>Ma Thandar suffering heart disease in Insein Prison

>

နိုင်ငံရေး အကျဉ်းသူ မသန္တာ အင်းစိန်ဆေးရုံတွင် ကုသနေရ
မိုးမခ အထောက်တော်၊ ရန်ကုန်။ အောက်တိုဘာ ၂၉၊ ၂၀၁၁
ထောင်ဒဏ် ၂၉ နှစ်အပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသူ မသန္တာသည် နှလုံးအောင့်သည့် ရောဂါကြောင့် အောက်တိုဘာ၂၇ ရက်နေ့မှ စပြီး အင်းစိန်ဆေးရုံတွင် တက်ရောက် ဆေးကုသခံနေရသည်ဟု သိရသည်။
“ ဆေးရုံတက်ဖို့ပထမအစီစဉ်မရှိဘူး။ သူ့နှလုံးက ဆွဲဆောင့်သလို အောင့်တယ်ဆိုတော့အဲဒီနေ့ဆေးရုံရောက်တော့ ဆရာဝန်ကိုပြောတယ်။ တာဝန်ကျဆရာဝန်က “သူတို့လိုလူမျိုးတွေကဒီလို ဆေးရုံတက်ကုမှ ပျောက်မှာ ..” ဆိုပြီး ဆောင့်ဆောင့်အောင့်အောင့်နဲ့ ဆေးရုံတက်ခွင့်လက်မှတ်ထိုးပေးတယ်။ ‘ဘောက်ချာ’ မဟုတ်တော့ စိတ်မ၀င်စားဘူးပေါ့”
ဟု  မသန္တာနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
‘ဘောက်ချာ’ဆိုသည်မှာ အခြား ပြစ်မှုများဖြင့် အကျဉ်းကျလာရာတွင် ငွေများများသုံးစွဲနိုင်သူများက အကျဉ်းထောင်တွင်း ငွေဖြင့် ကိစ္စအ၀၀ကို ပြေလည်အောင် ဖြေရှင်းသူများအားခေါ်ဆိုသည့် စကားလုံး ဖြစ်သည်။
ထို့ပြင်ထောင်တွင်းရှိ အပူအအေး မမျှတသော ၁၀ခန်းတွဲ တိုက်တွင် နေထိုင်နေရသဖြင့် ယခုနှစ်တွင်မသန္တာမှာ ပိုမိုပြီး ကျန်းမာရေးချူချာလာသည်ဟု မသန္တာနှင့် ထောင်တွင်းတွင်နေထိုင်ခဲ့ဘူးသူက ပြောသည်။
“ ထောင်ကတကယ်တော့ ဆေးဝါးကုသဖို့ ဘာဆေးဝါးမှ ပြည့်စုံမှုမရှိဘူး။ ခုလို အပြင်ဆေးရုံကိုထုတ်တော့လဲ ဆရာဝန်တွေက လူနာကို ဘာမှ ရောဂါအကြောင်း ဂဃနဏ ရှင်းပြတာလဲ မရှိဘူး ”
ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက ပြောသည်။
ယခုလ ၁၂ရက်နေ့ကကြေညာခဲ့ သည့် လွတ်ငြိမ်းချမ်းသာ အမိန့်တွင် မကျန်းမာသူများနှင့်သက်ကြီးရွယ်အိုများကို  လွှတ်ပေးသည်ဟုဆိုသော်လည်း မသန္တာ တို့လို ကျန်းမာရေး မကောင်းသူများကိုမူ ချန်လှပ်ထားခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts