>Last Sun Day, Heavy Wind stormed Rangoon’s Outskirts

>

၂၅ ရက် နံနက် ၁ နာရီတွင် ရန်ကုန်ဆင်ခြေဖုံးအရပ်တွင် လေပြင်းကျခဲ့
မိုးမခအထောက်တော် ၀၀၃
ဇူလိုင် ၂၈၊ ၂၀၁၀
ယမန်နေ့က လက်ခံရရှိခဲ့သော သတင်းများအရ ရန်ကုန်မြို့ ကမာရွတ်၊ လှိုင်၊ အင်းစိန် မြို့နယ်များတွင် လွန်ခဲ့သည် တနင်္ဂနွေနေ့ နံနက် ၁ နာရီ ကျော်တွင် ပြင်းထန်သော လေပြင်းများ တိုက်ခတ်ခဲ့သည်ဟု သိရသည်။ သက်ဆိုင်ရာမိုးလေ၀သဌာနများက ကြိုတင်သတိပေးထားခြင်းများ မရှိသည့်အပြင် ညသန်းကောင်ယံအချိန်တွင် မိုးများရွာသွန်းခြင်းမရှိဘဲ လေပြင်းများ ကျယ်လောင်စွာ တိုက်ခတ်ခဲ့သဖြင့် လူအများ ထိတ်လန့်ခဲ့ကြသည် ဆိုသည်။ အချို့က ဆူညံသော လေပြင်းမုန်တိုင်းသံကြောင့် ဒုတိယနာဂစ်ဝင်ပြီဟု ထင်မှတ်ခဲ့ကြသည်ဟု ပြောဆိုသည်။
          လှိုင်မြို့နယ်၊ ပညာရေးဝန်ထမ်း အိမ်ယာတန်းလျားများနှင့် စားသောက်ဆိုင်တန်းအချို့တွင် အိမ်မိုးများ လွင့်စင်ခဲ့သည်ကို တွေ့ရကြောင်း၊ ရန်ကုန်တက္ကသိုလ်ပင်မ ၀င်းထဲရှိ သစ်ပင်ကြီးအချို့ လဲကြောင်း၊ တောင်ဥက္ကလာနှင့် ရန်ကင်းမြို့နယ်များတွင် သိပ်မဆိုးကြောင်း၊ မိုးများပါ ရွာကြောင်း မျက်မြင်တို့က မိုးမခသို့ စာရေးသား သတင်းပို့ထားသည်ကို တွေ့ရသည်။
          စာဖတ်သူတဦးက ရေးသားရာတွင် –
          “သမိုင်း၊ အုတ်ကျင်း၊ ကြည့်မြင်တိုင်ဖက်တွေမှာ ညကြီးမင်းကြီး လေပြင်းတွေ ကျတယ်။ ကောင်းကင်က နီနေတယ်။ နိုးနေတဲ့ လူတွေကတော့ နာဂစ်ဝင်ပြီလို့ ထင်ကြတယ်။ အိမ်ဝရန်တာမှာ ချိတ်ထားတဲ့ ခေါင်းလောင်းတွေက တလျောက်လုံး မြည်နေတော့ စိတ်ထဲမှာ ကြောက်မိတယ်။ လမ်းမီးကြိုးတွေကလည်း အချင်းချင်းပွတ်ပြီးတော့ မီးတွေ ပွင့်နေတာ မြင်ရတယ်၊ တော်တော်ပြင်းတဲ့ လေပြင်း။ မိုးမရွာတော့ လေချည်းပဲ တိုက်နေတာ နာရီဝက်၊ လေးဆယ့်ငါး မိနစ်တော့ ကြာမယ် ထင်တယ်”
          ဟု  ဆိုထားသည်။
          အစိုးရသတင်းဌာနများက ဘာမှ ကြိုတင်သတိပေးမထားသဖြင့် သက်ဆိုင်ရာမြို့နယ်က လူအများ အထိတ်တလန့် ဖြစ်ကြရပြီး နောက်တနေ့တွင် အချင်းချင်း နှုတ်ဆက်ကြရာတွင် ညက မုန်တိုင်းဝင်သွားတယ်နဲ့ တူတယ်နော်ဟု အလွတ်ပြောဆိုမှုများဖြင့်သာ ထိုကိစ္စက ပြီးသွားသည်ဟု မှတ်ချက်ပေးသည်။
          “မြန်မာပြည်မှာက စာနယ်ဇင်းတွေက သတင်းမလုပ်ပေးရင် သတင်းမဖြစ်တော့၊ ဒီလိုမျိုး ကိစ္စတွေက ဒီလိုပဲ ပြီးကြရတာပဲ။ ပြည်ပက ရေးပြန်တော့လည်း သံသယရှိကြပြန်ရော။ ” ဟု သတင်းရေးပေးသူ ရန်ကုန်မြို့ခံ သတင်းထောက်က မှတ်ချက်ရေးထားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts