>Tay Za and Film

>

ထူးသူဌေးကြီး ဦးတေဇ ရုပ်ရှင်ရိုက်ရန် စိတ်ကူးနေ
မိုးမခအထောက်တော် အမှတ် ၀၀၈
အောက်တိုဘာ ၁၃၊ ၂၀၁၁ ယနေ့နံနက်ပိုင်း Al Jazzeera ရုပ်သံတွင် တွေ့ရသော ထူးထရေးဒင်း ဥက္ကဋ္ဌ ဦးတေဇ


ရဟတ်ယာဉ်ပျက်ကျပြီး အသက်ရှင် လွတ်မြောက်လာပုံကို ရုပ်ရှင်ရိုက်ရန် စိတ်ကူးနေသည်ဟု ထူးသူဌေးကြီး ဦးတေဇက ပြောလိုက်သည်။

အောက်တိုဘာ ၃ ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ်တွင် သူ၏ ပြောဆိုချက်ကို ဖော်ပြထားသည်။ ပြင်သစ်မှ ရုပ်ရှင်ကုမဏီတခုက ကမ်းလှမ်းထားသည်ဟု ဆိုသည်။

“တော်တော်များများကတော့ unofficial ကမ်းလှမ်းပါတယ်။ တရားဝင် ကမ်းလှမ်းတာကတော့ နှစ်လလောက်ရှိပါပြီ။ အင်္ဂလိပ်ဘာသာ ဖြစ်မှ ရိုက်မယ်လို့ စိတ်ကူးထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ စဉ်းစားမယ်ပေါ့ ။ ဒါက တကယ်ဇာတ်လမ်းအစစ်အမှန် ဖြစ်နေတော့” ဟု ထူးထရေးဒင်းဂရု(ပ်) ဥက္ကဋ္ဌ ဦတေဇက မြန်မာတိုင်းမ်ကို ပြောသည်။

ဖေဖော်ဝါရီလက ကချင်ပြည်နယ် မဒွယ်ရေခဲတောင်ခရီးတွင် ရဟတ်ယာဉ်ပျက်ကျပြီး ၃ ရက်အကြာတွင် အစိုးရလေတပ်က ဦးတေဇ အပါအ၀င် ၆ ဦးကို ကယ်တင်နိုင်ခဲ့သည်။

ရဟတ်ယာဉ်ပျက်ကျရာတွင် ပါဝင်သည့် ဦးမောင်မောင်သန်းသည် နှင်းကိုက်ဝေဒနာ အပြင်းအထန် ခံစားရသဖြင့် ခြေ ၂ ဘက် ဖြတ်ခဲ့ရသည်။ စင်္ကာပူသို့ သွားရောက်ပြီး ၇ လကြာ ကုသခဲ့သည်။

“ကျွန်တော်ထင်တာက ကျွန်တော့်ဖိနပ်က သိပ်မကောင်းဘူး။ နည်းနည်းပါးတယ်။ လေယာဉ်မောင်းဖို့ပဲ လုပ်ထားတာ။ နှင်းတောထဲမှာ သွားတဲ့အခါကျတော့ အေးပြီး နည်းနည်းတောင့်လာတယ်။ ပိတ်လို့မရဘူး။ ဇစ်ကိုဆွဲလို့မရဘူး။ အဲဒီနေ့မှာပဲ ရေခဲတဲ့ချောင်းတွေကို ဖြတ်ရတယ်။ ရေတွေဝင်ပြီး ညာခြေမှာ ခဲနေတယ်။ အဲဒါကိုလည်း ထုံနေတဲ့အတွက် မသိဘူး။ စောင်ကလည်းတစ်ထည်ပဲ ပါတယ်။ ခြောက်ယောက်ခြုံရတယ်။ ဟိုဘက်ကဆွဲလိုက်၊ ဒီဘက်က ဆွဲလိုက်နဲ့ ကျွန်တော်က အအေးဆုံး ခံလိုက်ရတယ်” ဟူသော ဦးမောင်မောင်သန်း၏ ပြောပြချက်ကို 7Day ဂျာနယ်တွင် စက်တင်ဘာ ၂၉ ရက်နေ့က ဖော်ပြထားသည်။

ဦးတေဇ၏ ကုမဏီက သူ့ကို တိုက်ခန်းတခန်း၊ လစဉ် ဒေါ်လာ တထောင်၊ သားသမီးတို့အတွက် ပညာသင်စရိတ်များ ပေးမည်ဟု ဆိုသည်။

ဦးတေဇသည် ယခုနှစ် MNL အမှတ်ပေးပြိုင်ပွဲဗိုလ်စွဲခဲ့သည့် သူ၏ ရန်ကုန်ယူနိုက်တက်အသင်းကို ဒေါ်လာ သုံးသိန်း ချီးမြှင့်ခဲ့ကြောင်း 7Dayတွင် အောက်တိုဘာ ၆ ရက်နေ့က ရေးသားထားသည်။

အနောက်နိုင်ငံတို့၏ ပစ်မှတ်ထားပိတ်ဆို့မှုထဲတွင် ဦးတေဇ၊ မိသားစု၊ ထူးလုပ်ငန်းတို့ ပါဝင်နေသည်။ ထူးလုပ်ငန်း၏ ၀င်ငွေသည် တနှစ် ဒေါ်လာ သန်းငါးရာရှိသည်ကြောင်း ထူးသူဌေးကြီး ဦးတေဇက ဧပြီလတွင် အီတလီသတင်းစာတစောင်သို့ ပြောကြားထားသည်။

၁၉၆၄ ခုနှစ်ဖွား ဦးတေဇက ရှစ်လေးလုံး လှုပ်ရှားမှုတွင်လည်း ပါဝင်ဖူးသူဖြစ်သည်ဟု ယခုလထုတ် Forbes မဂဇင်းတွင် ဖော်ပြထားသည်။

“ဒါ ကျနော်တို့ မျိုးဆက်ပေါ့ဗျာ” ဟု ဦးတေဇက Forbes ကို ပြောသည်။ ရန်ကုန်မြို့ပြင်ရှိ သူ၏မိသားစုခြံဝင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ဖူးကြောင်း၊ သူ၏ကားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို မောင်းပို့ခဲ့ဖူးကြောင်း Forbes တွင် ရေးထားသည်။

(He says Suu Kyi later stayed at his family compound outside Yangon, and was driven around in his car, before she was arrested in 1989.)

၁၉၈၉ တွင် ဦးတေဇက ထူးထရေးဒင်းဂရု(ပ်) ကို တည်ထောင်လိုက်ပြီး ယခုအခါ သူ့လက်အောက်တွင် ၀န်ထန်းပေါင်း လေးသောင်းဝန်းကျင် ရှိသည်ဟု Forbes တွင် ရေးထားသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေ၏သားမက်မဟုတ်ကြောင်း ဦးတေဇက Forbes ကို ငြင်းလိုက်ပြီး ဦးသန်းရွှေနှင့် သီးသန့် တကြိမ်သာ ဆုံဖူးသည်ဟု ဆိုသည်။

ရေခဲတောင် ရဟတ်ယာဉ်ပျက်ကျမှု ကယ်ဆယ်ရေး လုပ်ငန်းများကြောင့် ကျေးဇူးတင်ကြောင်း ပြောကြားစဉ်က ထိုသို့ သီးသန့် တွေ့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“စကားပြောရင် ကျနော်က တည့်တည့်ပဲ ပြောတယ်၊ ဝှေ့ဝိုက်မနေဘူး။ တချို့ဗိုလ်ချုပ်တွေက ဒါမျိုးကို အရမ်းကြိုက်ကြတာ။ ဟိုလိုလို ဒီလိုလို ပြောမနေဘူး” ဟု ဧရာမ လုပ်ငန်းကြီးမျိုးစုံကိုလုပ်ကိုင်သည့် ဦးတေဇက Forbes ကို ပြောသည်။

သူ၏ ရိုးသားမှု၊ ပွင့်လင်းမှု၊ ဖခင်ဖြစ်သူ စစ်အရာရှိကြီး ဖြစ်ခဲ့မှုတို့ကြောင့် ဗိုလ်ချုပ်များနှင့် အဆင်ပြေသည်ဟု ဆိုသည်။

အနောက်နိုင်ငံတို့၏ ပိတ်ဆို့မှုကြောင့် သူ ထိခိုက်မှု မရှိဘဲ ပိုမိုချမ်းသာလာသည်ဟုလည်း Forbes ကို ပြောလိုက်သည်။

Forbes ဆောင်းပါးတွင် ၂၀၀၉ မတ်လရက်စွဲဖြင့် အမေရိကန်သံရုံးပေးစာတစောင်တွင် တွေ့ရသည့် ဦးတေဇ စီးပွားရေး ထိခိုက်မှုကိုလည်း ဖော်ပြထားသည်။

ဦးတေဇ၏ လုပ်ငန်းများ အခက်အခဲ ရှိနေကြောင်း သံရုံးက ချိတ်ဆက်ထားသည့် စီးပွားရေးသတင်းရပ်ကွက်များကပြောနေကြသည်ဟု ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts