>Suu and VOA fans – 42

>

“လူ့အခွင့်အရေးကော်မရှင် ဥက္ကဌအနေနဲ့ လူ့အခွင့်အရေး ထိန်းသိမ်း ကာကွယ်ဖို့ ပြောဆို လှုပ်ရှားရပါလိမ့်မယ်”
ဗွီအိုအေ သောတရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် အပိုင်း (၄၂)
အောက်တိုဘာ ၂၃၊ ၂၀၁၁
အောက်တိုဘာ ၂၁ ရက်နေ့က တွေ့ရသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-မိုးမခ)

ဒီအပတ် အမေးအဖြေအစီအစဉ်မှာတော့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အပေါ် သဘောထား၊ အမျိုးသားအကျိုးစီးပွားဆိုတဲ့ စကားရပ်အပေါ် အဓိပ္ပာယ်ဖွင့်ချက်နဲ့အတူ မီဒီယာသတင်း လွတ်လပ်ခွင့် စာပေစီစစ်ရေးအဖွဲ့ ထားသင့်မသင့် စတာတွေကို ဗွီအိုအေ သောတရှင်များက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းထားကြပါတယ်။ ဦးဆုံးတော့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိစ္စကို တွံတေးမြို့က ဦးရာကျော်က မေးမြန်းထားချက်နဲ့ စတင်ပါမယ်။


မေး။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား အမျိုးသားလူ့အခွင့်အရေးကော်မရှင်အပေါ် အမြင်ကို သိလိုပါသည်။ လက်ရှိ ဦးဆောင်တဲ့ ဦးဝင်းမြဆိုတာဟာ တချိန်တုန်းက ကုလသမဂ္ဂနဲ့ နိုင်ငံတကာမှာ မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိပါဘူးလို့ ကာကွယ်ပြောဆိုခဲ့ရတဲ့ စစ်အစိုးရ သံတမန်ကြီးပါ။ ဒီလို လူမျိုးကို ယုံပြီး ဘယ်သူက တိုင်ကြားမှာတုန်းဗျာ။ တတ်နိုင်ရင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာ ဘယ်လိုလူတွေ ထားသင့်တယ်၊ ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို သမတနဲ့တွေ့ရင် အကြံပေးစေချင်ပါတယ်။ ကြက်ခြံကို မြေခွေးစောင့်ခိုင်းသလိုဖြစ်နေပါပြီ။

ဖြေ။ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေ ကြည့်ပြီးမှ ဘယ်လောက် ထိရောက်မယ် မထိရောက်ဘူး ဆိုတာ ဆုံးဖြတ်နိုင်မှာပါ။ ဦးဝင်းမြဟာ ၀န်ထမ်းဘ၀တုန်းက အစိုးရမူဝါဒတွေ အတိုင်း ပြောဆိုခဲ့တာဟာ မထူးဆန်းပါဘူး။ အခု လူ့အခွင့်အရေးကော်မရှင် ဥက္ကဌအနေနဲ့ လူ့အခွင့်အရေး ထိန်းသိမ်း ကာကွယ်ဖို့ ပြောဆို လှုပ်ရှားရပါလိမ့်မယ်။ လူတိုင်းဟာ သံသယရဲ့ အကျိုး ခံစားပိုင်ခွင့်ရှိရမယ်ဆိုတဲ့ မျှတတဲ့ သဘောတရားအရ ကော်မရှင်လူကြီးတွေ တာဝန်ကြေမကြေဆိုတာကို စောင့်ကြည့်ပြီး ဆုံးဖြတ်တာ မှားမယ် မထင်ပါဘူး။

မောင်သီဟဆိုတဲ့ သောတရှင်ကတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ အစချီပြီးတော့ အမျိုးသားအကျိုးစီးပွားဆိုတဲ့ စကားရပ်အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ဘယ်လိုနားလည်ပါသလဲ ဆိုပြီး မေးခွန်းထုတ်ထားပါတယ်။


မေး။ အမျိုးသားအကျိုးစီးပွားဆိုတဲ့ စကားရပ်ကို အမေ ဘယ်လို နားလည်ပါသလဲ။ ဖြစ်ခဲ့တဲ့ မြစ်ဆုံအရေးမှာ တရုတ်အစိုးရက တရုတ်အမျိုးသားအကျိုးစီးပွားအတွက် ကာကွယ်ပေးရမယ်လို့ အစိုးရက ပြောပါတယ်။ လိုအပ်ရင် တရား စွဲမယ်လို့လည်း ဆိုပါတယ်။ မြန်မာဝန်ကြီး ဦးဇော်မင်းက အမျိုးသား အကျိုးစီးပွား အတွက် ပြည်သူတွေ လက်မခံနိုင်တာကို ဆက်လုပ်မယ်ပြောခဲ့ပါတယ်။

မြန်မာ ပြန်ကြားရေးကလည်း အမျိုးသားအကျိုးစီးပွားအတွက် ဦးကျော်ဆန်းက ဒီသတင်းတွေ ပိတ်ပင်ပါတယ်။ ဆက်စပ် သတင်းတွေ မီဒီယာတွေမှာ မဖော်ပြခိုင်းပါဘူး။ ဘယ်အရာက အမျိုးသားအကျိုးစီးပွား အစစ်အမှန်လဲ ဆိုတာ သိပါရစေ။ အရပ်စကားပြောရရင်တော့ ရှက်တတ်ရင် လဲသာ သေလိုက်ပါတော့လို့ ပြောချင်သလို။ ကိုယ့်ကိုကိုယ်လည်း အရှက်ကင်းတဲ့ ဖိနှိပ်မှုကင်းတဲ့ မြန်မာနိုင်ငံသားအဖြစ် ဂုဏ်ယူချင်ပါသေးတယ်။

ဖြေ။ အမျိုးသားအကျိုးစီးပွားဆိုတာ အင်မတန်ကျယ်ပြန့်တဲ့ကိစ္စဖြစ်တာမို့ အမျိုးမျိုး အဓိပ္ပာယ်ဖော်နိုင်ပါတယ်။ တကယ့် အမျိုးသား အကျိုးစီးပွား ဘာလဲလို့ သိနိုင်ဖို့ကတော့ ပြည်သူတွေရဲ့ အသံကို အစဉ်တစိုက် နားထောင်နေရပါလိမ့်မယ်။ ဒီလို နားထောင်နေဖို့ ဆိုတာကလည်း လွတ်လပ်စွာ ရေးသား ထုတ်ဖော် ထုတ်ဝေနိုင်ခွင့်တွေ လိုပါတယ်။ အမျိုးသားအကျိုးစီးပွားရှေ့တန်းတင်မယ့် နိုင်ငံရေး အုပ်ချုပ်ရေး စနစ်တွေ ပေါ်ထွန်းဖို့ နိုင်ငံသူ နိုင်ငံသား အားလုံးကနေ ၀ိုင်းဝန်း လုပ်မယ် ဆိုရင် မုချ အောင်မြင်မှာပါ။

နောက်မေးခွန်းတွေကတော့ မီဒီယာ သတင်းလွတ်လပ်ခွင့်တွေနဲ့ ဆိုင်ပါတယ်။ တော်ဝင်ဆိုတဲ့ သောတရှင်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခု မြန်မာပြည်မှာ အရင်တုန်းကထက် မီဒီယာတွေ လွတ်လပ်ခွင့်တွေ ပိုရလာပြီလား ဆိုပြီး အမြင်သဘောထား မေးမြန်းထားပါတယ်။


မေး။ အန်တီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေရော ပြောတာတွေရော ပြည်တွင်းဂျာနယ်တွေမှာ တွေ့လာရပါပြီ။ အရင်တုန်းက ပိတ်ထားတတ်တဲ့ကိစ္စတွေကိုလည်း ဂျာနယ်တွေမှာ ရေးကြတာ မြင်လာရပါတယ်။ လူတွေလည်း ပြောရဲ ဆိုရဲ ရေးသားရဲလာပါတယ်။ အခိုက်အတန့်ဖြစ်မလား၊ ဒါဟာ တကယ်ပဲ အရှည်သဖြင့် ဖြစ်သွားမလား သံသယစုံနဲ့ စောင့်ကြည့်နေမိပါတယ်။ အန်တီရဲ့ အမြင်လည်း သိလိုပါတယ်။ မီဒီယာတွေ လွတ်လပ်ခွင့်အချို့ရလာပြီ အန်တီ ယူဆပါသလား။ မီဒီယာတွေဖက်ကရော ဘာတွေများ လိုအပ်နေပါသလဲ။

ဖြေ။ မီဒီယာလွတ်လပ်ခွင့်ပဲဖြစ်ဖြစ် ဘယ်လို လွတ်လပ်ခွင့်ပဲဖြစ်ဖြစ် ထိမ်းသိမ်းထားဖို့ ဆိုတာ တာဝန်သိသိနဲ့ လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ရပြီးသား လွတ်လပ်ခွင့်တွေ တိုးပွားမြင့်မားလာအောင် လုပ်တဲ့တချိန်တည်းမှာ ပူးတွဲနေတဲ့ တာဝန်တွေကို ပိုမိုသိရှိ ကျေပြွန်ဖို့ကလည်း မမေ့ဖို့က အထူးအရေးကြီးပါတယ်။ ဒါဟာ မီဒီယာသမားတွေရော ပရိသတ်တွေရော အစဉ်သတိပြုနေရမယ့် ကိစ္စပါ။

ဟန်ထွန်းအောင်ဆိုတဲ့ သောတရှင်ကတော့ မြန်မာ့စာပေလောကမှာ နံမည်ဆိုးဖြစ်နေတဲ့ စာပေစီစစ်ရေးနဲ့ပတ်သက်လို့ မေးခွန်းထုတ်ပါတယ်။ စာပေစီစစ်ရေးဆိုတာ ရှိသင့်မသင့်ကိစ္စပါ။


မေး။ အမေစုခင်ဗျား စာပေစီစစ်ရေးကို ဖျက်တော့မလိုလိုပြောသံ ဟိုတလောက ကြားလိုက်ရပါသည်။ ဒါပေမယ့် ဂျာနယ်သတင်းတွေကို ဖြတ်တုန်း တောက်တုန်း သတင်းတွေလည်း ကြားရပါသည်။ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေတဲ့နေရာမှာ စတုတ္တမဏ္ဍိုင်က အရေးကြီးတယ်လို့ အာဏာပိုင်တွေ ပြောဆိုမှုတွေ ရှိထားပါသည်။ ဒါကြောင့် စာပေစီစစ်ရေး ထားရှိမှုနဲ့ပတ်သက်လို့ အမေ့ အမြင်သိလိုပါသည်။ အခြားတဖက်မှာ မမှန်မကန်သတင်းတွေကို လက်လွတ်စပယ် ဖော်ပြလာမျိုးတွေကို တစုံတရာ ဟန့်တားနိုင်ဖို့ မလိုဘူးလားလည်း စဉ်းစားစရာရှိသလို၊ လွတ်လပ်မှုအတွက် စာပေစီစစ်ရေးဟာ အဟန့်အတား ဖြစ်နေတယ် လို့လည်း ယူဆလို့ရပါသည်။ ဒုတိယမေးခွန်းကတော့ အခု ရေးကြသားကြလာကြရာမှာ သတင်းလွတ်လပ်ခွင့် တွေ အရင်ကထက် ပိုပြီး ရလာတယ်လို့ အမေ ယူဆပါသလား သိလိုပါသည်။

ဖြေ။ အမေ့အမြင်ကတော့ ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ အကောင်အထည်ဖော်ချင်ရင် စာပေ စီစစ်ရေးဆိုတာ မရှိသင့်ပါဘူး။ မမှန်မကန်သတင်းတွေ လက်လွတ်စပယ် ဖော်ပြတာမျိုးတွေကို ကာကွယ်ရမှာက တရားဥပဒေဖြစ်ပါတယ်။ အသရေဖျက်မှု၊ လူမျိုးရေးနဲ့ဘာသာရေး မုန်းတီးမှု၊ လိမ်လည် လှည့်ဖျားမှု စတာတွေကို ဥပဒေအရ သင့်တော်သလို အရေးယူနိုင်ပါတယ်။ ဒါကြောင့် အမေတို့က ဥပဒေစိုးမိုးရေး အဓိက ကျကြောင်းကို ကြားရသူတွေ ငြီးငွေ့မတတ် ထပ်တလဲလဲ ပြောနေတာပါ။ ရပိုင်ခွင့်တွေနဲ့ ထိမ်းသိမ်းအပ်တဲ့ စည်းတွေဆိုတာ ချိန်ခွင်လျှာ ညီမျှဖို့ လိုပါတယ်။ ဒုတိယ မေးခွန်းကို ဖြေရမယ်ဆိုရင် သတင်းလွတ်လပ်ခွင့်က အပြည့်အ၀မရှိသေးပေမယ့် အရင်ကထက် ပိုလာတယ်လို့တော့ အမေ မြင်ပါတယ်။ ကြုံတုန်း သတင်းသမားတွေ အထူးသဖြင့် လူငယ်သတင်းသမားတွေရဲ့ ကြိုးစား လုပ်ဆောင်မှုတွေကို လေးစား အားပေးကြောင်း ပြောပါရစေ။

ဗွီအိုအေ သောတရှင်တွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗွီအိုအေ မြန်မာပိုင်းက အထူးကျေးဇူးတင်ပါတယ်။

အခုနားဆင်ခဲ့ကြရတာကတော့ ဗွီအိုအေသောတရှင်တွေရဲ့ မှတ်ချက်၊ အကြံပေးချက်နဲ့ မေးခွန်းတွေအပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်နဲ့ အဖြေတွေ ဖြစ်ပါတယ်။


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေသောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ် ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။

ဗွီအိုအေသောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက် ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေအီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။

မူရင်း
ဗွီအိုအေ အသံလွှင့်ဌာန http://www.voanews.com/burmese/news/

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts