>trading drug for Moemaka survival

>

မိုးမခအတွက် စိတ်ကြွဆေး ရောင်းမည်
ရန်လိုကျွဲ
အောက်တိုဘာ ၁၃၊ ၂၀၁၁

အစိုးရ၏ ရက်ရောလှစွာသော လွတ်ငြိမ်းချမ်းသာခွင့်သတင်းကြောင့် အင်းစိန်ထောင်ရှေ့တွင် သတင်းထောက်များနှင့် စည်ကားနေသည်။ ထိုအထဲတွင် နှစ်လိုဖွယ် သတင်းထောက်မလေးများကို ငေးကြည့်နေသော ကျွန်ုပ် ရန်လိုကျွဲလည်း ပါလေသည်။

ထိုအခိုက် ခန့်ခန့်ညားညားလူကြီးတယောက်က ကျွန်ုပ်ကို လာရောက် နှုတ်ဆက်လေသည်။ သူက အစိုးရ လူ့အခွင့်အရေးကော်မရှင်၏ အကြီးအကဲဖြစ်တော်မူသော ဦးနိုင်မရ ဟု သူ့ကိုယ်သူ မိတ်ဆက်သည်။
ဦးနိုင်မရတို့ ကော်မရှင်က တန်ခိုးကြီးအဖွဲ့အစည်းဖြစ်သည်။ အကျဉ်းသားများကို လွှတ်ရန် သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့ပြီး ၂ ရက်အကြာတွင် ရေမြေ့သခင် အစိုးရမင်းက အမှန်တကယ် လွှတ်ပေးလေသည်။
ကျွန်ုနုပ်နှင့် တန်ခိုးကြီးအဖွဲ့ ဦးနိုင်မရတို့ အောက်ပါအတိုင်း လေကန်မိကြသည်။

ကျွဲ – ဘကြီးတို့ ကော်မရှင်က ဘာတွေ လုပ်နေသလဲ။

ဦးနိုင်မရ – လူ့အခွင့်အရေးကော်မရှင် ဆိုတော့ လူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်တာပေါ့။

ကျွဲ – ဘယ်လိုလူတွေလဲ ဘကြီးရဲ့ တိတိကျကျ ပြောလို့ ရမလား။

ဦးနိုင်မရ – အရေးကြီးတဲ့လူတွေပေါ့ – အဲ – လူတိုင်းလူတိုင်းရဲ့ အခွင့်အရေးဟာ အရေးကြီးပါတယ်လို့ ပြောရမှာပေါ့လေ။

ကျွဲ – ကျနော်တို့ သတင်းထောက်တွေ ရှိတဲ့နေရာကို ဘကြီးက ဘာကြောင့် လာရတာလဲ။

ဦးနိုင်မရ – မင်းတို့က ငါ့ဆီ မလာတော့ ငါက မင်းတို့ဆီရောက်လာတဲ့သဘောလည်း ပါတယ်၊ ငါ့ဆီကို ဖုန်းဆက်ရင် ဖုန်းလိုင်း မကြည်မှာ စိုးရိမ်တာလည်း ပါတာပေါ့ကွယ်။ လွှတ်တော် နာယကကြီး ဦးခင်အောင်မြင့်တောင်မှ သတင်းထောက်တွေနဲ့ ဖုန်းဆက်ချင်လွန်းလို့ ကမ္ဘောဒီးယားအထိ သွားဆက်ရတယ်မဟုတ်လား။

(ဦးနိုင်မရက ခေသူမဟုတ်ချေ။ မိုးမခတွင် ကျနော့် ညီလေး စီထောင်း လက်ဆော့ထားသော မြန်မာပြည်က လက်ကိုင်ဖုန်းကို ခေါ်မယ် ဆိုရင် ဆောင်းပါး http://moemaka.blogspot.com/2011/09/mobile-phone-in-burma.html ကို ဖတ်ထားသူ ဖြစ်ဟန်တူ၏)


ကျွဲ – ဘကြီးတို့ ကော်မရှင်က တကယ့်ကို တန်ခိုးကြီးတယ်နော်။

ဦးနိုင်မရ – တန်ခိုးကြီးခဲ့တဲ့လူတွေနဲ့ဖွဲ့ထားတဲ့ကော်မရှင် ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့။ ဟင်းဟင်းဟင်း – မင်းက ဘယ်လို ထင်လို့လဲ။

ကျွဲ – ဟင်းဟင်းဟင်း ဘကြီးတို့ကော်မရှင်က အကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းပြီး ရက်ပိုင်းအတွင်း အစိုးရက လွှတ်ပေးပြီလေ။ ဘကြီးတို့ တပတ်တခါလောက် တောင်းသင့်တယ်။ ဒါမှ တပတ်တခါ လွှတ်ပေးရင် ကျနော်တို့လည်း သတင်းရေးလို့ ကောင်းတာပေါ့လေ။

ဦးနိုင်မရ – တော်-တော်-တော်- တော်စမ်း။ အဲဒီလိုတောင်းရင်တော့ ငါတို့ ကော်မရှင်ကနေ အဖြုတ်ခံရတော့မှာပဲ။ အဲဒီကြေညာချက်ကို သေချာဖတ်ကြည့်အုံး၊ အစိုးရလုပ်သမျှ အကုန်မှန်တယ်ဆိုတဲ့သဘော ရေးထားတာ မင်းတို့ သတင်းထောက်တွေ သတိမထားမိလိုက်ဘူးမဟုတ်လား၊ အဟိ။

ကျွဲ – ဟုတ်လား၊ ကျနော်က ကိုရီးယားဘာသာ သင်နေတာ ဆိုတော့၊ အဟိ၊ မြန်မာလို ရေးထားရင် သိပ် နားမလည်ဘူး။

(ထိုစဉ်အခိုက် အင်းစိန်ထောင်အတွင်းမှ အကျဉ်းသားပေါင်း ရာနှင့်ချီ ထွက်လာသည်။ နိုင်ငံရေးအကျဉ်းသား ဆယ်ဂဏန်းသာပါသည်ဟု အကျဉ်းသားအရေး ကျွမ်းကျင်သူ သတင်းထောက် မာစတာစီဒိုက လှမ်းပြောသည်)


ကျွဲ – ဘကြီးရေ – နိုင်ငံရေးအကျဉ်းသား ဆယ်ဂဏန်းပဲ ပါတယ်တဲ့။ ဘကြီးတို့အစိုးရ ဘယ်လိုလုပ်လိုက်တာလဲ။

ဦးနိုင်မရ – ဟေ – ဟုတ်လား။ ငါတို့အစိုးရလည်း မင်းတို့အစိုးရပါပဲကွာ၊ မကောင်းကျောင်းပို့ လုပ်မနေစမ်းပါနဲ့။ ခါတိုင်းလည်း အကျဉ်းသား ထောင်သောင်းချီလွှတ်ပေးရင် လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသား တစ်ရာ၊ နှစ်ရာလောက်ပဲ ရောထည့်ပေးတာပဲလေကွာ၊ မင်းမမှတ်မိဘူးလား။ ကြည့်ရတာ မင်းက သတင်းထောက် အသစ်ထင်တယ်။

ကျွဲ – ဘယ်ကလာ သတင်းထောက်အသစ် ဖြစ်ရမှာလဲ၊ ၀ါရင့်သတင်းထောက်ဖြစ်နေပြီ ဘကြီးရဲ့။

ဦးနိုင်မရ – ကြည့်ရတာ စိုစိုပြေပြေ မရှိလိုက်တာကွာ၊ မင်းတို့ဂျာနယ်က သိပ် အရောင်းမသွက်ဘူး ထင်တယ်။ လစာ ပိုပေးတဲ့ တခြားဂျာနယ်၊ တခြားသတင်းဌာနကို ပြောင်းပါလားကွ။

ကျွဲ – စာချုပ်ချုပ်ထားတာဆိုရင် လျော်ကြေးပေးပြီး ပြောင်းလိုက်ချင်ပါသေးတယ်။ အခုက ဘော်ဒါကဏ္ဍမို့ ဆက်လုပ်နေတာပါ။ ကျနော်တို့ သတင်းဌာနက ကြော်ငြာခလည်းမရ ဘာမရ ဆိုတော့ ၀ိုင်းလုပ်သူတွေက အိတ်စိုက်လုပ်ရတာပါ။

ဦးနိုင်မရ – ဟေ ဘော်ဒါကဏ္ဍနဲ့လုပ်နေတာလား၊ ဘယ်သတင်းဌာနလဲကွ မင်းလုပ်နေတာ။

ကျွဲ – နာမည်ကျော် မိုးမခ မီဒီယာဗျာ။ ကြားဖူးတယ်မဟုတ်လား။

ဦးနိုင်မရ – ဟင့်အင်း ကြားဖူးပါဘူး။ သတင်းဌာနဆိုတာ အင်္ဂလိပ်လို နာမည်မှည့်မှ နာမည်ကြီးမှာကွ။ လေဒီယိုတွေလည်း အင်္ဂလိပ်နာမည်ပဲ။ နာမည်ကြီးဂျာနယ်များလည်း အင်္ဂလိပ်နာမည်ပဲ။ 7Day, Voice, Eleven, Messenger, Popular, Yangon Times ပြောရင် မကုန်တော့ဘူး။ ဟိုသူငယ်လေးတွေတောင် YPI ဆိုပြီး အင်္ဂလိပ်နာမည်နဲ့ လုပ်နေပြီ။ ဒီကောင်တွေ နာမည်ကြီးမှာပဲ ဆိုတာ ငါပြောရဲတယ်။

ကျွဲ – ဟုတ် ဟုတ်ကဲ့ – မိုးမခက ကျနော့် ညီလေးတွေကို ပြောလိုက်မယ်လေ၊ Rain Coat Media လို့ နာမည်ပြောင်းသင့်ကြောင်းပေါ့။ ဒါမှ နာမည်ကြီး၊ ကြော်ငြာတွေရ၊ ဘတ်ဂျက် အဆင်ပြေမှာ။

(ကျွန်ုပ်လည်း ဘုတ်အုတ်ထဲတွင် Rain Coat Media ဟု ရေးမှတ်ထားလိုက်သည်။ ဤသို့ မှတ်မထားပါက မေ့ပျောက်သွားနိုင်သည်)


ဦးနိုင်မရ – ဒါပေါ့ကွ။ အဲဒီလို ပြောင်းရမှာပေါ့။ အင်း – ဘတ်ဂျက် အဆင်ပြေအောင် မင်းလည်း အလုပ်ပြောင်းပေါ့ကွ။ သတင်းထောက် လုပ်မနေနဲ့။ သတင်းထောက်တွေ အဖမ်းခံရရင် ငါတို့ လူ့အခွင့်အရေး ကော်မရှင်လည်း ဘာမှ ပြောပေးနိုင်တာ မဟုတ်ဘူး။

ကျွဲ – အမ် – ကျနော်က ဘယ်လို အလုပ်မျိုး ပြောင်းရမှာလဲ။

ဦးနိုင်မရ – လွယ်ပါတယ်ကွာ၊ မူးယစ်ဆေးတို့၊ စိတ်ကြွဆေးတို့ ရောင်းပါလား၊ အဲဒါ အရမ်းမြတ်တာကွ။ မင်းတို့ Rain Coat Media အတွက် ဘတ်ဂျက်ကို မင်းတို့လို သတင်းထောက်တွေက ထောက်ပံ့ရတယ် ဆိုရင် မီဒီယာလောကထဲမှာ မင်းက စွန့်ဦးတီထွင်သူ ဖြစ်လာမှာပဲ။

ကျွဲ – ဟာ – ဘကြီးအိုင်ဒီယာ သောက်ရမ်း လန်းတာပဲ။ ဒါပေတည့် စိတ်ကြွဆေး ရောင်းလို့ ဘတ်ဂျက် အဆင်ပြေတာတော့ ဟုတ်ပါပြီ၊ အဲဒါလည်း ထောင်နှုတ်ခမ်းနင်းရတဲ့အလုပ်ဗျ။ ကျနော် ထောင်ကျသွားရင် ဘယ်လိုလုပ်မလဲ။ နှစ်တွေ အများကြီး ကျမှာ။

ဦးနိုင်မရ – ထောင်မှာက အ၀င်ရှိရင် အထွက်လည်း ရှိရမယ်လေကွာ။ နည်းနည်းပါးပါးတော့ စွန့်စားရမှာပေါ့။ ဒီနေ့ပဲ အကျဉ်းသား ခြောက်ထောင်ကျော် လွတ်လာပြီ၊ ကမ္ဘာက ၀ိုင်းဟောင်နေကြတဲ့ အတိုင်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးလိုက်တယ် ထင်သလား။ အဟိ။ ဝေးသေးတယ်။ မင်းလည်း မူးယစ်ဆေးရောင်းလို့ မတော်တဆ အဖမ်းခံရလည်း ခဏပေါ့ကွာ၊ ဒီလို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာမှာပါကွာ။ စိတ်ကူးမလွဲပါနဲ့။ အစိုးရက ဒါမျိုးတွေ အများကြီး လုပ်ဦးမှာကွ။

ကျွဲ – ကြိုက်သွားပြီ ဘကြီးရေ။ ဘကြီးရဲ့ အိုင်ဒီယာက လန်းပြီး လန်ထွက်နေတာပဲ။

(ကော်မရှင်လူကြီး ဦးနိုင်မရက မိုးမခမီဒီယာ ဘတ်ဂျက်အဆင်ပြေရေးအတွက် အကြံကောင်းများပေးပြီး လူအုပ်ထဲ ၀င်ရောက် ပျောက်ကွယ်သွားလေသည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts