>Mar Mar Aye, – 372

>


“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၃၇၂)

စံထားလက်သံ ကျေးစေတမာန်
မာမာအေး
မတ် ၂၀၊ ၂၀၁၁


BBC က အသံလွှင့်ခဲ့သည့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် –
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – ပြီးသွားခဲ့တဲ့အစီအစဉ်မှာ စန္ဒရားလက်သံ စံအပြုခံရတဲ့ စန္ဒရားအေဝမ်းခင်မောင်အကြောင်း ပြောရင်းနဲ့ သူ့ရဲ့ရုပ်ရှင်ရုံတီးဝိုင်းမှာ အသံတိတ်ရုပ်ရှင်တွေ အသက်ဝင်သလို ခံစားရအောင် အလွမ်းဇာတ်ရုပ်အတွက် ဆိုရင် ဘယ်လို စာဖွဲ့ထားတဲ့ သီချင်းမျိုးနဲ့ လိုက်ဖက်လေသလဲ မဟာဂီတထဲက ရှာဖွေဖြည့်ဆည်း ပံ့ပိုးခဲ့တယ်လို့ ပြောပြခဲ့တာပါ။

အသံထွက်ရုပ်ရှင်တွေ မပေါ်သေးခင်က အသံတိတ်ရုပ်ရှင်တွေရှိတယ် လို့တော့ ကြားဖူးကြမှာပါနော်၊ ဒီခေတ်ရုပ်ရှင်တွေလို အရုပ်နဲ့အသံ တွဲပြီး မြင်ရကြားရတာ မဟုတ်တဲ့ အကြောင်းအရာ ဇာတ်လမ်းအမျိုးမျိုး ရိုက်ကူးပြသခဲ့တဲ့ ရုပ်ရှင်ကားတွေပေါ့၊ ပိတ်ကားပေါ်က သရုပ်ဆောင်တာတွေကို ကြည့်နေရပေမယ့် သူတို့ဘာတွေပြောတယ်ဆိုတာ သိဘို့ စာတန်းက သီးသန့် ရိုက်ပြတာကို လိုက်ဖတ်မှ သိရတဲ့ဟာမျိုးပါဘဲ၊ ခုခေတ်ရုပ်ရှင်ခွေ၊ သီချင်းခွေတွေမှာလို အောက်ခြေမှာ စာတန်းထိုးတာမျိုး မဟုတ်ပါဘူး၊ အရုပ်နဲ့စာဘဲပါပြီး သီချင်းတို့ နောက်ခံတီးလုံးတို့ မပါတာဆိုတော့ စဉ်းစားကြည့်လေ၊ ခြောက်ကပ်ကပ်ကြီး ဖြစ်နေမှာဘဲ၊ ဒါကြောင့်လည်း ရုပ်ရှင်ရုံတီးဝိုင်းတွေ ထားပေးလာရတယ်၊ အဆိုတော်တွေ ထားပေးလာရတယ်၊ နောက်တဆင့် တက်ပြီး ရုပ်ရှင်ကုမ္ပဏီတွေက သူတို့ရုံတင်မယ့် ဇာတ်ကားအတွက် သီချင်းရေးဆရာ သီးသန့် ခေါ်ယူ ရေးသားစေတယ်၊ ရုံတင်မယ့် နေရာက ရုပ်ရှင်တီးဝိုင်းခေါင်းဆောင်တွေကို ကြိုတင် သီချင်း တိုက်ပေးစေခဲ့ကြပါတယ်။ ရုပ်ရှင်ရုံ ပင်တိုင်တီးဝိုင်းတွေဟာ ရုပ်ရှင် ပြနေတုန်းမှာ တိုက်ရိုက် တီးပေး ဆိုပေးရတဲ့ အလုပ်မျိုး ဖြစ်တဲ့အတွက် တီးဝိုင်းခေါင်းဆောင်ဟာ ဂီတအတွေ့အကြုံ ဗဟုသုတနဲ့ ပြည့်စုံပြီး အစီအစဉ်တကျ ရုပ်ရှင်ဇာတ်ပို့ ကျွမ်းကျင်မှ ဖြစ်နိုင်တာပါ၊ ဆရာအေဝမ်းဟာ ဝိုင်းခွဲသုံးဖွဲ့ ထားနိုင်တဲ့ ခေါင်းဆောင်မျိုး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲမှာ ဘီဘီစီသောတရှင်တဦးက မေးထားခဲ့ပါတယ်၊ အလွမ်းသီချင်းတွေဟာ တကယ်ဘဲ ကိုယ့်ခံစားချက်လား တဲ့၊ ဒီမေးခွန်းမျိုးကို အမြဲလိုလို အမေးခံရဖူးတာနဲ့ ကိုယ့်ကိုကိုယ်လည်း ပြန်ဆန်းစစ်လေ့လာခဲ့ပါတယ်၊ ငါဘယ်လိုခံစားပြခဲ့တာပါလိမ့်၊ ဘာကြောင့်ပါလိမ့်လို့ ရှာကြည့်မိတဲ့အခါ မာအေးကအစ လူ့လောကမှာ သောက မရဘူးတဲ့သူ ဒုက္ခမရောက်ဖူးတဲ့သူ ဆိုတာ ရှိမှမရှိဘဲဟာ ၊ တနည်းနည်းနဲ့တော့ မျက်ရည်လည်ရွဲ ငိုပွဲနဲ့ ကြုံဖူးကြမှာပါ၊ မြုံထားရင်တော့ မသိဘူးလေ။

လောကကြီးထဲက အမျိုးမျိုးသော ဖြစ်ရပ်တွေကို ဇာတ်ခုံပေါ်မှာလဲ တွေ့ခဲ့တယ်၊ ရုပ်ရှင်တွေထဲမှာလည်း ကြည့်ရတယ်၊ စာအုပ်တွေထောင်ချီပြီး ဖတ်တဲ့အထဲက ဇါတ်လမ်းမူကွဲတွေကိုလဲ စွဲနေတုန်းပါဘဲ၊ ကိုယ့်ဝန်းကျင်မှာလည်း အကဲခတ်ရင် မြင်ဦးမယ်မို့လား၊ ဒီတော့ကာ ကိုယ်တိုင်ခံစားရမှ အပျော်ရုပ် အလွမ်းရုပ်ကို ဖေါ်ထုတ်နိုင်မယ်ဆိုရင် အလကားအနုပညာသမား ဖြစ်သွားမှာပေါ့။

ချစ်၊ ရွှင်၊ သနား၊ တည်ကြားကြမ်းကြုတ်၊ စက်ဆုတ်ကြောက်ရွံ့ စတဲ့ ခံစားမှုစိတ်အလုပ်ကို စာဖတ်ရင်းဖြစ်စေ၊ အရုပ်ကိုမြင်နေရင်းဖြစ်စေ–ဝေဒနာဖြစ်ပေါ်တဲ့အတိုင်း ချစ်ဆွေတို့ခံစားရသလိုဘဲ မာအေးလည်း ခံစားရတာပါ၊ အဲဒါကို ရယ်စရာဆို ရင်လည်း ရယ်ရင်းနဲ့ဆိုလိုက်၊ လွမ်းရမှာဆိုလည်း အသာလေးဝမ်းနည်းတဲ့ အသံတုန်တုန်လေး ဖြည့်လိုက်၊ ရှိုက်သံလေး ထည့်ပေးလိုက်နဲ့ အိုက်တင်လုပ်လိုက်တာပေါ့၊ အသံနဲ့စာသား တချိန်တည်း လှုပ်ရှားနိုင်အောင် လေ့ကျင့်ဖို့တော့ လိုပါတယ်၊ ဆိုတဲ့ အသံကတခြား ရှိုက်သံကြီးက တခြား ဖြစ်နေလို့ကတော့ ဘယ်နိပ်မှာလဲ၊ လွမ်းတယ် ဆိုရာမှာလည်း လွမ်းရုံကလေးကနေ ရင်ကွဲ ပက်လက် အသက်ရော ထွက်မလောက်အထိ ရှိနေပါတယ်။

မာအေးမှာ သောတရှင်တွေ သိပ်သဘောကျတဲ့ အလွမ်းသီချင်းတွေ ရှိတယ်လေ၊ မေ့ကွက်ကိုရှာ၊ ပိတောက်လမ်း၊ မေ့ ဘဝ ခဏ ဘယ်သူယူပါ့မယ်၊ ဆယ်မိုးဆယ်နွေ–မျှော်လေလေဝေး၊ တရေးချစ်ခွင့်မြင်ရနိုး၊ မနက်ဖြန်မှဆက်ငိုမယ် စတဲ့သီချင်းတွေနဲ့ နောက်ဆုံးလွမ်းဖြစ်ခဲ့တာ “မောင့်အချစ်မျှား” ပေါ့၊ စင်ပေါ်မှာ မဆိုပြဖြစ်တဲ့သီချင်းတွေလည်း အများကြီးရှိသေးတယ်၊ ပရိတ်သတ်က မတောင်းဆိုရင် ကိုယ်က မဆိုပြဖြစ်လို့ မသိကြတာ မာအေးက နှမျောခဲ့တယ်၊ “မောင့်အချစ်မျှား”ကို (၁၉၇၈) က ကိုယ်တိုင်ထုတ်တာ၊ ဒါပေမဲ့ ရုပ်မြင်သံကြားမှာ ရိုက်ပြဖြစ်တော့မှ လူသိလာတယ်၊ အဲဒါမျိုး ဆိုလိုတာပါ၊ ပရိသတ်က အဟောင်း သိပြီးသားသီချင်းကိုဘဲ တောင်းဆို နားဆင်လိုကြတာဟာ ကိုယ်တိုင် တိုက်ရိုက်ဆိုတဲ့အသံနဲ့ စက်ထဲက ထွက်တဲ့အသံ ဘာကွာ သလဲ ဆိုတာ သိချင်လို့များလား မသိပါဘူးရှင်၊ စင်တင်ပွဲမှာက ကိုယ့်အလှည့်နဲ့ ကိုယ်ရတဲ့အချိန်လေးမှာ သီချင်းသုံးလေးပုဒ် လောက်ပဲ ဆိုပြခွင့်ရှိတယ် မို့လား၊ အလွမ်းသီချင်း မာအေးဟာတွေက စာကောင်းကောင်းလှလှနဲ့ ရှည်ရှည်တွေဆိုတော့ များများမဆိုပြနိုင်ဘူး၊ သီချင်းတွေရှည်တာကို နှစ်ခေါက်ဆိုဖြစ်နေရတာကလဲ ဆိုနည်းဆိုဟန် အသက်သွင်းပြဖို့ လိုလို့ပါရှင်၊

မာအေးက စင်ပေါ်မှာ အလွမ်းသီချင်းကို ရသအပြည့်နဲ့ ဆိုပြပြီးပြီဆိုရင် ပရိတ်သတ်တွေကို အမြဲဘဲ အပြုံးနဲ့ဦးညွှတ် နှုတ်ဆက်ခဲ့ပါတယ်၊ သူတို့ကို အလွမ်းတွေ ခံစားရအောင် အသံနဲ့ ညှို့ငင်ထားတာကို ဖြေပေးတဲ့သဘောပါ၊ ပြီးတော့ မာအေး တကယ်ငိုတာ မဟုတ်ဖူးနော်လို့ မပြောဘဲ သိနိုင်အောင်လို့ပါ၊ မာအေးလို့ခေါ်တဲ့ သီချင်းသည်မကလေးမှာလဲ ဘ၀ဆိုတာ ရှိနေတာဘဲလေ၊ သူများတွေဆိုတဲ့သီချင်းတချို့ကိုလည်း ကိုယ်ခံစားရတာမျိုးနဲ့ တူလို့ ပြန်ယူဆိုဖြစ်တာတွေလဲ ရှိပါတယ်၊ ဒါတွေ နောက်များမှပေါ့နော၊ ခုဟာက အေ၀မ်းခင်မောင်တီးဝိုင်းက အလွမ်းရုပ်ဆင်ပေးတဲ့ သီချင်းပိုဒ်တွေအကြောင်း ပြောတာဘဲ ရှိသေးလို့ပါ။

မာအေးတို့ ဂီတလောကမှာ အလင်္ကါကျော်စွာ ရွှေပြည်အေးဟာ အသံရိုးလှတဲ့ မဟာဂီတ စန္ဒရားလက်ကျတွေကို ဆန်းကျယ်လှပအောင် တီထွင်တီးခတ်ခဲ့တဲ့ ပညာရှင်ဖြစ်ပါတယ်လို့ စံပြုထားကြပါတယ်၊ ခေတ်ဟောင်းက အဆိုတော်ကြီး မအေးမိရဲ့ဓါတ်ပြား “ပန်းမြိုင်လယ်” ယိုးဒယားနှစ်ချပ်တွဲမှာ နမူနာ နားဆင်ကြည့်နိုင်ပါသေးတယ်ရှင်၊ အဲဒီလိုစံပြုခံထားရတဲ့ စန္ဒရား ဆရာကြီး ရွှေပြည်အေးဟာ စစ်ပြေးရင်း ဖခင်ဆုံးရှုံးခဲ့ရတဲ့ အဆိုတော် ရုပ်ရှင်မင်းသမီးကြီး မေရှင်က စစ်သားတွေ စစ်မတိုက်ချင်အောင် သီချင်းတပုဒ်လောက် ဆိုပါရစေလို့ ပူဆာ တောင်းဆိုတဲ့အတွက် ဂန္တ၀င်သီချင်း “ကျေးစေတမာန်”ကို ရေးပေးရုံမက ဓါတ်ပြားသွင်းတဲ့အခါကျတော့လဲ သူ့လိုဘဲ စန္ဒရားစံထားရမယ့်သူ အေ၀မ်းခင်မောင်ကို ခေါ်ယူ တီးခတ်စေခဲ့တဲ့ အတွက် လက်ကွက်သံဆန်း စမ်းကြတဲ့ တူရိယာရှင်တိုင်း စံနှိုင်းဘွယ်ရာ ဖြစ်လာပါတော့တယ်၊ သောတရှင်တို့လည်း အေ၀မ်း ခင်မောင်လက်သံ စံတို့ရဲ့စံကို နာခံကြည့်ပါဦး။

*(အေ၀မ်းခင်မောင်လက်သံ ကျေးစေတမာန် * မေရှင်)
(ဖော်ရွေ၊ ပျော်နေ၊ မေချစ်သူတပါးပေမို့ ခွင့်လွှတ်ကာထား မတားသင့်ပေ)၂ xx ချစ်အားတွေ အလွန်မြူးသော်လဲ ကြည်နူးခွန်းချိုမြူသံ၊ ပြောရန်ခက်သေး မယ့်ကြင်သူလေးရယ်က အဝေးနှင်လို့နေ၊ ချစ်ရေး စစ်သွေး ဆူကာဝေ xxxx


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts