>Kan Tun Thit – Self Awareness

>

ကိုယ့်ကိုယ်ကိုရှာတွေ့ကြသည့်နေ့
ကံထွန်းသစ်၊နိုဝင်ဘာ ၉၊ ၂၀၁၁
          စောစောကပင်ကထိန်ပွဲပြီးသွားခဲ့ပေပြီ။
          ပြီးသည်နှင့်ပစ္စည်းပစ္စယတို့ကိုပင်မသိမ်းဆည်းအား၊ကျောင်းဂေါပက ဒါယကာ၊ ဒါယကာမတို့ကို အပ်ကာ ခရီးထွက်ခဲ့ရသည်၊ အင်ဒီးယားနားပြည်နယ်၊ ဖေါ့ဝိန်းမြို့ကျောင်းကထိန်သို့။
          ဖေါ့ဝိန်းမှကြွလာကြသည့်ဇေတဝန်ဆရာတော်၊ဓမ္မရက္ခိတဆရာတော်တို့ နှင့်အတူ ဦးဝေထွန်း၊ ကိုစောနိုင်တို့ဦးဆောင်ကြသည့် ဖေါ့ဝိန်းပြန်ဒကာဒကာမ တို့ကလည်း Ford ကားကြီးနှင့်ထိုင်ခုံအပြည့်၊ မီချီဂန်ပြည်နယ်မှ ကထိန်လာ ခင်းကြသည့်မိသားစုကမူရှေလေးကပင်ပြန်သွားကြပြီ၊ညက စောင်မပြည့်စုံမှု ဟီတာချိုယွင်းမှုတို့သည်သူတို့စိတ်ကို မညစ်ကျု့တန်ကောင်းရဲ့၊ ကုသိုလ်ပီတိ တွေနှင့် ပြန်နိုင်ကြပါစေဟုဆန္ဒပြုမိသည်၊ပြန်နိုင်ကြမှာပါလေ သူတို့ဟာ….။
          နွေဦးရာသီကပင်“ဒီနှစ်ဘုန်းဘုန်းကျောင်းကိုကထိန်ခင်းပါရစေ”တဲ့၊ကိုအောင်ဇေယျာလွင်နှင့် မသိသိန်းထွဋ်တို့ကဖုန်းဖြင့်လှမ်းပြီးလျှောက်ထားကြသည်၊ အမေရိကန်ရှိကျောင်းတိုက်တို့၏ ဘုံကထိန်သဘောကို ပြောပြလိုက်တော့ သူတို့ကလည်းမစိမ်း၊နားလည်ကြသည်၊ သူတို့စုပေါင်း ခင်းကြမည်တဲ့။
          ထို့ကြောင့်သင်္ကန်းဒွိစုံဘယ်နှုန်း၊ဧကသီတစ်ထည်ဘယ်၍ ကြေးမတပ်နှင့် တော့၊ မည်သူမဆိုစွမ်းသမျှနှင့် သင်္ကန်းကပ်နိုင်ရန် ဂေါပကတွေကိုကြေငြာလိုက် စေသည်၊ ကြေငြာသည့်တိုင် မီဝေါကီးဒကာ ဒကာမရင်းများက မနေ၊ ထုံးစံမပျက် သင်္ကန်းကပ်ကြ၊သူက ဟင်းတစ်မယ်၊ ကိုယ်က ဘောဇဉ်တစ်မျိုး၊ ငါက ခဲဖွယ်တစ် ဖုံနှင့်၊ ကထိန်ပွဲလေး ပီပီခင်းနိုင်ခဲ့ကြ၊ပင့်သံဃာတော်တွေအတွက် လှူရန်နှင့် ခရီး စားရိတ်ကိုလည်း “ရတနာမွန်”စတိုးမိသားစုက တာဝန်ယူခဲ့သည်လေ။
          ခုတော့တတိယအကြိမ်မြောက် ကထိန်ပွဲလေးကျင်းပပြီးခဲ့ပြီ၊ ဟောခဲ့ သော အနုမောဒနာလေးကို ပြန်စဉ်စားကြည့်မိသည်၊မိုးပေါ်ကျကထိန်  အကြောင်း၊ မိုးပေါ်မှကျသက်လာသောမိုးရေပေါက်သည် ကြည်လင် သန့်စင် သကဲ့သို့၊ ယခုလို ကထိန်ခံရဟန်းတော်၏ ပယောဂလုံးလမပါ၊မည်သူ၏ သွေးဆောင်မှုမဘက်ပဲ၊ မိမိတို့သဒ္ဓါအလျှောက် ပေါ်ပေါက်လာသော ကထိန်ကို မိုးပေါ်ကျကထိန်ဟုခေါ်ကြောင်း။
          “ကျောင်းမှာသိမ်၊အလှူမှာကထိန်” ဟု ရှေးသူဟောင်းတို့ ချီးမွမ်းကြကြောင်း၊ ကျောင်းအဆောက်အဦးတို့တွင်သိမ်ကျောင်းကသာလျှင် ရဟန်းတော် တို့ကိုမွေးဖွားပေးနိုင်ရာ ဌာနဖြစ်၍မြတ်ပြီး၊ အလှူအစားစားတို့တွင်လည်းကထိန်အလှူကမြတ်ကြောင်း၊ မည်သည့်အလှူမှ ရဟန်းတော်တို့ကို ဘုရားရှင် ပညတ်တော်တို့မှ ကင်းလွတ်အောင်မစွမ်းနှိုင်ကြောင်း၊ကထိန်အလှူကသာ ပညတ်ချက်သိက္ခာပုဒ်ငါးခုမှ ကင်းလွတ်ခွင့်ရစေနိုင်ကြောင်း၊ ဒါ့ကြောင့်မြတ်ကြောင်း၊ရဟန်းတော် များကလည်း ပါတိမောက္ခသံဝရသီလကို အသက်ကဲ့သို့ လေးမြတ်စွာစောင့်ထိန်းတော်မူကြ၍ယခုလိုသိက္ခာပုဒ်ငါးခုမှကင်းလွတ်ခွင့် ရခြင်းကို ကြီးမြတ်စွာတန်ဖိုး ထားတော်မူကြကြောင်း၊ထို့ကြောင့် ကထိန် အာနိသင်ရရန် ပုရိမဝါတစ်လျောက် မကျိုးပေါက်အောင် နေတော်မူကြ ရကြောင်းနှင့်၊သို့သော်ကထိန်အာနိသင်ရလိုမှုနှင့်ဒကာ ငါ့ကျောင်းမှာ ကထိန် ခင်းပါဟု အရိပ်အမြွတ်ပင်မပြကောင်း၊ ပြ၍ဖြစ်ပေါ်လာသော ကထိန်သည်မစင်ကြယ်၊ မိုးပေါ်ကျမဟုတ်၊ သီလဝန္တအရှင်တို့ မချီးမွမ်းစသည် ဟောခဲ့သည်။
          မိမိအဖို့မူကံကောင်းလေစွ၊ တကူးတကလှမ်း၍လျှောက်ကြားကာ ကထိန် ခင်းကြသော ကိုအောင်ဇေယျာလွင် မသိင်္ဂီတို့မိသားစုအား ရှေးသူဟောင်းတို့ ထုံးစံကောင်းတွင် တည်မှီကြသူများပါတကားဟုသာဓုခေါ်လိုက်မိလေသည်။ နည်းတူပင် စွမ်းသည့်အလျှောက် ဝန်းရံလှူဒါန်းကြသောမီဝေါကီးမြို့ပေါ်မှာ ဌာနေ ကုသိုလ်ရှင်များ၊ဖေါ့ဝိန်းမှ ဧည့်ကုသိုလ်ရှင်များနှင့်၊LA-မှ ဒေါ်ဝေဝေအုံးနှင့် ဆန်ဖရန်မှဒေါ်တူးတို့ကဲ့သို့ အဝေးကုသိုလ်ရှင်များ အားလုံးတို့ကိုလည်းမကွဲမပြား သဒ္ဓါညီစွာ ပေါင်းစုပြုကြခြင်းကြောင့် မိမိ ကထိန်အာနိသင်ငါးပါး ရသကဲ့သို့တန်ပြန်သက်ရောက်မှုနိယာမနှင့် အညီ ….

မပန်မကြား၊ လိုရာသွားနိုင်၊
ထားလိုရာထား၊ ရန်များမဆိုင်။
ဝတ်စားလက်ဝင်း၊ ဆိပ်ပင်းပယ်ချိုင်။
ကြွယ်ခိုင်ဖြိုး၊ အကျိုးငါးဝပိုင်။

ဆိုသည့်ကထိန်အကျိုးငါးပါးနှင့်တကွနိဗ္ဗာန်ကို သိမြင်လွယ်ကြပါစေဟု ဝမ်းမြောက်စွာ ဆုပေးနေမိသည်။
          ပို၍ဝမ်းမြောက်ဝမ်းသာရှိရသည်မှာမိမိသည်ကျောင်းတိုက်လေးမရောက် မီကတည်းက၊ ကွဲပြားနေကြသော၊ ကျောင်းသို့ လာလေ့လာထမရှိသောဒကာ ဒကာမတွေ ပေါင်းစည်းညီညာသွားကြသောကြောင့်ပင်။ အာဃာတတွေ၊ မာန တွေ၊ အတ္တတွေ၏နေရာမှာမေတ္တာ၊ စေတနာ၊ သဒ္ဓါတွေနှင့်အစားထိုးနှိုင်ကြပြီ ထင့်၊ ဗုဒ္ဓဘာသာဝင်ဆိုသည့် ပကတိဘဝတွေကိုပြန်လည်ရှာဖွေတွေ့ရှိကြပြီထင့်။
          မနှစ်ကချီကာဂိုကျောင်းကထိန်မှာဟောပြောခဲ့သည့်တရားလေးကို အမှတ် ရမိသည်။ သည်နေ့ဟောလိုက်ရလျှင်အကောင်းသားဟုမချင့်မရဲဖြစ်မိသည်။ ကထိန်နှင့်စပ်သည့်ထုပ္ပတ်လေး၊ ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့အကြောင်း၊ထိုညီနောင်တို့ကို အကြောင်းပြုကာ ကထိန်ဖြစ်ပေါ်လာကြောင်းကို လူတိုင်းကြားဖူးနားဝ ရှိသလို၊ထိုညီနောင်နှင့် ဗုဒ္ဓရှင်တော်တွေ့ဆုံခန်းလေးကိုလည်း သိကြစေချင် သည်။
          တစ်နေ့၊ခရီးမှဖဲခဲ့ပြီး၊ သစ်တစ်ပင်ရင်းမှာ ဗုဒ္ဓမြတ်စွာထိုင်တော်မူနေစဉ် မင်းညီမင်းသားတစ်သိုက်ရုတ်ရုတ်သဲသဲနှင့်ရောက်လာကြသည်၊ ပျှော်ပွဲစား ထွက်လာကြစဉ်၊ အဖေါ်မဲ့သူမင်းသားအတွက် ခေါ်လာသော ပြည့်တန်ဆာမကဝတ်စားတန်းဆာ ဒွါဒယာတွေကိုခိုးယူပြေး၍ လိုက်လံရှာဖွေကြရာ ဗုဒ္ဓကိုတွေ့ လျှက်စုံစမ်းရန်ချဉ်းအကပ်-
          “ဘယ်အရာကိုရှာဖွေနေကြသနည်း”
“မိန်းမတစ်ယောက်ကိုတွေ့လိုက်မိပါသလားအရှင်”
“မင်းသားတို့.. မိန်းမပျောက်ကိုရှာတာနှင့်မိမိကိုယ်ကိုရှာတာ ဘယ်ဟာက ကောင်းမည်နည်း”
“သင်တို့ဘယ်လိုထင်သလဲ”
အားလုံးငြိမ်သက်သွားကြသည်၊ အမောတွေ ဒေါသတွေလျောကျသွားကြသည်။ ပညာတတ်တွေပဲ၊ လက်ခနဲအဖြေမှန်ရသွားကြသည်၊
“ကိုယ့်ကိုယ်ကို ရှာတာကမြတ်ပါတယ်အရှင်”
“ဒါဖြင့်ထိုင်ကြ၊ သင်တိုကို ကိုယ့်ကိုယ်ကိုရှာဖွေနည်းသင်ပေးအံ့”
အဝိဇ္ဇာတွေဖြင့်ဖုံးလွှမ်း၊ အတ္တနှင့်ပိတ်ကွယ်၊တဏှာ၊ မာနတွေနှင့် မြှေး ယှက်နေသည့်ဘဝတုကိုပယ်ကာ ပကတဘဝကိုမြင်နှိုင်ရန် ဘုရားရှင်က“ကာမာနံအာဒီနဝကထာ” စသည်ကို ဟောကြားတော်မူခဲ့သည်။
 “ဖြစ်ခြင်းသဘောရှိသမျှ အရာအားလုံး ချုပ်ခြင်းသဘောရှိပါလား”ဟုတကယ့် အနှစ်ရှိ သောဘဝကိုတွေ့ရှိသွားကြကာ ညီနောင်အားလုံး ရဟန်းပြုခဲ့ကြသည်၊ ဉာဏ် အလင်းဖြင့်ပျောက်နေသောမိမိကိုယ်ကိုတွေ့ရှိတော်မူကြခြင်းပင်။
လောကဝယ် အာဏာယစ်သူသည် အာဏာကြောင့်ပျောက်ဆုံး၊အလှမာန်ယစ်သူသည် အလှကြောင့်ပျောက်ဆုံးနေကြမြဲပင်၊ ထိုပျောက်ဆုံးနေ သူ အဇာတသတ်တို့ ခေမာမိဘုရားတို့ကိုလည်းဘုရားရှင်ပင်ရှာဖွေတတ်အောင် သင်ပေးတော်မူခဲ့သည်မဟုတ်ပါလား။ 
အော်ရှာဖွေခြင်းတကာတို့တွင် ကိုယ့်ကိုယ်ကိုရှာဖွေခြင်းကအမြတ်ဆုံးပါ လား။
ဒီအကြောင်းလေးမဟောလိုက်ရ၊ အင်း.. ဖေါ့ဝိန်းကထိန်ရောက်လျှင်တော့…။

 (နိုဝင်ဘာ ၃၊ ၂၀၁၁၊ နံနက် ၄ နာရီ)
(Illustration from – http://www.mdasociety.org/ )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts