>Political Prisoners issue their opinion on Burma
>
နိုင်ငံရေးအကျဉ်းသားများအကြံပြုဆွေးနွေးချက်
နိုင်ငံရေးအကျဉ်းသားများ(နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် မှတဆင့်)
မိုးမခမှ ထပ်ဆင့်တင်ဆက်သည်၊ အောက်တိုဘာ ၂၉၊ ၂၀၁၁
အကျဉ်းထောင်များတွက် မတရားချုပ်နှောင်ခံနေရဆဲဖြစ်သောနိုင်ငံရေးအကျဉ်းသားများ၏ လက်ရှိမြန်မာနိုင်ငံရေးအခြေအနေပေါ်အကြံပြုဆွေးနွေးချက်ကို အများပြည်သူတို့ လေ့လာ သိရှိနိုင်ရန် တင်ဆက်လိုက်ပါသည်။ပေးစာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
“သတ္တ၀ါအပေါင်းသည် ကံစီမံသမျှ နာခံကြရ၏
သို့ သော်…….ကိုယ်ဘ၀ကို ဖျက်ဆီးသည်မှာ
ကိုယ်သာလျှင် ဖြစ်၏”
 (ဒဗလူအိပ်ခ်ျအော်ဒင်)
ကျွန်တော်တို့လက်ရှိနိုင်ငံရေး အခြေအနေများကို အသေအချာလေ့လာသုံးသပ်ဆင်ခြင်ရမည့်အခြေအနေများကိုတွေ့  မြင်နေရပါသည်။ လက်ရှိနိုငံရေးပါတီများဟာ စစ်အစိုးရကပြုလုပ်ပေးခဲ့သောနိုင်ငံရေးထောင်ချောက်ထဲမှာ ရောက်ရှိနေတာ ကိုတွေ့ မြင်နေရပါတယ်။ ရွေးကောက်ပွဲဝင်ခဲ့ကြသောပါတီပေါင်း၃၇ ခု မှတ်ပုံတင်ခဲ့ကြတယ်။ ဗမာပါတီ ၁၅ ခု ရွေးကောက်ပွဲ ၀င်ခဲ့ကြတယ်။ တိုင်းရင်းသားပါတီ၂၂ ခု ရွေးကောက်ပွဲဝင်ခဲ့ကြတယ်။
 ဒီနေရာမှာပြောစရာရှိတာက ဗမာပါတီများအချို့ ကနိုင်ငံရေးစင်မြင့်တစ်ခုရတယ်။ ပလက်ဖောင်းတစ်ခုကို အသုံးပြုရမယ်။ လွတ်တော်ထဲမှာပြောခွင့်ရမယ်ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ ရွေးကောက်ပွဲ ၀င်ခဲ့ကြတယ်။ သို့ သော်တကယ့်လက်တွေ့မှာ မှန်းချက်နှင်နှမ်းထွက် မကိုက်ခဲ့တာတွေ့ ခဲ့ရပါသည်။ စစ်အစိုးရရဲ့ ဝါဒဖြန့်လှည့်ကွက်ထဲမှာ ရောက်ရှိသွားတယ်လို့ တွေ့ ရ မှာပါ။
ဘာကြောင့်လဲဆိုတော့နိုင်ငံတကာ အဖွဲ့ အစည်း တွေနဲ့  တွေ့ ဆုံသမျှမှာ စစ်အစိုးရကပြောခွင့်ရသူတွေကတိုင်းရင်းသားပေါင်းစုံ (ပါတီများ) ပါဝင်သလိုNLD မှခွဲထွက်လာ သော NDF ပါတီရွေးကောက်ပွဲဝင်ကြောင်း ပြောဆိုခဲ့တာတွေ့ရမှာပါ။ ထိုအချက်အပြင် ရွေးကောက်ပွဲမှာမသမာပြုလုပ်ခဲ့    တာကို ခေါင်းငုံ့ခံခဲ့ကြရတာ။ မတရားတဲ့ ရွေးကောက်ပွဲကော်မရှင် ဥပဒေတွေ ပြဌာန်းတာကို မကန့် ကွက်နိုင်ခဲ့ကြပါဘူး။စစ်အစိုး ရက တဘက်သက်ပြုလုပ်ခဲ့တာတွေက အမြောက်အများပါပဲ။ ဥပမာ –
(၁)၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံ တဘက်သတ်ရေးဆွဲခြင်း
(၂)မြန်မာပြည်ရဲ့ကြေကွဲစရာအဖြစ်ဆိုးကြီး နာဂစ်မုန်တိုင်းကြီးဖြစ်ပေါ်ခဲ့ချိန်မှာလစ်လျူရှုထားပြီး၊၂၀၀၈ ဖွဲ့ စည်းပုံကိုထောက် ခံရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ခြင်း။
(၃)တဘက်သတ် ရေးဆွဲ ထားသော ရွေးကောက်ပွဲ ဥပဒေများကို ထုတ်ပြန်ခြင်း။
(၄)၂၀၁၀ ရွေးကောက်ပွဲပြုလုပ်ရာတွင် ဂီရိမုန်တိုင်းခံစားရသောဒေသတွေမှာရွေးကောက်ပွဲပြုလုပ်ရန်ရက်ရွှေ့ ဆိုင်းဖို့  ရခိုင် တိုင်းရင်းသားများတင်ပြခဲ့သော်လည်း၊၄င်းတို့ ကအတင်းအဓမ္မ နိုဝင်ဘာ ၇ ရက်နေ့ မှာ ဆက်လက်ပြုလုပ်ခဲ့ခြင်း။(ကော်မရှင်ဥပဒေမှာ အခန်း ၃ တာဝန်နှင့်လုပ်ပိုင်ခွင့်များအပိုဒ်(စ) မှာ သဘာဝဘေး အန္တရာယ်ကြောင့်သော်လည်းကောင်း ၊ နယ်မြေ လုံခြုံရေးအခြေအနေရသော်လည်းကောင်း ၊လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒ နယ်များ၏ရွေးကောက်ပွဲများကို ရွှေ့ ဆိုင်းခြင်းနှင့်ပယ်ဖျက်ခြင်း )
(၅)ကော်မရှင် ဥက္ကဌ ခန့် အပ်ရာတွင် ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ ဦးသိန်းစိုးအား ခန့်အပ်ခြင်း (ကော်မ ရှင်ဥပဒေ အခန်း ၂ ဖွဲ့ စည်းခြင်းမှာ ပါဝင်သောအချက်များနှင့်ညီညွတ်ခြင်းမရှိခြင်း) ထိုသို့  တဘက်သတ်လုပ်ဆောင်ချက်များအားပြုလုပ် ခဲ့သော စစ်အစိုးရတစ်ဖြစ်လဲဦးသိန်းစိန် အစိုးရအား မည်သို့  ယုံကြည်ကြမည်နည်း။ ၄င်းတို့ ၏ အတွင်းသရုပ်သဏ္ဍန် ကိုတွေ့ မြင်ကြရမှာပါ။
ကျွန်တော်တို့အား အတိတ်ရော၊ ပစ္စုပ္ပန်မှာပါ အစီစဉ်တကျပြုလုပ်ခဲ့တာတွေ့ ရမှာပါ။
၁၉၉၀ရွေးကောက်ပွဲမတိုင်ခင်မှာ ၁၉၈၉ ဇူလိုင်လမှစပြီး ထင်ရှားတဲ့ကျောင်းသားခေါင်းဆောင်များ၊နိုင်ငံရေးသမားများကို အလုံးအရင်းနဲ့ ဖမ်းဆီးခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ၊ဦးတင်ဦးတို့ ကိုပါတားဆီးခဲ့ကြတယ်။
ဒီလိုပဲ၂၀၀၇ သြဂုတ်လကစပြီး ကျောင်းသားခေါင်းဆောင် များ၊ သံဃာများ၊ နိုင်ငံရေးသမားများအားဖမ်းဆီးခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အားအမေရိကန်နိုင်ငံသား ၀င်ရောက်မှုနှင့် ပတ်သက်ပြီး ၂၀၀၉ခုနှစ်မှာ ထောင်ဒဏ် ၃ နှစ်အပြစ်ပေးခဲ့ပါတယ်။
ရွေးကောက်ပွဲကို၂၀၁၀ နိုဝင်ဘာလမှာ ထင်သလိုလုပ်ခဲ့ပါတယ်။ ရွေးကောက်ဝင်ပါတီများလည်း မိုးဦးကျဖားတွေလိုအပြိုင်အဆိုင်အော်ခဲ့ကြတယ်။ရွေးကောက်ပွဲဝင် ရေး၊ ကြံ့ခိုင်ရေးပါတီအလုံးစုံအနိုင်ရရှိရေးအတွက် ဘက်ပေါင်းစုံ၊နည်းပေါင်းစုံ လုပ်ဆောင်မှုအား မည်သူမှမတားဆီး နိုင်ခဲ့တာဝန်ခံရပါလိမ့်မည်။
နောက်တစ်ခုကနိုင်ငံရေးအကျဉ်းသားများအပေါ်ထားသည့် သဘောထားမှာ အာဃတတရား ကြီးမားလွန်းတာပါပဲ။တရားဥဒေစိုးမိုးမှုမရှိခြင်း ၊ ပြစ်မှုပြစ်ဒဏ်မမျှတခြင်း၊ လျှော့ရက်များမပေးခြင်း၊ထောင်ဒဏ်နှစ်ရှည်များ ချမှတ်ခြင်း၊ ဝေးလံသောထောင်များကိုပို့  ဆောင်ခြင်း၊ ကျန်းမာရေးပြည့်ဝစွာစောင့်ရှောက်မှုမရခြင်း၊ နိုင်ငံရေးအကျဉ်းသား သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများအားဝေးလံသည့်ထောင်များပို့ဆောင်ခြင်း၊
(ဥပမာ-ဗိုလ်ချုပ်ဆေးထင်အား ခန္တီး ထောင်မှ ဆေးကုရန်တင်ပြချက်အား လှစ်လျူရှု၍ စစ်တွေထောင်သို့ရွှေ့ ပြောင်းခြင်း၊ ပြစ်ဒဏ် ၁နှစ်၂နှစ် ကျသူမိန်း ကလေး များအား ပူတာအို၊ဗန်းမော်၊ ကသာကဲ့သို့ ထောင်များအားပို့ ဆောင်ခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုများနှင့်ရွှေဝါရောင်တော်လှန် ရေးတွင်ပါဝင်သော တချို့ ရဟန်းများအား ပုဒ်မ ၂၉၅ နှင့် ထောင်ချ၍ရဲဘက်စခန်းများတွင် အလုပ်ကြမ်းခိုင်းစေခြင်း၊ သေဆုံးမှုများပင်ရှိခြင်း)၊
စစ်အစိုးရလက်ထက်ရော၊ယခု အရပ်သားအမည်ခံအစိုးရရော လုပ်ဆောင်နေခြင်း ၊ အရပ်သားအစိုးရ ဟုဆိုနေသည့်လက်ထက်တွင်ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား အီလက်ထရွန်နစ် ပုဒ်မ နှင့် ၁၀နှစ်ချခဲ့ခြင်း၊ DVBသတင်း ထောက်  စည်သူဇေယျ လွတ်မြောက်ရေးအားနိုင်ငံတကာ သံရုံးများရှေ့ တောင်းဆိုအပြီး နောက်ထပ်အီလက်ထရွန်နစ်နှင့်၁၀နှစ်ထပ်တိုးခြင်း၊ ပြည်မြို့မှနိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး၊ဗီနိုင်းကပ်မှုဆိုပြီး GTC ကျောင်းသား၂ ဦးအားဖမ်းဆီး အရေးယူမှု၊ ဒါတွေကြည့်ခြင်းအားဖြင့်ယခုအစိုးရသည် ကျွှန်တော်တို့ အပေါ်မှာ မလွဲသာလို့   မဖြစ်သာလို့  လိုက်လျောပေး နိုင်ဖို့ ရှိပေမယ့်၊ကျွန်တော်တို့ ကို စိတ်ထဲမှာ နှစ်မြို့ ခြင်းမရှိကြောင်းဖြစ်စဉ်များကိုလေ့လာကြည့်ခြင်းအားဖြင့် တွေ့ ရမှာပါ။
     အစိုးရသစ်ရဲ့  လုပ်ရပ်တွေဟာ အပေါ်ယံလား၊အတွင်းအနှစ်သာရရှိပါသလားဆိုတာ နိုင်ငံရေးသမားမျက်စိနဲ့  ရှုမြင်ဖို့ လို အပ်ပါတယ်။ဦးသိန်းစိန်ဟာ အင်ဒိုနီးရှားကပြန်လာပြီးမှာ မြန်မာနိုင်ငံရေးဟာလှုပ်ခတ်မှုရှိခဲ့တာတွေ့ ရမှာပါ။ ၂၀၁၄ အာဆီ ယံအလှည့်ကျ ဥက္ကဌ ဖြစ်ရေးကိစ္စပါ။
ဒီနေရာမှာလည်း၂ ဖက်ပေါ်လစီနဲ့  လုပ်နေတာတွေ့ ရလို့ ပါပဲ။ အတိတ်ကိုပြန်ကြည့်  ရင်
၁၉၉၅ခုဇူလှိုင် ၁၀ ရက် ဒေါ်အောင် ဆန်းစုကြည်အား အကျယ်ချုပ်ကပြန်လွတ်ပေးခြင်း ၊
၁၉၉၅ခုနိုဝင်ဘာလမှာ ဦးသန်းရွှေအား ဘန်ကောက် အာဆီယံထိပ်သီးမှာ လေ့လာသူအဖြစ်တက်ရောက်ခွင့်ရခြင်း၊ မြန်မာအာဆီယံအဖွဲ့  ၀င်အဖြစ် လက်ခံရေးဆွေးနွေးလာခြင်း ၊
၁၉၉၇ခုအာဆီယံဆွေးနွေးပွဲမှာ မြန်မာအားအဖွဲ့ ဝင်အဖြစ်လက်ခံခြင်း၊ န၀တ မှ နအဖအမည်ပြောင်းခြင်း၊
၂၀၀၀ခုနှစ် ကုလသမဂ္ဂ မြန်မာ့အရေး အထူးကိုယ်စားလှယ် ရာဇာလီအစ္စမေး လာပြီး ၂ ဖက်တွေ့  ဆုံမှုစတင်ခြင်း၊
၂၀၀၂ခုမှာသမိုင်းစာမျက်နှာသစ် စတင်ခြင်း စသည်ဖြင့် ဦးသန်းရွှေ၊ ဦးမောင်အေး၊ ဦးခင်ညွန့် တို့နှင့် ဦးအောင်ရွှေ ၊ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့  ဆုံခြင်း ပြုလုပ်ခဲ့တာ တွေ့ရမှာဖြစ်သလို
နိုင်ငံရေးအကျဉ်းသားတချို့  ၂၀၀၂ ခု နိုဝင်ဘာလ မှာ ၄၀၁(က)နဲ့  ပြန်လွှတ်ပေးပြီး ၊ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အထူးဧည့်သည်တော်အဖြစ် ၄င်းတို့ ၏စီမံကိန်းများလိုက်လံပြ သခြင်းများပြုလုပ်လာပါတယ်။
နောက်၂၀၀၃ခု မေ ၃၀ မှာတော့ ဒီပဲယင်းဖြစ်စဉ်နဲ့ နိဂုံး ချုပ်ခဲ့ရသည်။
ယခုတဖန်ဦးသိန်းစိနှ် လည်း ပြည်ပမှလူများပြန်လာရန် ပြောဆိုခြင်း၊ နိုင်ငံရေးအကျဉ်းသားကိစ္စအားပြောဆိုမှုမရှိခြင်း ၊ ၂၀၁၁ ဂျူလိုင်လ ၂၅ ရက်နေ့  ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခြင်း၊ ၂၀၁၁ သြဂုတ်လ ၁၂ ရက်မှာ ဒုတိယအကြိမ်တွေ့ ဆုံခြင်း ၊ ၂၀၁၁  သြဂုတ်လ ၁၉ ရက်မှာ ဦးသိန်းစိန် နှင့်ဒေါ်အောင်ဆန်းစုကြည် တွေ့  ဆုံခြင်း ၊ စီးပွားရေးဆွေးနွေးပွဲကိုဖိတ်ခြင်း၊ လူ့အခွင့်အရေး စုံစမ်းရေးမှူးကိုပေးဝင်ခြင်း၊မစ္စတာ ကန်တားနားနှင့် ဒေါ်အောင် ဆန်းစုကြည်တွေ့ဆုံခွင့်ပေးခြင်း၊ အမေရိကန်အထက်လွတ်တော်အမတ်ဂျွန်မက်ကိန်းအား လာခွင့်ပြုခြင်း၊ အမေရိကန်အ ထူးကိုယ်စားလှယ် ဒဲရစ်မစ်ချွဲယ်နှင့်ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံခွင့်ပြုခြင်း တို့ ကို တဖက်မှ ပြုလုပ်လာသလို
တစ်ဖက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ငြိမ်းချမ်းရေး အိတ်ဖွင့်ပေးစာ၊ ဧရာဝတီကြေညာချက်တို့ အားလစ်လျူရှုခြင်း၊ဒေါ်အောင်ဆန်း စုကြည်၏အသံအား ဂျာနယ်များတွင် အကန့်အသတ်ဖြင့်သာဖေါ်ပြခွင့်ပြုခြင်း စတာတွေကိုတွေ့ မြင်ရမှာပါ။
နောက်တစ်ခုကတူရာတွဲလုပ်မည်ဆိုရာဝယ်၊ ဘာတွေလဲ၊ အခမ်းအနားဖိတ်ကြားခြင်းတွေ၊ လူမှုရေးမှာ ပေါင်းစည်းလုပ်ခြင်းသက်သက်သာတွေ့ရပြီး နိုင်ငံရေးသဘောတူညီချက်ဘာမှမပါတာကိုတွေ့  မြင်ရမှာပါ။
အဓိကပြသနာ၃ရပ်ရှိသည်ဟုမြင်ပါသည်။၂၀၀၈ ဖွဲ့  စည်းပုံကိစ္စ ၊ ပါတီရပ်တည်ရေးကိစ္စ၊ တိုင်းရင်းသားကိစ္စ၊နိုင်ငံရေးအကျဉ်းသားကိစ္စ  ဒါတွေဟာ၎င်းတို့နှင့် မတူတဲ့အချက် တွေမဟုတ်လား။ ကျွန်တော်တို့ ဟာ စိတ်ရှည်ရှည်ဘယ်လောက်စောင့်ကြရမှာလဲမေးစရာပါ။ ကျွန်တော်တို့  အမြင်မှားတာ လည်း ဖြစ်ချင်ဖြစ်မှာပါ။ကျွန်တော်တို့  မေးချင်ပါသည်။
မစ္စတာဘန်ကီမွန်းက မြန်မာအရေးနှင့်ပတ်သက်လို့  ကျွန်တော်တို့  စောင့်ကြည့်နေပါသည်၊စိုးရိမ်မိပါသည်၊ အပြုသဘောဆောင်၍ ကြိုဆိုပါသည်၊ ဒီလိုစကားလုံးသုံးခဲ့တာကိုတွေ့ရမှာပါ။ ဒီလိုပဲ ကျွန်တော်တို့ပြည်တွင်းမှတချို့ကဘာနိုင်ငံရေးတစ်ခုမှမလုပ်ခဲ့ဘူးပဲခါတော်မှီဝင်ပြီးပါလီမန်အမတ်တက်ဖြစ်သူတွေ၊ မိမိသိက္ခာကိုမျှ အနည်းငယ်ငဲ့ကွက်ခြင်းမရှိဘဲ ကိုယ်ကျိုးအတွက်ခုစာကလေးကြော် ခှုဆီထမင်းပြောင်း တတ်ကြတဲ့ ခါတော်မှီ ပုပ်သင်ညိုတွေ ၊ ပြည်ပမှအချို့အတိုက်အခံ နိုင်ငံရေးသမားတွေက အများရော ယောင်ပြီး အပြောင်အလဲတွေတွေ့  နေရပြီလို့ ပြောနေကြသူတွေကို ပြောချင်ပါသည်။
ခုဘာတွေများပြောင်းနေပါသလဲ။ ကြည့်ကြရအောင်ပါ။
လက်ရှိတိုင်းရင်းသားဒေသတွေမှာ အတင်းအဓမ္မ ပေါ်တာဆွဲမှု၊ ကျေးရွာ များပြောင်းရွှေ့ ခိုင်းခြင်း ၊ မီးရှို့ခြင်း ၊ လယ်သမားများ ရဲ့လယ်မြေများကို စစ်တပ်၊ ကုမ္မဏီကြီးများက အတင်းအဓမ္မသိမ်းယူနေမှု ၊ တရားစီရင်ရေးပွင့်လင်း မျှတမှုမရှိခြင်း၊ ဘာသာရေးလွတ်လပ်မှုမရှိခြင်း၊ မြန်မာနိုင်ငံသားဖြစ်ပြီး တစ်ပြည်နယ်မှတစ်ပြည်နယ် လွတ်လပ်စွာ သွားလာခွင့်မရှိခြင်း၊ ပြည်သူများဆီမှ အခွန်အတုတ်များမတရားကောက်ခံခြင်း၊ လူမှောင်ခိုကူးမှုအားထိရောက်စွာ နှိမ်နှင်းနိုင်ခြင်းမရှိခြင်း၊ လူသား မျိုးနွယ်များကိုပျက်သုန်းစေသောဘိန်းဖြူ ၊ စိတ်ကြွဆေးများကို တားဆီးနိုင်ခြင်းမရှိခြင်း ၊ကလေးစစ်သားစုဆောင်းမှုများ ရပ်တန့် ခြင်းမရှိခြင်း ၊ ဆင်းရဲမွဲတေမှုကိုမတိုက်ဖျက်နိုင်ဘဲ ၄င်းတို့ ချမ်းသာမှုများကို ဖုံးကွယ်ထားပြီးပြည်သူလုပ်ငန်း ရှင်များထံမှ ငွေများကောက်ခံ၍ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရန်ကြိုးစားခြင်း ၊သတင်းလွတ်လပ်ခွင့်မရှိခြင်း၊ အကျင့်ပျက်လာဘ် စားမှုများနေရာအနှံ့ မှာဖြစ်ပေါ်နေခြင်း၊ နိုင်ငံရေးအရ လွတ်လပ်စွာဖော်ထုတ်ခွင့်မရှိခြင်း ၊ ကန့်သတ်ခံရခြင်း၊ လူ့ အခွင့်အ ရေး၊တန်းတူရေး၊ ဒီမိုကရေစီရေး ၊ တောင်းဆိုသူများအားထောင်သွင်းနှစ်ရှည်လများချုပ်နှောင်ထားရှိခြင်း ဒါတွေဟာ ဘာတွေများလဲလို့  မေးချင်ကြောင်း၊ဒေါ်အောင်ဆန်းစုကြည် နှင့် ဓါက်ပုံတွဲရိုက်ယုံနှင့် ပြောင်းလဲပြီလို့မပြောနိုင်ကြောင်း၊
တကယ်ပြောင်းလဲချင်ရင်ပြောင်းလဲလို့ရကြောင်း၊ ဒီလိုအပြုအမူတွေကို အသေအချာဆန်းစစ်ဖို့လိုကြောင်း ၊ အများအော်လို့ လိုက်ပြီးပြောင်းလဲပြီလို့  မအော်သင့်ကြောင်း ၊ ၈၈ တုန်းက အများကဒီမိုကရေစီအော်လို့  လိုက်ပြီး ဘာမှန်းမသိအော်ခဲ့ကြ သူတွေကို အမှတ်ရစေချင်ကြောင်း၊နိုင်ငံရေးဆိုတာ ယိမ်းကနေတာ မဟုတ်ကြောင်း အများသိစေချင်ပါသည်။
မြန်မာပြည်ပြောင်းလဲနေပါပြီပြောနေကြသူများကိုသတိပေးချင်ပါတယ်။
အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံ ကော်မရှင်ဥပဒေ များကို သေချာစွာလေ့လာခဲ့ပါသလား။လွတ်လပ်စွာဖော်ပြခွင့်၊ လွတ်လပ်စွာရေးသားခွင့်ရှိနေပါပြီလား။ နိုင်ငံရေးအကျဉ်း သားများကိုလွတ်လပ်စွာတရားစီရင်မှုရကြပါရဲ့လား။ မြို့နယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို လက်ခံသည်ဖြစ်စေလက်မခံ သည်ဖြစ်စေ အခြေခံဖွဲ့စည်းပုံမှာပါသည့်အတိုင်း ရွေးချယ်နိုင်ကြပါသလား။
အလုပ်သမားတွေရဲ့နစ်နာချက်များကို တင်ပြနိုင် မည့်အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့်ရှိပါသလား။
ကြံ့ခိုင်ရေးပါ တီရဲ့ တစ်ဖက်သတ်လုပ်ဆောင်ချက်များကို တားဆီးကန့်ကွက်နိုင်ပါသလား။
မီးမှန်မှန်မရရှိတာကိုပြောနိုင်ပါ သလား။
လူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်နေတာတွေကို ဘာပြော နိုင်ပါသလဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်၊ ဦးအောင်ကြည် တို့တွေ့ဆုံခဲ့ပါတယ်။ဘာများပြောင်းလဲ လို့သိသာထင် ရှားတဲ့ကိစ္စများကဘာများ လဲ။ အပေါ်ယံလုပ်ဆောင်ချက်တွေလို့မြင်ပါတယ်။
နောက်ထပ်မဖြစ်မနေ ဖိအားများကြောင့် လွှတ် ရမည့်နိုင်ငံရေးအကျဉ်းသားများကိစ္စကို ၎င်းတို့က လုပ်ဆောင်လို့ လွတ်ရမည့်ကိန်းဆိုက်အောင် လွှတ်တော်မှာတခဲနက်ထောက်ခံခိုင်းတာကရော သံသယမရှိကြဘူးလား။
ဒီလိုဖြစ်စဉ်နဲ့ဆန့်ကျင်ဖက်ဖြစ်သွားတဲ့ ထောင်ဥပဒေ များကိစ္စအရေးပေါ် စီမံချက်ဥပဒေများကို ရုပ်သိမ်းပေးရေးကိစ္စတွေမှာ ဘာ့ကြောင့်ကန့်ကွက်ခဲ့ ကြပါသလဲ။
အုပ်ချုပ်ရေးမှူးရွေးချယ်ကိစ္စကရော ဘယ်လိုဖြစ်သွားပါသလဲ။
လွှတ်တော်မှာအဆိုတွေမေးသူတွေကို ပြောင်းလဲပါပြီဆိုပြီးပြောနေသူတွေသေချာလေ့လာ ဖို့လို ပါတယ်။ လွှတ်တော်မှာရောလွတ်လပ်စွာလုပ်နိုင်မှုရှိကြပါ သလား။ ဂျာနယ်များ၊သတင်းစာမှာတောင် လွှတ်တော်မှာ ပြောဆို ချက်များဖော်ပြတာတောင်ကန့် သတ်မှုတွေရှိနေတာတွေ့ရမှာဖြစ်သလို တိုင်းရင်းသားဒေသတွေမှာ တပ်တွေအား လုံးအရင်း ချပြီး တိုင်ရင်းသား လက်နက်ကိုင်တွေကိုဖိအားပေးနေတဲ့ ကိစ္စရပ်တွေကို ရွေးကောက်ပွဲဝင်ပါတီများကဘယ်လောက်များ ပြောနိုင်ကြပါသလဲ။
(၁) နိုင်ငံရေး အကျဉ်းသားများ စွာကိုဆက်လက်၍အကျဉ်းချထားခြင်း။
(၂) ၂၀၀၈ ဖွဲ့ စည်းပုံကို ဒူးထောက်မှာလား။
(၃) ကော်မရှင် ဥပဒေအောက်မှာ ပါတီထောင်ကြမှာလား။
  ဒီလိုနိုင်ငံရေး အခင်းအကျင်းအောက်မှာ မြန်မာပြည်    ဒူးထောက်ကြမှာလား။ ဘယ်လိုလှုပ်ရှားကြမှာလဲ။ ဒါဟာနိုင်ငံရေးပြသနာတွေပါပဲ။ လူ့ အခွင့်အရေးမရှိ ၊ လုပ်ချင်လို့  လုပ်တာမဟုတ်ပါလို့ ပဲမြင်ပါတယ်။သူတို့ ကဒေါ်အောင်ဆန်းစုကြည် နှင့် ဦးသိန်းစိန် ၊ ဦးအောင်ကြည်တို့တွေ့ဆြုံခင်း၊မီဒီ ယာအချို့ကဏ္ဍများလျှော့ချခြင်း၊ ပြည်ပဖိတ်ခေါ်ခြင်း၊ တိုင်းရင်းသားများကိုငြိမ်းချမ်းရေးဖိတ်ခေါ်ခြင်းတွေဟာ အာစီယံအ လှည့်ကျဥက္ကဌဖြစ်ရေးကြိုးပမ်းချက်များဟုမြင်ရပါသည်။ 
ဒါကို သတိကြီးစွာကြည့်မြင်ဖို့လိုအပ်ပါတယ်။ နောက်တစ်ခုက ဂျာနယ် ၊ သတင်းစာများတွင် အမှန်တကယ်လိုအပ်နေသော ဒီမိုကရေစီအကြောင်း၊ လူ့အခွင့်အရေး အကြောင်း ဖော်ပြရေး သားခြင်းမရှိကြပါ။ လူထုအား  အသိပညာပေးမပြုလုပ်ခြင်းဟာဒီမိုကရေစီကိုသွားမယ်ဆိုတာဘယ်လိုယုံကြည်ကြမလဲ။ အနှစ်ချုပ်ပြောရမယ်ဆိုရင်ကျွန်တော်တို့အမြင်က တဖြေးတဖြေးနဲ့ ကမ္ဘာ့အလယ်ဝင်ဆံ့အောင်ခြေလှမ်းလာခြင်း ကိုတွေ့ ရှိရမှာပါ။
၁) ဒေါ်စုနှင့် ဦးသိန်းစိန်၊ဦးအောင်ကြည်တို့တွေ့ဆုံပြီး နောက်ထပ်တွေ့ဆုံမှုမရှိခြင်း ( ဒီစာရေးချိန် စက်တင်ဘာ၂၂ ရက်ထိ)
၂) NLD ပါတီအားတရားဝင်အသိအမှတ်မပြုဘဲ မျှောထားခြင်း။
၃)Media များတွင် အကန့်အသတ်နှင့်ရေးသားဖော်ပြခွင့်ပြုခြင်း။
၎) တိုင်းရင်းသားလက်နှက်ကိုင်များအားဖဲ့ပြီးသွေးဆောင်ခြင်း။ ( ဥပမာ- “၀” UWSA နှင့် မိုင်းလားအဖွဲ့အားအပစ်အ ခတ်ရပ်စဲခြင်း)
၅) ညီညွတ်သောတိုင်းရင်းသားကောင်စီ (UNSC) ၏နိုင်ငံရေး၊စစ်ရေးထိုးနှက်ချက်အားလန့်လာခြင်း။ ဒါ့ကြောင့် ပြည်နယ် အစိုးရများအားတစ်ဖွဲ့ခြင်းငြိမ်းချမ်းရေးလိုချင်ရင် အကြောင်းကြားရန်ပြောဆိုခြင်း။
၆) နိုင်ငံတကာဖိအားများလျော့ကျစေရန်အမြင်ကောင်းအောင်ပြုလုပ်ချက်များကိုသာလုပ်ဆောင်ခြင်း။
၇)ပြည်ပရောက်သူများကြားကွဲသွားအောင်အမြင်အမျိုးမျိုးဖြစ်အောင်ပြန်လာရန်ဖိတ်ခေါ်ခြင်း၊ ဒါမှသာ lobby လုပ်နေ သူများရာဇ၀တ်ခုံရုံးကိစ္စ စုံစမ်းရေးကော်မရှင်ကိစ္စများ အားနည်းသွားစေခြင်း။
၈)EU မှ စီးပွားရေးလုပ်သူများ EUအချင်းချင်းကြားအမြင်အမျိုးမျိုးဖြစ်ပေါ်အောင်ပြုလုပ်နေခြင်းများ ပြုမူလုပ်ဆောင် နေသည်ဟုမြင်ပါသည်။
အထက်ပါနိုင်ငံရေး၊လူမှုရေး၊ စီးပွားရေးဆိုင်ရာ ဖိနှိပ်မှုများကို ကျော်လွှားနိုင်ရန်အတွက်
၁။ရွေးကောက်ပွဲ ကော်မရှင်၏ အဓိပ္ပါယ် နှစ်ခွထွက်စေသောအချက်များ၊ တစ်ဘက်သတ်ပြဌာန်းချက်များကိုပြင်ဆင်ရန် လိုအပ်သည်။
၂။အခြေခံဖွဲ့ စည်းအုပ်ချုပ်ပုံတွင် လည်း ပြင်ဆင်သင့်သည့် အချက်များလေ့လာသုံးသပ်ပေးရန်လိုအပ်သည်။
၃။နိုင်ငံရေးအကျဉ်းသားဟောင်းများအနေဖြင့် အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ(၅)ဖျက်သိမ်းပစ်နိုင်ရန် လိုအပ်သည်။   
၎။မြို့ နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်မည့် ဥပဒေ လွတ်တော်မှထုတ်ပြန်ပါသည်။
၎င်းဥဒေသည် အခြေခံဖွဲ့ စည်းပုံပါဥပဒေများနှင့်  မညီညွတ်ကြောင်း ထောက်ပြပြောဆိုကန့်ကွက်ရန်လိုအပ်ပါသည်။လိုအပ်ချက်များအားလှုပ်ရှားတောင်းဆိုရင်း ရဲဘော်တို့ဟာလက်ရှိနိုင်ငံရေး တိုင်းပြည်အခြေအနေအားလုံးကိုခြုံငုံသုံးသပ် ကြဖို့လိုပါလိမ့်မယ်။
ကျွန်တော်တို့လွတ်လဲဒီခရီးကမပြီးဆုံးသေးပါ။ လုပ်စရာအများအပြားရှိပါတယ်။ ရဲဘော်တို့ကို အကြံ ပြုချက်အနေဖြင့်ပြည်သူအများသိသင့်သိထိုက်တဲ့ နိုင်ငံရေးသုံးသပ်ချက်များစဉ်ဆက်မပြတ်ပြုလုပ် ၍ပြည်သူများအား လူ့အ ခွင့်အရေး၊ ဒီမိုကရေစီနဲ့ပတ်သက်သောစာစဉ်များထုတ်ပြန်ဖို့လိုပါလိမ့်မည်။
တစ်မြို့နယ်ချင်းအလိုက်ပြုလုပ်သင့်ပါသည်။ရန်ကုန်တိုင်းမြို့နယ်တစ်ခုချင်းစီရှိနိုင်ငံရေးအကျဉ်းသားစာရင်း၊ လိပ်စာများပြုစု၍စုဆောင်းထားသင့်ပါသည်။ တစ်ချိန်မှာ အကျိုးရှိပါလိမ့်မည်။
နိုင်ငံရေးနဲ့ပတ်သက်တဲ့၊သမိုင်းနဲ့ပတ်သက်တဲ့သုတေသနလုပ်ငန်းများလုပ်ကိုင်ဖို့အစပျိုးသင့်ပါတယ်။စာအုပ်စာတန်းများ ၁၉၉၀ အတွင်းထုတ်ခဲ့သောနိုင်ငံရေးနှင့်ပတ်သက်သည်များစုဆောင်းထားသင့်ပါတယ်။
နောက်တစ်ခုက အစိုးရလုပ်ကွက်တို့ကိုမျက်ခြေမပြတ်စောင်ကြည့်ပြီးဝေဖန်သင့်ပါတယ်။ အဖွဲ့အစည်းအားစနစ်တကျဖွဲ့စည်းပြီးCivil Society တွေ၊ Institute တွေဖြစ်အောင်လုပ်ရပါမည်။ ပါတီတွေများတော့အဲဒီလိုင်းကိုမယူပါနဲ့ လူမှုအခြေပြုလုပ်ငန်း တွေလုပ်နိုင်အောင်ကြိုးစားပါ။
ဒီနေ့လူငယ်တွေဟာအတိတ်ကိုသိဖို့လိုအပ်ပါတယ်။ သိအောင်လဲ သိတဲ့လူတွေက မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ ရိုးသားသူများကိုရှာဖွေစုဆောင်းပါ။စိတ်ဓါတ်ရှိသူများ ယုံကြည်ချက်ရှိသူများဖြစ်ကြပါစေ။
အခက်အခဲကိုကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်သူတွေဖြစ်ကြပါစေ။
ယုံကြည်စွာဖြင့်
နိုင်ငံရေးအကျဉ်းသားများ
( …….. )အကျဉ်းထောင်
စက်တင်ဘာ ၂၂၊ ၂၀၁၁  
မှ/ တဆင့် နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
အောက်တိုဘာ၂၁၊ ၂၀၁၁
မှတ်ချက်။        ။ နိုင်ငံရေးအကျဉ်းသားများအကြံပြုဆွေးနွေးသည့်ထုတ်ပြန်ချက်အားအခက်အခဲ အမျိုးမျိုးကြောင့် ၂၁.၁၀.၂၀၁၁ ရက်မှသာတစ်ဆင့်ထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
လက်ရေးမူ-
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts