉၀ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုများက ပေါ်ထွန်းလာတဲ့အဖွဲ့အစည်းတွေရဲ့ ဆက်လက်ရပ်တည်မှုကို မေးမြန်းဖြစ်တာ ဖြစ်ပါတယ်။ ၉၀ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုတဲ့ စစ်အစိုးရရဲ့ နိုင်ငံရေး ဖိနှိပ်မှုတွေ၊နှိမ်နှင်းမှုတွေကြောင့် ပြည်ပမှာ တိမ်းရှောင်ရပ်တည်ရတဲ့ အင်န်အယ်ဒိပါတီဝင်တွေ၊ရွေးကောက်ပွဲအနိုင်ရအမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေ အပြောင်းအလဲပေါ်မူတည်ပြီး ဘယ်လိုသဘောထားကြလိမ့်မလဲလို့မေးမြန်းကြည့်မိတာ ဖြစ်ပါတယ်။ 
မေး။ ။ ပြည်ပမှာဆိုရင် အင်န်အယ်ဒီရဲ့ ပါတီဝင်တွေ၊အမတ်တွေအပါအ၀င်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေ ရှိတယ်။ သူတို့တွေကနိုင်ငံရေးလှုပ်ရှားမှုတွေ၊ သဘောထားရပ်တည်ချက်တွေ ထုတ်ပြန်ပြီး ဆောင်ရွက်နေကြတယ်။ဥပမာ – အင်န်အယ်ဒီ အယ်လ်အေ လွတ်မြောက်နယ်မြေ ဆိုတာမျိုး၊ အင်န်စီဂျီယူဘီအမျိုးသားညွန့်ပေါင်းအစိုးရဆိုတာမျိုး၊ အမ်ပီယူ လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂလိုမျိုးတွေ ရှိကြတယ်။ ပြည်တွင်းမှာ အင်န်အယ်ဒီပါတီက လက်ရှိအစိုးရကထုတ်ပြန်တဲ့ ပါတီမှတ်ပုံတင်နိုင်တဲ့ ဥပဒေနဲ့သာ မှတ်ပုံတင်လိုက်မယ်ဆိုရင်သူတို့တတွေ ဘယ်လိုအနေအထားကို ရောက်သွားမယ်လို့ ဆရာ့အနေနဲ့ ယူဆသလဲ။ ပြောလို့ရနိုင်မလား မသိဘူး။
       အခုချိန်မှာ အန်အယ်ဒီပါတီကပါတီကို မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲကို ၀င်မယ်ဆိုတာတွေကိုမဆုံးဖြတ်ရသေးဘူး။ လာမယ့် ၁၈ ရက်နေ့မှာမှ ပါတီက အစည်းအဝေးလုပ်ကြမှာ ဖြစ်တယ်လေ။ဒါက တပိုင်းပေါ့။ ပြည်ပမှာ ရှိနေတဲ့ အင်န်အယ်ဒီတွေပေါ့လေ၊ အယ်လ်အေတွေပေါ့ဟုတ်လား။ လွတ်မြောက်နယ်မြေကသူတွေရဲ့ ရပ်တည်ချက်က ဘာဖြစ်သွားမလဲဆိုတော့။ဒီအတိုင်းပဲ သူတို့က ရှိနေမှာပဲ ထင်တယ်။ သူတို့တွေက လွတ်မြောက်နယ်မြေမဟုတ်တော့ဘူးဆိုရင်လည်း သူတို့ရောက်ရှိနေတဲ့ နေရာဒေသတွေအလိုက် ရှိနေတဲ့ဌာနခွဲတွေအနေနဲ့ ဖြစ်သွားကြမလား မသိဘူးပေါ့။ သူတို့အနေနဲ့က ပါတီရဲ့ဆုံးဖြတ်ချက်အတိုင်းကို လက်ခံပြီးတော့ သူတို့ ရပ်တည်မှုတို့ရှင်သန်မှုတို့ဆိုတာကို သူတို့ဖာသာသီးခြား လွတ်လွတ်လပ်လပ် ဆုံးဖြတ်ကြရမှာပဲထင်ပါတယ်။
မေး။ ။ ၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့မဲဆန္ဒအစစ်အမှန်နဲ့ ရွေးချယ်ခြင်းခံရပေမယ့် စစ်အစိုးရရဲ့ ငြင်းပယ်ခြင်းခံထားရတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက အခု ၂၀၁၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေ၊သန့်ရှင်းမှုမရှိဘူးလို့ မေးခွန်းထုတ်ခံထားရတဲ့မဲတွေနဲ့ အနိုင်ယူထားတဲ့ကြံ့ဖွံ့နဲ့ အပေါင်းအပါအမတ်တွေကို အခုအချိန်ကစပြီးတော့အသိအမှတ်ပြုပေးလိုက်ရတော့မှာလား ဆရာ။ အဲသလို အသိအမှတ်ပြုလိုက်တာက ယခင်သူတို့တွေရဲ့ဖြစ်တည်မှုတွေကို ပျက်ပြယ်သွားပြီလို့ ယူဆလို့ ရနိုင်မလား။
       ၉၀ ရွေးကောက်ပွဲရလဒ်တွေကအစိုးရဂေဇက်လို့ခေါ်တဲ့ နိုင်ငံတော်ပြန်တမ်းမှာ တရားဝင်ထုတ်ပြန်ထားပြီးဖြစ်တဲ့အတွက် ဒါတွေကို ဘယ်သူကမှ ဖယ်ရှားပစ်လို့ မရနိုင်ပါဘူး။
       ဒါကို အကြိမ်ကြိမ် ကျနော်တို့ကပြောပြီး ဖြစ်ပါတယ်။ ကျနော်တို့ကိုယ်တိုင်ကလည်း ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုကိုင်စွဲထားဆဲဖြစ်တယ်လို့ ပြောပြီး ဖြစ်ပါတယ်။ အခုလက်ရှိအစိုးရအနေနဲ့ကလည်းတနည်းနည်းနဲ့ ဒါကို အသိအမှတ်ပြုကြောင်း ပြသတာရှိတယ်ဆိုရင်လည်း ၉၀ရွေးကောက်ပွဲအနိုင်ရအမတ်တွေအနေနဲ့ ဒါနဲ့ပတ်သက်ပြီး သဘောထားတွေ ရပ်တည်ချက်တွေကိုသူတို့အနေနဲ့ သီးခြား ထုတ်ပြန်ရမယ်လို့ ထင်ပါတယ်။ အခု ၂၀၁၀ ရွေးကောက်ပွဲကပေါ်ထွန်းလာတဲ့ အမတ်တွေ၊ အစိုးရတွေကို တနည်းနည်းနဲ့ အသိအမှတ်ပြုတယ် ဆိုရင်လည်းသူတို့လက်ရှိကိုင်စွဲထားတဲ့ ရပ်တည်ချက်တွေ ပျက်ပြယ်သွားမလား ဆိုတာက သူတို့ပဲသီးခြားလွတ်လွတ်လပ်လပ် ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ထင်ပါတယ်။
မေး။ ။ အခု ၂၀၁၀ ရွေးကောက်ပွဲဟာသန့်ရှင်းမျှတမှုမရှိဘူး၊ ၂၀၀၈ အခြေခံဥပဒေ အောက်ကို ၀င်တဲ့ လွှတ်တော်တို့အစိုးရတို့ကို အသိအမှတ်မပြုနိုင်ဘူး ဆိုရင်လည်း နောက်ရွေးကောက်ပွဲတခု နောက်လွှတ်တော်တခုပေါ်လာတာကို စောင့်ကြည့်မယ့် အချိန်ဇယား သတ်မှတ်တာမျိုး သူတို့တွေဖက်ကမဖြစ်နိုင်ဘူးလား ဆရာ။
       ဒါက သူတို့ဖာသာ သီးခြားလွတ်လွတ်လပ်လပ် စဉ်းစားဆုံးဖြတ်ကြရမှာ ဖြစ်တယ် ထင်ပါတယ်။
မေး။ ။ ပြည်ပကစင်ပြိုင်ညွန့်ပေါင်းအစိုးရအဖွဲ့ဆိုတာက ဘယ်လိုဖြစ်မယ် ထင်သလဲဆရာ။
       ဒါကတော့ သူတို့တွေအနေနဲ့ကအသက်ရှိတဲ့ လူတွေလိုပေါ့။ သူရဲ့ ရှင်သန်မှုတို့ ကွယ်လွန်မှုတို့ကို သူတို့ဖာသာသူတို့ ဆုံးဖြတ်ရမယ်လို့ ထင်ပါတယ်။ သူတို့ဟာ လက်ရှိအခြေအနေတွေကိုကြည့်ပြိးတော့ အမှီအခိုကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ရမယ်လို့ ပြောချင်ပါတယ်။သူတို့တွေက ၁၉၉၀ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့အဖွဲ့အစည်းတွေဖြစ်တယ်။ သူတို့မှာ ဖြစ်တည်မှု၊ ရပ်တည်မှု။ ရှင်သန်မှုတွေ ရှိပါတယ်။ 
မေး။ ။ သူတို့အနေနဲ့လည်း ပါတီနဲ့ ခေါင်းဆောင်မှုကိုတိုက်ရိုက် သဘောထားတောင်းတာ၊ မေးခွန်းထုတ်တာတွေ ရှိနိုင်တာပေါ့နော် ဆရာ။ပါတီအနေနဲ့ကလည်း ရွှေဂုံတိုင်ကြေညာစာတမ်းလိုမျိုး လိုအပ်လာရင် politicalstatement တခုတော့ ထုတ်ပေးလိမ့်မယ်လို့ ပြောနိုင်မလား ဆရာ။
       အဲလို ပြောမယ်ဆိုရင်ပြောနိုင်ပါတယ်။ သူတို့အနေနဲ့ကလည်း ယခု ရွေးကောက်ပွဲကို အကြောင်းကြောင်းတွေအရလက်မခံနိုင်ဘူးဆိုရင်လည်း တရားမျှတပြီး စစ်မှန်တဲ့ရွေးကောက်ပွဲတရပ်ပေါ်ထွန်းလာတဲ့အခြေအနေတရပ်အထိ ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်ပေါ့လေ၊ကိုယ့်ဖာသာကိုယ် လွတ်လွတ်လပ်လပ် စဉ်းစားကြလိမ့်မယ် ထင်ပါတယ်။ 
မေး။ ။ ကဲ ပြည်ပက အဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက်တွေဘာတွေက ထားပါတော့ ဆရာရယ်။ နောက်တခု မေးချင်တာကတော့ မြန်မာပြည်တွင်းမှာအပြောင်းအလဲတွေ ဖြစ်နေပါပြီ ဆိုတဲ့ အခမ်းအနားတွေ ဂုဏ်ပြုတာတွေ ဘာတွေ လုပ်ကြတယ်ကြားတယ်။ အပြောင်းအလဲတွေဆိုတာကို ဘယ်လိုမျိုး ထင်သလဲ ဆရာ့အနေနဲ့။
       တချို့ကတော့လည်းမြန်မာပြည်တွင်းမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီဆိုပြီး assert  (ထုတ်ဖော်ပြ) လုပ်ပြချင်ကြတယ်နဲ့တူပါတယ်။ အပြောင်းအလဲဆိုတာက အထက်ကနေ အောက်ခြေအထိကို အပြောင်းအလဲတွေ အဆင့်ဆင့်ဖြစ်ပေါ်လာမှ အပြောင်းအလဲတွေဆီ ဦးတည်တယ်လို့ ကျနော်ကတော့ ပြောချင်တယ်။ ဘယ်လိုပြောင်းလဲတာလဲ၊ဘာတွေ ပြောင်းလဲတာတွေလဲဆိုတာကို ကိုယ့်ဖာသာကိုယ့် စဉ်းစားကြည့်ကြစေလိုပါတယ်။ကိုယ့်ပတ်ဝန်းကျင်နဲ့ အခြေခံလူထုမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်နေပြီလဲဆိုတာနဲ့ချိန်ထိုးပြီး ကြည့်ရမယ်လို့ ပြောချင်ပါတယ်။
မေး။ ။ ကျေးဇူးတင်ပါတယ် ဆရာ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts