>Tu Maung Nyo – Party Registration or Changing Constitution

>

နိုင်ငံရေးပါတီ မှတ်ပုံတင်ရေးလား- ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလား
တူမောင်ညို
အောက်တိုဘာ ၂၉၊ ၂၀၁၁
အောက်တိုဘာလ (၂၀) ရက်နေ့တွင်  အမျိုးသားလွှတ်တော်က အတည်ပြုချက်ဖြင့် ပေးပို့သော“နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း” ကို ဥပဒေကြမ်းကော်မတီ၏အစီရင်ခံစာတွင်ပြင်ဆင်ချက် မရှိသကဲ့သို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များကလည်း သတ်မှတ်ထားသည့်အောက်တိုဘာ (၂၆) ရက်အထိ ပြင်ဆင်ချက်တစ်စုံတစ်ရာတင်သွင်းခြင်းမရှိသည့် အတွက်ယင်းဥပဒေကြမ်းကိုအမျိုးသားလွှတ်တော်က အတည်ပြုထားသည့်အတိုင်း ပြည်သူ့လွှတ်တော်ကသဘောတူကြောင်းဆုံးဖြတ်”တယ်ဆိုတာကို ဖတ်ရပါတယ်။
          မကြာခင် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ” ပေါ်ထွက်လာပါတော့မယ်။
          ပေါ်ထွက်လာတဲ့ ပြင်ဆင်ထားပြီးဖြစ်တဲ့ “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ”နဲ့အညီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံတင်မှာလား။
          ဒီမေးခွန်းရဲ့အဖြေကို စက်တင်ဘာလ ၃၀ ရက်နေ့စိမ်းလဲ့ကန်သာတွေ့ဆုံပွဲ အပြီး သတင်းထောက်များနဲ့တွေ့ဆုံမေးမြန်းကြ ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားခဲ့ပါတယ်။
“NLD အရတော့၊ ကျွန်မက NLD အတွက်၊ အားလုံးအတွက်ပြောပေးလို့မရဘူးလေ။ CEC ကို ပထမတင် ပြရဦးမှာပါ။ CEC ကိုတင်ပြပြီးမှ ကျွန်မတို့ ဘယ်လိုဖြေမလဲဆိုတာပြောနိုင်မှာဖြစ်ပါတယ်”
CEC အစည်းအဝေးနဲ့မရဘူး၊ အဖွဲ့ချုပ်ဗဟိုကော်မတီအစည်းအဝေး သို့မဟုတ် အထူးအစည်းဝေးထိုင်ပြီးဆုံးဖြတ်ရမယ်ဆိုတဲ့ အသံလည်းကြားနေရပါတယ်။
ဘာပဲဖြစ်ဖြစ် မကြာခင်ပေါ်ထွက်လာမယ့်“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေ” နဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဘက်က သဘောထားကိုသိကြရပါလိမ့်မယ်။
ထို့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို“ထိန်းသိမ်း စောင့်ရှောက်ရမည်” ဆိုတဲ့ စကားရပ် အစား “လေးစား လိုက်နာရမည်” လို့  ပြင်ဆင်လိုက်ရုံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ကို လက်ခံနိုင်ပါပြီလား။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို “ထိန်းသိမ်းစောင့်ရှောက်ရမည်” ဟူသော စကားရပ် အစား “လေးစား လိုက်နာရမည်” ဟုလည်း ပြင်ဆင်လိုက်ရုံနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လက်ခံလို့ရမလား။
 ဥပဒေ ဆိုတာ အခြေခံအားဖြင့်ပြောရရင် ဘာလုပ်ရမယ်/ ဘာမလုပ်ရဘူးလို့ပဲ ရေးရိုးရေးစဉ်ရှိတယ်။ လုပ်ရမယ်ဆိုတာကို မလုပ်ရင်သို့တည်းမဟုတ် မလုပ်ရဘူး ဆိုတာကို(ကန့်သတ်တားမြစ်ထားတာကို)  လုပ်ရင် ဥပဒေကိုချိုးဖောက်တာပဲ။ အခုပြင်လိုက် တာက လေးစား+လိုက်နာရမည် လို့ပြင်တာပါလို့ဆိုပါတယ်။
 “လေးစားလိုက်နာပါမယ်လို့ ဝန်ခံလက်မှတ်ထိုးတယ်” ဆိုတာဟာ“ ဆန့်ကျင်ချိုးဖောက်ခြင်းမပြုပါဘူး၊ ကျေနပ်စွာ လက်ခံပါ တယ်” လို့ ပြောဆို၊ကတိပေးတာနဲ့အတူတူပဲဖြစ်ပါတယ်။
 ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ သက်ဆိုင်ရာတိုင်းပြည်တစ်ခုမှာရှိတဲ့တည်ဆဲဥပဒေအားလုံးရဲ့ အခြေခံဥပဒေပင်မဥပဒေ မဟုတ်ပါလား။ အခုပြင်ဆင်လိုက်တာ အခြေခံဥပဒေကိုပြင်ဆင်တာမဟုတ်ပါဘူး။
 ရွှေဂုံတိုင်ကြေညာစာတမ်းပါသဘောထားအတိုင်း သို့တည်းမဟုတ်အစဉ်အလာအတိုင်းရှိတဲ့ ဒီမိုကရေစီစံနှုန်းတွေအရဆိုရင် တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဘက်က အလွယ်တကူလက်ခံဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။
၂၀၁၀ မတ်လ ၂၉ ရက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုဦးစီးအဖွဲ့ အထူးအစည်းဝေးသို့ ဒေါ်အောင်ဆန်းစုကြည်မှာ ကြားတဲ့အချက် ၆  ချက်အနက် အချက်အမှတ် (၁) (၂) (၃) ဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။
      ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
      တရားမျှတမှုမရှိ၊တစ်ဖက်သတ်ရေးဆွဲထားသည့်ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ၊ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ
      အဖွဲ့ချုပ်သည်ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ဆိုတာ ရေးဆွဲပုံရေးဆွဲနည်း(အမျိုးသားညီလာခံကျင်းပပုံ)အစ  အတည်ပြုပုံ၊အတည်ပြုနည်း အဆုံး အားလုံးကို (နအဖ) စစ်အုပ်စုက စိတ်ကြိုက်ချမှတ်ရေးဆွဲအတည်ပြုခဲ့တာပါ။
အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) အရလက်တွေ့ပေါ်ထွက်လာတဲ့(အုပ်ချုပ်ရေး/ ဥပဒေပြုရေး/ တရားစီရင်ရေး ) ဆိုတဲ့ မဏ္ဍိုင် ၃ ရပ်စလုံးကို ကြည့်လိုက်ပြန်တော့လည်းယခင်စစ်အုပ်စုကထိပ်သီး(ဟောင်း)တွေကသာ အာဏာရဲ့သော့ချက်အကျဆုံး နေရာ တွေကို ချုပ်ကိုင်ထားတာကိုတွေ့ရမယ်။
အမြင်သာဆုံးနဲ့အထင်ရှားဆုံး ကတော့
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(အကလ)ဖြစ်ပါတယ်။
ဒါဟာ သော့ချက် အာဏာကိုင်ထားသူတွေရဲ့အာဏာပိုင်ကောင်စီဖြစ်ပါတယ်။ယခင်က (နအဖ) စစ်ကောင်စီ၊ ယခု (အကလ)ကောင်စီ။
 ဒီကောင်စီထဲမှာ အဆုံးအဖြတ်အကျဆုံးအာဏာဘယ်သူ့ဆီမှာလဲ၊ လက်တွေ့ကြုံတွေ့ခဲ့ရတဲ့ သာဓကတွေ အရတော့ စစ်တပ် ကိုင်ထားသူသာလျှင်အခရာပါ၊ လောလောဆယ်အနေအထားအရဗိုလ်မင်းအောင်လှိုင် ဟာ အခရာမကျပါဘူး၊ ဗိုလ်မင်းအောင်လှိုင်ကို ကိုင်တွယ်ထားသူကသာ အခရာကျပါလိမ့်မယ်။ဗိုလ်မင်းအောင်လှိုင်ကို ဘယ်သူကကိုင်တွယ်နေသလဲ၊ ဘယ်သူက အမိန့်ပေး၊ ညွန်ကြား နေသလဲ၊  ကန့်လန့်ကာနောက်ကွယ်က ဗိုလ်ချုပ်မှူးကြီးတွေလား၊ဦးသိန်းစိန်နဲ့ ဦးတင်အောင်မြင့်ဦးလား၊  လွှတ်တော်ဥက္ကဋ္ဌ နှစ် ယောက် လား။
(အကလ) ကောင်စီဝင် ၁၁ ဦးထဲမှာ  ဒေါက်တာစိုင်းမောက်ခမ်းကလွဲရင် ကျန် ၁၀ ယောက်ဟာ စစ်တပ်ကလူတွေချည်းဖြစ်နေတာကလည်း တိုက်ဆိုင်မှု မဟုတ်ပါ။
(အကလ) ကောင်စီဝင် ၁၁ ဦး ထဲမှာလက်ရှိစစ်တပ်ရာထူးရယူထားတဲ့ ဗိုလ်ချုပ်ကြီးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး (၅) ဦးရှိပါတယ်။ဒါ့အပြင်ဒုတိယသမ္မတ ၂ ဦးအနက်တစ်ဦး (ဦးတင်အောင်မြင့်ဦး) ကလည်း ကာကွယ်ရေးဦးစီးချုပ်ကခန့်အပ်ထားတဲ့“စစ်သားကိုယ်စားလှယ်” များက ရွေးချယ်ထားသူဖြစ်ပါတယ်။
  စိမ်းလဲ့ကန်သာတွေ့ဆုံပွဲ၊ဧရာဝတီမြစ်ဆုံဆုံးဖြတ်ချက်၊ အကျဉ်းသားလွှတ်ရေး/မလွှတ်ရေး၊ ဥပဒေပြင်ရေး/မပြင်ရေး စတဲ့အရာအားလုံးဟာ(အကလ)ကောင်စီကနေ စီးဆင်းလာနေတာဖြစ်တယ်။ ဒါကိုမကြည့်ဘဲ သမ္မတဦးသိန်းစိန်ကစိတ်ကောင်း၊စေတနာ ရှိတယ်ဆိုတာလောက်သာ ကွက်ပြီးပြောနေကြတော့လည်းခက်တယ်ဗျာ။
(၂၈/၂၀၁၁)  နဲ့ (၄၉/၂၀၁၁) “လွတ်ငြိမ်းချမ်းသာခွင့်”၂ ကြိမ်ပေးခဲ့တာကလည်း(အကလ) ကောင်စီရဲ့သဘောတူညီချက်နဲ့ အညီပေးခဲ့တာပါ။ ဦးသိန်းစိန် သဘောဆန္ဒတစ်ခုတည်းနဲ့မဟုတ်ပါဘူး။
လွှတ်ပေးလိုက်တဲ့ အကျဉ်းသားသောင်းပြောင်းတွေထဲမှာ“နိုင်ငံရေးအကျဉ်းသား” အရေအတွက် မဖြစ်စလောက်သာပါတာ ကတော့ သမ္မတနဲ့( အကလ)ကောင်စီ ရဲ့သဘောထားဖေါ်ပြချက်ပဲဖြစ်ပါတယ်။
ချုပ်ပြီးပြောရမယ်ဆိုရင် လက်ရှိအစိုးရလုပ်နေပုံတွေကဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လက်ခံလာအောင် တန်းတူရည် ညှိနှိုင်းဆွေးနွေးရမယ့်အစားဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဘောင်ထဲ မဝင်ဝင်အောင် ဇွတ်အတင်းထိုးသွင်းနေသလိုဖြစ်နေပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကိုလက်မခံနိုင်ကြသေးသူတွေဘက်ကပြောရရင် “ထိန်းသိမ်းစောင့်ရှောက်ရမည်” ဆိုတဲ့ စကားရပ်ကို “လေးစားလိုက်နာရမည်” ဆိုတဲ့စကားရပ်နဲ့အစားထိုးပြင်ဆင်လိုက်တာဟာ သာမန်ကိစ္စ၊ အပေါ်ယံကိစ္စလေး မျှသာဖြစ်ပါ တယ်။
တကယ့်ဖြေရှင်းရမယ့်ပြဿနာက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ထဲမှာပါရှိနေတဲ့စစ်အာဏာရှင်စနစ်အတွက် အကာအကွယ် ပေးထားတဲ့ ၊  တစ်ဘက်သတ်အသာစီးယူထားတဲ့၊ ဒီမိုကရေစီနည်းလမ်းမကျတဲ့အချက်တွေကို ပြင်ဆင်ရေး ဖြစ်ပါတယ်။
အာဏာရှင်(လူပုဂ္ဂိုလ်) ကို (လစ်ဗျားအာဏာရှင်ဗိုလ်မှူးကြီးကဒါဖီကိုအဆုံးစီရင်လိုက်သလို) ချေမှုန်းလိုက်ရုံ သို့တည်းမဟုတ် အာဏာရှင်ဟာ (သူ့သဘောနဲ့သူ)ကန့်လန့်ကာနောက်ဝင်သွားရုံနဲ့ စစ်အာဏာရှင်စနစ်ဟာ နိဂုံးချုပ်သွားပြီလို့ သုံးသပ်ပြောဆိုလို့မရနိုင် ပါဘူး။ အာဏာရှင်စနစ်ကို ခုတ်မောင်းလည်ပတ်စေခဲ့တဲ့ အာဏာရှင်စနစ်ယန္တယားကြီးကိုပါတစ်စမကျန် ဖျက်သိမ်းဖယ်ရှားပစ်နိုင်မှသာလျှင် ဒီမိုကရေစီစနစ် အတွက် ခိုင်မာတဲ့ အာမခံချက်ရှိနိုင်မှာပါ။ရှင်သန်အမြစ်တွယ်နိုင်မှာဖြစ်ပါတယ်။
သတိပြုရမှာက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ကို (နအဖ) စစ်အစိုးရက စိတ်ကြိုက်ရေးဆွဲ အတည်ပြုခဲ့တာဖြစ်တယ်။
(နအဖ) စစ်အစိုးရက “အမွေခံကောင်းတွေပေးထားခဲ့ပြီဖြစ်ပါတယ်” လို့လည်း သမ္မတဦးသိန်းစိန်က သူ့ရဲ့ ပထမဆုံး မိန့်ခွန်း မှာထည့်သွင်းပြောကြားထားခဲ့တယ်မဟုတ်လား။
မကြာခင်ပေါ်ထွက်လာမယ့် “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေ” အပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဘယ်လိုတုန့်ပြန်မလဲ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts