>Mar Mar Aye – 401

>“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၄၀၁)

မောင်ကြီးရွှေရောင်ရစ်
မာမာအေး
နိုဝင်ဘာ ၆၊ ၂၀၁၁

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – မာအေးရဲ့ အိမ်မှာ “မြန်မာပြည်အတွက် ကဗျာသရုပ်ဖေါ် ရွတ်ဆိုပွဲ”ကလေး ပြီးစီးသွားတဲ့အခါ အားလုံးရဲ့ ရင်ထဲ ကိုယ်စီ အော် … ဧရာဝတီ … ဧရာဝတီ … လို့ စိတ်မှန်းနဲ့ လွမ်းကြသည်နှင့်အမျှ ဧရာဝတီနဲ့ ငြိတွယ်ကြဖူးသူတိုင်း သည်မြစ်မကြီး ကေါပြီးသွားမှာ စိုးရိမ်ကြပါသော်လဲ ဆုတောင်းဖို့သာဘဲ တတ်နိုင်ကြတဲ့ အဖြစ်နဲ့ မာအေးကို ထားရစ်ခဲ့ကြပါတယ်ရှင်။

သူတို့တွေထက် စိုးရိမ်နေခဲ့ရတာ မာအေးပါ လို့များ ပြောခဲ့ရင် ကြိုက်ချင်မှ ကြိုက်မယ်ပေါ့ရှင်။ ကိုယ်က ဧရာဝတီမြစ်မှာဖွား၊ ဧရာဝတီရေကိုသောက်လို့ လူလားမြောက်ခဲ့တာက အရင်းခံလာတာမို့လားရှင့်။ မာအေး အိန္ဒိယကို ဃနာနို့ဆွမ်း ကပ်ခဲ့တဲ့နေရာလို့ သိရ ကြည့်ခဲ့ရတဲ့ နေရာရဲ့ ဇရပ်ကုတ်ကုတ်၊ အုတ်ရိုးမြုပ်တဲ့ပုံနဲ့ မလှန်းမကန်းမှာ၊ မဟာဂရုဏါတော်ရင် ဘုရားရှင် ရွှေခွက်မျှောခဲ့တဲ့ “နေရဉ္စရာမြစ်” ဆိုလို့ ကြည့်လိုက်ပါ့၊ ရေစီးကြောင်းက မျှင်မျှင်လေးဘဲ ကျန်တော့တာကလား။ ဘုရား… ဘုရား… တို့ ဧရာဝတီကြီးများ ဒီလို ဖြစ်နိုင်သလားမသိဘူး လို့ အဲဒီကတည်းက ရင်မှာ လာပူတာ … သတိရတာ၊ အပိုတွေ မပြောပါဘူး ရှင်တို့ရယ်၊ မှန်တာပြော သဘောကျပါစေနော်။

မာအေး ပြည်သူ့ဝန်ထမ်းဘ၀၊ ပြန်ကြားရေးနဲ့ အသံလွှင့် ဦးစီးဌာနမှာ အလုပ်လုပ်ခဲ့တုန်းက တခါမှ ရာထူး မတက်ခဲ့ဖူးတဲ့ လက်ထောက် ထုတ်လွှင့်ရေးမှူးပါ။ အလုပ်သမား ပညာပေး အစီအစဉ်တွေအတွက် တွဲဘက်အတွင်းရေးမှူး တာဝန်လဲ ယူရပါတယ်။ အစိုးရဌာနပေါင်း ခြောက်ဆယ်လောက်က ညွှန်မှူးတွေ၊ ကိုယ်စားလှယ်တွေနဲ့ အသံလွှင့်ဖို့ ကိစ္စတွေ စည်းဝေးရ၊ အသံသွင်းပေးရ၊ စာမူ ကူရေး – အသံပြင်ပေးတွေ လုပ်ရတာ နေ့စဉ်နဲ့အမျှပေါ့။ သူတို့ အသံလာလွှင့်ကြတော့ သူတို့ဌာနရဲ့ လုပ်ငန်းတွေ၊ တိုင်းပြည်အတွက် ဘယ်လို အကျိုးဖြစ်စေပါတယ် ဆိုတာတွေ ကြားဖန် များတော့ “ဗဟုသုတ အလုပ်ခွင်ကရ” ဖြစ်လာတာပေါ့ရှင်။ အလုပ်သမားတို့ကဏ္ဍ ဆိုပေမယ့် အားလုံးအတွက် ဗဟုသုတ ရစေတာမို့ အကျဉ်းချုပ်ကလေးတွေနဲ့ မှတ်စု ထုတ်ထားခဲ့ပါတယ် (၁၉၉၇) မှာ ပင်စင်ယူခဲ့တော့ ရုံးပိုင်စာအုပ်နဲ့ မှတ်ချက်မှတ်တမ်းလုပ်ထားတာမို့ မယူလာဖြစ်ပါဘူး။ ကိုယ်ပိုင် ဓါတ်ပြားစာရင်း ပြုစုထားတာတွေပါ ထားခဲ့ပါတယ်။ မကြာခင် တခေါက် ရောက်သွားတော့ကို ပျောက်ပျက်သွားကုန်ပြီ တဲ့။ အား နှမျောလိုက်တာ ပြန်လုပ်ဖို့အချိန် မရနိုင်တော့လို့ပါ။

အကုန် မမှတ်မိပေမယ့် ဧရာဝတီသူက ရေကိစ္စမို့ မှတ်မိတာတော့ ရှိသေးတာပေါ့ရှင်။ ရေကြောင်း ထိမ်းသိမ်းရေး ညွှန်ကြားမှု ဌာနက ဆောင်းပါးတွေမှာ မြစ်ရဲ့ဘေးမှာ ရေလှောင်တမံ လုပ်ရေးရင် ရေကြီးတာကို ထိန်းနိုင်မယ်တို့၊ သေါင်တူးဖို့တို့၊ ရေစီးရေလာကေါင်းမှ သောင်မထွန်းမြေမပြုဖြစ်မယ်တို့၊ ဆည်တွေကို လိုမှ ဆောက်တို့တွေ ပါရှိကြောင်းတော့ မမေ့ဘူး။ အခု ဧရာဝတီ ရေမြေလိုက်ပြီး တစိုက်စိုက် ရင်လှိုက်အောင် ပင့်သက်ရှိုက်မိတဲ့အခါ မြစ်တွေပေါ် တံတားခင်း၊ မြစ်တွင်းက သောင်မတူး၊ ဦးတိုက်လာတဲ့ ချောင်းရိုးမြောင်းမြွာ၊ သဘာဝက လုပ်ပေးထားသလို လျှိုမြောင် တောင်ဆီး၊ လိုအပ်လို့ အမြင့်ကနေ အနိမ့်စီးမယ့် ရေဇလာကို ဆည်တွေကါ မြောင်းတွေပိတ်၊ ရှေ့မှန်းမသိ နောက်မှန်းမသိ၊ ငါလုပ်တယ်သိရင် အေးရော သဘောနဲ့ ဖေါချင်းသောချင်း သတင်းစာတွေ မျက်နှာစာမှာ ဝေဆာဆာ ပါလေတိုင်း ငါ့မြင်းငါ့စိုင်း နတ်နေကိုင်းတောင် မချန်တဲ့ လူတစုကြောင့် ဧရာဝတီ အမိရင်ထုရမယ့်ကိန်းဘဲလို့ စိုးရိမ်ခဲ့တာတွေပေါ့။

ကိုယ်ခံစားခဲ့ရတဲ့ ဝေဒနာ လွတ်လပ်စွာ ပြောခွင့် အခါသင့်နေလို့ ပြောနိုင်တာပါ။ ဧရာဝတီကို ခင်ကြပါ၊ ပြင်သင့်တာကို ပြင်ကြပါနော်။

မာအေးမှာတော့ ဧရာဝတီနဲ့ ယှဉ်လို့ ပြင်ရမယ့် ကိစ္စတခု ရှိနေပါတယ်။ ဧရာဝတီသူ ဖြစ်ပေမယ့် မြစ်ကြောင်းညာ-ကျေ စဆုံးတော့ မသွားဖူးခဲ့ပါဘူး။ နိုင်ငံ့မြောက်ကတောင်ကို စီးတဲ့ အရှည်ဆုံးမြစ်ကြီးကိုးရှင့်။ မာအေးနဲ့ သမီးကြီးတွဲပြီး ‘ချစ်တာသူ့ကို’ စီးရီး ထုတ်ဖို့ လုပ်တော့ ‘မောင်ကြီးရွှေရောင်ရစ်’ ဆိုတဲ့ သီချင်းတပုဒ် ရွေးမိပါတယ်။ ဂီတစာဆို ကိုရဲအောင် ရေးတဲ့ သီချင်းလေးပါ။ သူ့ဇနီး မတင်တင် အသံနဲ့ ရောင်းတန်းဓါတ်ပြားလဲ ထွက်ဖူးခဲ့ပါတယ်။ စာသားကို ဓါတ်ပြားက ထုတ်ယူဖို့ နားထောင်တဲ့အခါ ဟောင်းလွန်းတော့ ဝါးတားတားနဲ့ ဘာဆိုလိုက်မှန်း ဖမ်းလို့ မရပါဘူး။ မောင်လေးတင်ဝင်းလှိုင်လဲ အတူ ရှိနေတော့ မောင်နှမနှစ်ယောက် တိုင်ပင်ပြီး ကြားရတာကို ဝါးပီး ဟုတ်ခဲ့ကြတာပေါ့ရှင်။
ဒီသီချင်းပုဒ်ကလေးပါဘဲ၊ နားထောင်ကြည့်စမ်းပါရှင်။

သကေါင်းဆို၊ ကြာချပ်နဲ့ ရွာရပ်ဖြင့် နီးလါပြီ၊ ရွက်ကြိုးကို သူဖြီလို့ ငေးနေတော့မည် xxx
(မောင်ကြီးရွှေရောင်ရစ်မှ)


ကြားလိုက်တယ်မဟုတ်လား ချစ်ဆွေတို့ရေ၊ သကေါင်းဆို ကြာချပ်နဲ့ ရွာရပ်ဖြင့် နီးလာပြီ၊ ရွက်ကြိုးကို သူဖြီလို့ ငေးတော့မည် တဲ့။ ဟုတ်တယ်မို့လား၊ အဲဒီဟာ မှားနေတယ် ရှင့် – သိလား။ ကါတွန်းစုံထောက်ကြီးစကါးဘဲ ငှားပြောလိုက်ဦးမယ်ရှင်၊ မှားတဲ့အခါလည်း မှာပေမပေါ့ – နော

မှားချင်လို့ မှားတာမှ မဟုတ်တော့ ခွင့်လွှတ်ကြပေါ့ရှင်။ ဧရာဝတီ အစုန်အဆန် မရောက်ဖူးလို့ ဧရာဝါး မ၀လို့ ဖြစ်ရတာ မှားရတာလေ၊ အဲဒီသီချင်းကို ထုတ်ပြီးတဲ့ အခါကျမှ ဧရာဝတီမြစ်ကမ်းနဘေးက ထီးချိုင့်ဆိုတဲ့ မြို့ကလေးမှာ ကန်ထရိုက်ငှားတဲ့ မန္တလေးဇါတ်ကလေးတဇါတ်နဲ့ သွားတွဲပြီး သီချင်း ဆိုဖြစ်ခဲ့ပါတယ်။ မာအေးကတော့ အဲဒီတော့မှ မန္တလေးအထက်ပိုင်း ဧရာဝတီကို ‘ပုဏ္ဏားပျံ’ ဆိုတဲ့ သင်္ဘောကြီး စီးပြီး သွားဖူးတာ၊ ကျောက်မြောင်းမြို့နဲ့ ထီးချိုင့်မြို့ရဲ့ ကြားမှာ ‘မြန်မာအစ တကေါင်းက’ လို့ စာဆိုခံထားခဲ့တဲ့ ‘တကေါင်းမြို့’ နဲ့ အဲဒီမြို့နဲ့ မျက်စောင်းထိုးမှာ ‘ကြံညှပ်’ ဆိုတဲ့ မြို့ကလေး တွေ့ခဲ့ရတယ်။ သီချင်းထဲက မမတင်ဟာ အဲဒီရွာကြီးတွေလို ဖြစ်နေတဲ့ မြို့နာမည်တွေကို ဆိုထားတာပါ။ အမှန်က “သကေါင်းဆို၊ ကြံညှပ်နဲ့ ရွာရပ်ဖြင့် နီးလါပြီ” ဖြစ်ရမှာရှင့်။ နောင် အသံသွင်းဘို့ ကြုံလာရင် ပြင်ဆိုဘို့ မှတ်ထားလိုက်ပါပြီ။

ပုဏ္ဏားပျံသင်္ဘောကြီးနဲ့ အညာဆန်ခရီးဟာ သိတ်ပြီး ပျော်ရ၊ အမှတ်တရ ဖြစ်ရပါတယ်။ လက်ဝဲ သုန္ဒြရ အမတ်ကြီးက ဘုရင်မင်းမြတ်ကို စောင်းမြောင်း ဆုံးမတဲ့ စကါး အကြားနဲ့ ‘မဲဇာ’ အပို့ခံရတယ် ဆိုတာ ကြားဖူးတယ်မို့လား၊ အဲဒီရွာပျက်ကလေးနဲ့ ဘုရားလေးကို ထီးချိုင့်မြို့စွန်က လှန်းကြည့်ရင်တောင် မြင်နိုင်ပါတယ်ရှင်။ ‘ထီးချိုင့်နတ်စိုး’ အမည်ခံ တည်တောကျောင်းဆရာတော်လဲ ဖူးခဲ့ရတယ်၊ မာအေးတည်းခိုခဲ့တဲ့ အိမ်ရှင်စုံတွဲရဲ့ သစ္စာကြီးမှုကိုလဲ မြို့က ပြောဆဲဘဲမို့ ကြားရတဲ့အတိုင်း ကြုံရင် ပြောပြဦးမယ်။

ဧရာဝတီကျောပေါ် ဇိမ်ကလေးနဲ့ ပျော်ရတော့ ညင်ညင်သာသာ ချစ်စရာဘဲ၊ တခါတလေ ကြောက်စရာ ဖြစ်နိုင်တာလဲ လက်တွေ့ သိလာသေးတယ်လို့ ပြောရမှာပါ။ ထီးချိုင့်ကနေပြီး အထက်ဖက်ကို နည်းနည်း ဆန်တက်လာလိုက်တာနဲ့ ကြက်တကေါင်နားက ရွာကြီး တရွာမှာ ပွဲခင်းမှာမို့ ဆင်းနေခဲ့ရတယ်။ ဧရာဝတီမှာ သောင်ထိုးလို့ ကမ်းရိုးကို သင်္ဘောက မကပ်နိုင်တော့ ခြေဖမိုးမြုပ်ရုံ ရေစပ်စပ် ကြည်လဲ့လဲ့မှာ ခြေကို ရှပ်တိုက်လျှောက်လိုက်တာ ပျော်လို့ အသက်တောင် ပြန်မထောက်မိဘူး။

ညမှာ ပွဲချိန်ကျတော့ တည်းတဲ့ ခြေတန်ရှည်အိမ်နဲ့ တခေါ်လောက်ပဲ ဝေးတော့ ဇါတ်ရုံကို ဒီလိုဘဲ လျှောက်သွားခဲ့တာပေါ့။ ကိုယ်ဆိုနေတုန်းမှာ တိုးတိုး – တိုးတိုးနဲ့ ရေတက် ရေတက် ဆိုလား ကြားသလိုဘဲ၊ နှစ်ပုဒ်လောက် ဆိုပြီးချိန်မှာ လူတွေက ရုန်းရုန်းရုန်းရုန်းနဲ့ ကုန်းပြုထတာနဲ့ ဘာများလဲ မှောင်ထဲ လှမ်းကြည့်နေခိုက်မှာ – မာအေးရေ – လာလာ ရုံထဲ ရေ၀င်လာလို့ ပြန်ရအောင် တဲ့ ကန်ထရိုက်ဦးကြီးက လာခေါ်တယ်၊ ဇါတ်ခုံက ဆင်းတော့ အလို အမယ်တ၊ အံ့အဲသြချ လပြည့်ည မြေပြင်မဟုတ်တော့တဲ့ ရေပြင်ကျယ် ဖွေးဖွေးမှာ အိပ်မက်နှယ် လှေစီးပြန်ခဲ့ရပါတယ်ရှင်။

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts