>Letters from Michigan – 88 ( final part)


>


မစ်ရှီဂန်ကပေးတဲ့စာ(၈၈)
နိဂုံးပိုင်း
အောင်ဝေး
အောက်တိုဘာ ၁၊ ၂၀၁၁



AFP photo

(ဒီတပတ်မှာ- မစ်ရှီဂန်ကပေးစာများ နိဂုံးချုပ် အဆုံးသတ်အနေနဲ့၊ လွန်ခဲ့တဲ့(၄)နှစ်က ရဟန်းရှင်လူ ပြည်သူအများ ပါဝင် လှုပ်ရှားခဲ့ကြတဲ့၊ ၂၀၀၇ စက်တင်ဘာ တော်လှန်ရေး အောက်မေ့ဖွယ်တချို့ ကို တင်ပြထားပါတယ်)


မိတ်ဆွေကြီးကိုဒေါင်း…
ကျန်းခံ့သာလို့ မာပါစ။ ဥတုရာသီများလည်း သာပါစ။ ဒီလိုအချိန်ဆိုရင်၊ ရန်ကုန်မြို့ြ
ကီးပေါ်မှာ မိုးသားတွေ အုံ့ ဆိုင်းနေလိမ့်မယ်လို့ ကျနော်တွေးကြည့်နေမိတယ်။ ကျနော် နေထိုင်ခဲ့တဲ့ ငမိုးရိပ် ချောင်းကမ်းပါးအပေါ်မှာ၊ အစာရှာထွက်တဲ့ ငှက်ကလေးတွေ၊ ဟို ဒီ ပျံသန်းနေလိမ့်မယ် လို့လည်း စိတ်ကူးကြည့်နေမိတယ်။

ဒီလိုနဲ့စိတ်က နောက်ဆုံး ရွှေတိဂုံဘုရား ခြေတော်ရင်းကို ရောက်သွားတော့တယ် ကိုဒေါင်း…။
အိမ်ဝေးသူရဲ့စိတ်ထဲမှာတော့ စက်တင်ဘာမိုးက မတိတ်တော့ဘူး။ စက်တင်ဘာမိုးရေတွေထဲ၊ ရန်ကုန်နဲ့ တခြားမြို့ ကြီးတွေမှာ သင်္ကန်းရောင်တွေ လွှမ်းခြုံခဲ့တဲ့ ရွှေဝါရောင်နေ့ ရက်တွေဆိုတာ၊ ကျနော်တို့အဖို့ ဘယ်တော့မှမမေ့ကောင်းစရာ အမှတ်တရနေ့ ရက်တွေပါကိုဒေါင်း…။

အခုကတော့၊ အခုရောက်ရှိနေတဲ့ ၂၀၁၁ စက်တင်ဘာကနေ ဟိုးလွန်ခဲ့တဲ့(၄)နှစ်က ၂၀၀၇ စက်တင်ဘာကို ပြန်လည်အောက်မေ့ တသမိတာပါပဲ။ ကဗျာလိုပြောရရင် “စက်တင်ဘာမှ စက်တင်ဘာသို့“ လို့ပဲ ဆိုပါတော့ဗျာ။

ရွှေဝါရောင်တော်လှန်ရေးဟာ ဖြစ်ခဲ့တယ်။ ဗမာပြည်မှာ တကယ်ဖြစ်ခဲ့ပါတယ်။ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးရဲ့ ပထမဆုံး အထွေထွေသပိတ်ကြီးကို ၂၀၀၇ စက်တင်ဘာလ (၂၄)ရက်နေ့ မှာ ကျနော်တို့ စတင်လိုက်ကြတယ်။ အဲဒီလို စတင်နိုင်ဖို့ သံဃာတွေဘက်ကရော၊ ကျနော်တို့လူတွေဘက်ကပါ၊ အခက်အခဲတွေ အများကြီးကြားထဲက၊ စွန့် စား ကြိုးပမ်းခဲ့ရတာပါ။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအများကြီး ၀ိုင်းဝန်း ခြံရံပေးခဲ့တာပါ။

EPA photo


ကိုဒေါင်းကြီး… န၀တစစ်တပ်အာဏာသိမ်းခဲ့တဲ့ နှစ်ပတ်လည်၊ စက်တင်ဘာလ(၁၈)ရက်နောက်ပိုင်းမှာ ဆန္ဒပြပွဲတွေဟာ သံဃတိုက်ပွဲကနေ လူထုတိုက်ပွဲအသွင်ကို တစတစ ကူးပြောင်းလာနေပါပြီ။ အဲဒီအချိန်က ကျနော်တို့ကို ဆက်သွယ် ညွှန်ကြားနေတဲ့ သံဃခေါင်းဆောင် ဘယ်သူဆိုတာလည်း ကျနော်တို့ မသိခဲ့ပါဘူး။
စက်တင်ဘာ(၂၄)ရက်၊ ရွှေတိဂုံဘုရား အရှေ့ ဘက်မုခ်၊ ကြေးသွန်းဘုရားမှာ အထွေထွေသပိတ်ကြီး စတော့မှပဲ၊ ရှင်ဥပဂုတ္တရေသိမ်မှာ သီတင်းသုံးနေကြတဲ့ သံဃာ(၇)ပါး ပါဝင်တဲ့ သံဃလှုပ်ရှားမှု ဦးစီးကော်မတီကို ဖူးခဲ့ရတာပါ။

အထွေထွေသပိတ်ကြီးမှာ၊ ကျနော်တို့လူတွေဘက်က လိုက်နာရမယ့် အချက်တွေအနေနဲ့ သံဃာ ခေါင်းဆောင်တွေ ထုတ်ပြန်ထားတာက
(တစ်) သာသနအလံကလွဲလို့ တခြား ဘာအလံမှမထောင်ရ။
(နှစ်) သံဃာ ဆိုင်းဘုတ်ကလွဲရင် တခြား ဆိုင်းဘုတ် ကိုင်ဆောင်ခွင့်မရှိ။
(သုံး) မေတ္တာပို့ဆုတောင်းကလွဲလို့ တခြားဘာကြွေးကြော်သံမှ မကြွေးကြော်ရ-
ဆိုတဲ့ညွှန်ကြားချက်ပါပဲ။

နောက်တခုက… အဲဒီတုန်းက သံဃာခေါင်းဆောင်တွေနဲ့ ကျနော်တို့ တိုင်ပင်သဘောတူခဲ့တာတခုကလည်း၊ အထွေထွေ သပိတ်ကြီးမှာ စီတန်း လမ်းလျှောက်တဲ့အခါ၊ လူထု အဓိကအနေနဲ့ လူတွေက အလယ်ကနေပြီး၊ သံဃာတော်တွေက ဘေးကနေ ၀န်းရံလိုက်ပါဖို့ ဆိုတဲ့ အစီအစဉ်ပါပဲ။

ဒါပေမဲ့ ကိုဒေါင်းရေ… အရာရာဟာစီစဉ်ထားတဲ့အတိုင်း ဖြစ်လာတတ်တာ မဟုတ်လေတော့၊ ပထမဆုံးနေ့ ၊ စက်တင်ာ(၂၄)ရက်နေ့ သံဃာတော်တွေ ဆွမ်းစားပြီးတဲ့အခါ၊ စီတန်းလှည့်လည်ဖို့ တကယ်တန်း တန်းစီကြပြီ ဆိုတဲ့အခါရောက်တော့၊ သိန်းချီနေတဲ့ သံဃာပရိသတ်ကပဲ အလယ်က နေရာယူဖြစ်ပြီး၊ ကျောင်းသား လူငယ်တွေက ဘေးကနေ လက်ချင်းချိတ် ၀န်းရံလိုက်ပါတဲ့ နဂိုပုံစံပဲ ဖြစ်သွားပါတယ်။ သိန်းချီနေတဲ့ လူထုပရိသတ်ကြီးက သံဃာတော်တွေရဲ့ စစ်ကြောင်းနောက်က လိုက်ပါ ချီတက်ခဲ့ကြတာမဟုတ်လား။

အခုအထိ မျက်စိထဲမှာ မြင်ယောင်နေတုန်းပါပဲဗျာ။ ရွှေတိဂုံရားခြေရင်းမှာ သံဃာပင်လယ်၊ လူပင်လယ် ဝေနေခဲ့တယ်။ ရွှေဝါရောင်လှိုင်းလုံးကြီးတွေ တ၀ုန်းဝုန်း ရိုက်ခတ်နေခဲ့တယ်။ သံဃာပရိသတ်၊ လူပရိသတ်ကြားမှာ ကျနော်တို့ စာပေနဲ့ အနုပညာရှင်တွေ အများကြီး တက်တက်ကြွကြွ ပါဝင် လှုပ်ရှားခဲ့ကြတယ်။ ပြည်သူလူထုက သံဃာတော်တွေရဲ့ ဆွမ်းကွမ်း ဝေယျာဝစ္စ၊ ဆေးဝါးအတွက် သူတို့ရဲ့ချွေးနှဲစာတွေကို ရက်ရက်ရောရော ပေးလှူခဲ့ကြတယ်။

အထွေထွေသပိတ်ကြီး စတင်တဲ့ စက်တင်ဘာ(၂၄)ရက်နေ့ မှာတော့၊ သံဃာတွေကသူတို့ ထုတ်ပြန်ထားတဲ့အမိန့် တခုကို လျှော့ပေးလိုက်ပါတယ်။ အဲဒါက ကျောင်းသားလူငယ်တွေရဲ့ “အကြမ်းမဖက်ရေး အမျိုးသားလှုပ်ရှားမှု“ ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ကိုင်ဆောင်ခွင့်ပြုလိုက်တာပါပဲ။ ဒီလိုပါပဲ၊ နောက်တနေ့ စက်တင်ဘာ(၂၅)ရက်နေ့ ရောက်တော့လည်း၊ သံဃာတွေက ကျော်ကိုကိုတို့ ၂၀၀၇ ဗကသ အင်အားစုရဲ့ ခွပ်ဒေါင်းအလံ နှစ်လက်ကို ထောင်ခွင့် ပြုခဲ့ပြန်ပါတယ်။

အထွေထွေ သပိတ်ကြီး နှစ်ရက်စလုံးမှာ၊ နွေးထွေး တက်ကြွတဲ့ အားပေးထောက်ခံမှုတွေ အများကြီး ရခဲ့တာပါ။ တချို့ ကဆိုရင် နိုင်ငံရေးအကြံပြုစာတမ်းတွေတောင် လာပေးခဲ့ကြပါတယ်။ သက်ကြီး ၀ါကြီး နိုင်ငံရေးသမားကြီးတွေက၊ ကျနော်တို့လို ငချွတ်ငတားလေးတွေကို သိကြားဘုရားအထိ လာတွေ့ ပြီး အားပေးခဲ့တာပါ။

စက်တင်ဘာ(၂၅)ရက်နေ့ ဆူးလေဘုရားနဲ့ မြို့ တော်ခန်းမရှေ့ မှာ တွေ့ လိုက်ရတဲ့ သံဃာနဲ့ လူထုပရိသတ်ကြီးဟာ အဆုံးအဖြတ်တခုပေးနိုင်တဲ့ အနေအထားကို ရောက်ရှိနေပြီ လို့တောင် စိတ်ထဲမှာ မျှော်မှန်း အားတက်မိခဲ့တဲ့အထိပါ။

ဒါပေမဲ့၊ ကျနော်တို့ ထင်သလို ဖြစ်မလာခဲ့ဘူး။ စက်တင်ဘာ(၂၆)ရက်နေ့ မှာ ကျနော်တို့စတင် ချေမှုန်းခံခဲ့ရတယ်။

AP photo


အခု ရွှေဝါရောင်တော်လှန်ရေး(၄)နှစ် ပြည့်တဲ့အချိန်မှာ ပြန်ကြည့်လိုက်တော့၊ ကိုယ်တိုင် ပါဝင်ခဲ့တဲ့အထဲက ကျနော်တို့၊ ဆရာမ နှင်းပန်းအိမ်တို့က ပြည်ပကို ထွက်ပြေးခဲ့ကြရတယ်။ သံဃာခေါင်းဆောင် တချို့ လည်း အဝေးရောက်ကုန်တယ်။ အဖမ်းခံခဲ့ရတဲ့ သံဃာတွေ၊ NLD လူငယ်တွေ၊ ကျောင်းသားတွေ ထောင်ထဲမှာ အများကြီး ရှိသေးတယ်။ ကိုဇာဂနာတို့၊ ကိုဇော်သက်ထွေးတို့ ထောင်ထဲက မလွတ်သေးဘူး။ ကိုကျော်သူ ရုပ်ရှင် မရိုက်ရတော့ဘူး။

ကိုဒေါင်းရေ… ကျနော်တို့ ရှုံးသလား၊ နိုင်သလား၊ အောင်ပွဲကို ဘယ်သူရသွားသလဲ။ သမိုင်းကပဲ အဆုံးအဖြတ် ပေးပါလိမ့်မယ်။ ဒီစကားနဲ့ပဲ မစ်ရှီဂန်က ပေးစာကဏ္ဍကို အဆုံးသတ်လိုက်ရပါတယ်ဗျာ။
အားလုံး ကျန်းမာ ချမ်းသာကြပါစေ။ မြန်မာ့ဒီမိုကရေစီအရေးတော် ပုံအောင်ပါစေ။ ။

အောင်ဝေး
စက်တင်ဘာ ၁၉-၂၀၁၁။

မူရင်း – လွတ်လပ်တဲ့အာရှအသံ www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts