သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – တရားဝင်တဲ့ ကျည်ဆန်

ငြိမ်းချမ်းအေး – တရားဝင်တဲ့ ကျည်ဆန်
(မိုးမခ) ဇန်န၀ါရီ ၇၊ ၂၀၁၅

“ချစ်မေမေ” ကိုယ်တိုင်က “ရန်ကုန်ကလူဆို မပြောရဘူး၊ ဝင်မပါနဲ့” ဆိုခဲ့ဖူးတော့ အခု အကောင်အထည်ဖော်ရေး ကော်မတီ ဆိုတဲ့ အာဏာရှင် လက်ကိုင်ဒုတ်က “ပြင်ပ သွေးထိုး လှုံ့ဆော်မှုတွေကြောင့် ဒေသခံတွေ နားယောင်ပြီး အကြမ်းဖက်ခဲ့ကြ” လို့ ထမင်းရည်ပူလျှာလွှဲ ဆိုနိုင်ပြီပေါ့။

“ချစ်မေကြီး” မတရားဖိနှိပ် ဖမ်းဆီးခံနေရတုန်းက ဒက်စမွန်တူးတူး အစ၊ ဒလိုင်းလားမား အဆုံး တကမ္ဘာလုံးက အသံထွက် ဝင်ပြောပေးခဲ့တာတွေ ဒီမိုကရေစီ ကလိယုဂ် ခေတ်ပျက်ကြီးရောက်မှ ပြင်ပက သွေးထိုးလှုံ့ဆော်သူတွေ ဖြစ်ခဲ့ကြောင်း သိရတော့တယ်။

ဘယ်သူ့ အလုံးက ဘယ်သူ့ထဲ ရောက်သလဲတော့ မသိ၊ အခု ပြည်သူခမျာ “ပြင်ပသွေးထိုးလှုံ့ဆော်မှု” တရားထပ်မံ ကြားနာခဲ့ရပြန်ပါပြီ။

“အကြမ်းဖက်ခဲ့ကြ” ဆိုတဲ့ စကားလုံးတောင် ပြန်အသုံးခံရသေး ခင်ဗျာ။  သူက သားကို လက်သီး ‘ကြီး’ နဲ့ ထိုးလို့ သားက သူ့ကို ဓား ‘ကလေး’ နဲ့ ပြန်ထိုးရတာပါပေါ့။  တတ်လည်း တတ်နိုင်ကြပါပေ့။  ဟုတ်လည်း ဟုတ်ပေ့ ကော်မရှင်တွေ၊ ကော်မတီ ဆိုတာတွေ။  တခါဖွဲ့လိုက် လူထုမှာ တခါ အစော်ကားခံရ။  နာလည်းနာသေး နံလည်း နံသေး အပေါက်မျိုးတွေက များလွန်းလို့ ပျို့ချင်အန်ချင်စိတ်တောင် မရှိတော့ပါဘူး။

ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာကို အရင် ခွင့်တောင်းဖို့ “ဒီမိုကရေစီ မိခင်ကြီး” ကိုယ်တိုင်က မြွက်ဟခဲ့ဖူးတော့ အခု ဆန္ဒပြသူသာ အပြစ်ဖြစ်ရ၊ လူသတ်ကောင်တွေ အပြစ်လွတ်ခွင့်ရသွား ‘ပြန်’ ပါပြီ။

ထုံးစံအတိုင်း သွေးစွန်းတဲ့လက်တွေ လွတ်မြဲ လွတ်ခွင့်ရနေတာဟာ မထူးဆန်းပေမဲ့ လူသတ် အကြမ်းဖက်ခွင့် တရားဝင် အခိုင်အမာ ရနေပြီဆိုတာ ဖြစ်စဉ်တခုပြီး တခု လူသတ်ခွင့်အာဏာ တိုးလာခြင်း၊ ပိုမို လက်ရဲဇက်ရဲ နိုင်လာခြင်း လုပ်ရပ်တွေက ရွံ့ရှာဖွယ် လူထု အော့နှလုံးနာ ထိခိုက်စေလှပါတယ်။

တရားမျှတရေး၊ အဂတိ ကင်းတဲ့ တည်ဆဲ ဥပဒေတွေ ဖြစ်ရေး ဇောင်းမပေးဘဲ “တရားဥပဒေစိုးမိုးရေး” သာ “ကျေးဇူးကြီးပေ ဒို့မေမေ” က အတွင်တွင် အော်ခဲ့တော့ အခု “လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆောင်ရွက်ခဲ့တယ်” လို့ ဆင်ခြေ ပေးနိုင်ခဲ့ပြီပေါ့။

ပိုက်ဆံယူ မြေသိမ်းခံဖို့ “လူထုခေါင်းဆောင်” ဆိုသူ ကိုယ်တိုင်က လိုက်လံ လော်ဘီ လုပ်ပေးခဲ့၊ တောသူတောင်သာတွေ အောက်စ်ဖို့ဒ် ထွက်နဲ့ယှဉ် အကျိုးသင့် အကြောင့်သင့် မပြောနိုင်တာကို နင်း ဟောက်စား လုပ်ခဲ့တော့ အခု “လျော်ကြေးပေးငွေတွေကို ဒေသခံတွေအားလုံးထုတ်ယူကြပြီး ဖြစ်တယ်” ဆိုပြီး တဖက်သတ် ကြေညာချက်ထုတ်နိုင်ပြီပေါ့။

မထူးဆန်းဘူး။ ဘာမှ မထူးဆန်းဘူး။

ကိုယ့်လူတွေ သူ့ဘက်သား ဖြစ်နေမှတော့ မီးလောင်တိုက်သွင်း ခံရတာလည်း တရားဝင်တယ်။  ကျည်ဆန်ကလည်း ဥပဒေ စိုးမိုးတယ်။  အမြောက်ဗုံးကလည်း တရားမျှတတယ်။

စစ်အုပ်စုရဲ့ မတရား ဖိနှိပ် ရက်စက် အာဏာပြမှု အစုစု အတွက် ယိုသမျှချီး ပုစွန်ဆိတ်ခေါင်းထဲချည်း ဘာကြောင့် ပုံလိုသလဲ မေးချင်ပါမယ်။  (၂၀၁၂) ဧပြီအရူးထခဲ့ချိန်ကစလို့ တရားဝင်တဲ့ စစ်အာဏာရှင်စနစ်ကို “သိဒ္ဓိ”တင်ပေးခဲ့ခြင်း စစ်လွှတ်တော်နိုင်ငံရေး လမ်းတလျှောက်မှာ ဒီမိုကရေစီအင်အားစုဟာလည်း အလိုတူ အလိုပါ သဘော ဖြစ်ပါပြီ။  စစ်အုပ်စု ထင်တိုင်းကြဲ ပြုမူသမျှတွေအတွက် ပြည်သူတွေကျခံရတဲ့ သွေး၊ ချွေး၊ မျက်ရည် အစုစု အတွက် ပူးတွဲတရားခံစာရင်းဝင်ပါပြီ။

ပြည်သူက ဆန်ရင်းကိုပဲ နာနာဖွပ် ရပါမယ်။  ကိုယ့်ပေါင်ကိုပဲ အားမနာစတမ်း လှန်ထောင်းရပါမယ်။  ကျားကို မသနားလို့၊ ဥပုသ် မစောင့်လို့ အပြစ်သွားတင်ချင်လို့ မရပါ။  “ကျားသနားမှ နွားချမ်းသာ” မယ့် လမ်းကို သိလျက်နဲ့ ရွေးခဲ့လောက်အောင် နွားကျသူတွေ၊ မိုက်တွင်းဆက်နစ်ချင်၊ နှစ်ချင်သူတွေကိုသာ အပြစ်ဆို၊ ဝေဖန်ထောက်ပြ တည့်မတ်ရပါမယ်။  ခေါင်းဆောင်တွေ မေတ္တာရိက စစ်ကျွန်ခံ ကျွန်သက်ရှည်ချင်လို့ လျှောက်တဲ့လမ်းမှာ ပြည်သူဟာ ကျွန်ဝယ်ရာအဆစ်ပါ ဖြစ်နေရတာ တကယ့်ကို ကြေကွဲစရာပါ။

ဒီလမ်းဆက်လျှောက်သရွေ့ (၂၀၁၅) လည်း (၂၀၁၄) လိုပဲ ကျည်ဆံတွေ၊ မျက်ရည်တွေ၊ သွေးကွက်တွေ၊ ပူဆွေးသောကတွေ အပြည့်နဲ့ ရက်စွဲတွေချည်း ပြည့်နှက်နေဦးမှာပါပဲ။  ပြည်သူကို တကယ် မနာစေချင်ရင် မိမိလျှောက်နေတဲ့ ငရဲမီးပန်းပွင့်၊ ကျည်ဆန်မိုးရွာ၊ သွေးနံ့ ထုံမွမ်းတဲ့ “ခွေးတူဝက်တူ ဒီမိုကရေစီ” လမ်းကြောင်းကို ရပ်သင့်နေပါပြီ။  ဆုတ်လည်းဆူး စားလည်းရူးမို့ ရှေ့ဆက်တိုးမယ် ဆိုရင်လည်း ဒီထက် ခိုင်မာတဲ့ မူဝါဒ၊ ထိရောက်တဲ့ အလုပ်၊ ကျယ်လောင်တဲ့ အသံတွေ အားဖြည့်ဖို့ မဖြစ်မနေ လိုနေပါပြီ။

အခု တဖက်က နောက်ဆုံး ခြေလှမ်းတွေ ပြင်ဆင်ပြီးပါပြီ။  ဗိုလ်သိန်းစိန်ကလည်း သမ္မတ ဆက်လုပ်မယ်၊ ဗိုလ်ရွှေမန်းကလည်း သမ္မတ ရာထူး ယူမယ်။  ဒီမိုကရေစီ မမြဝင်း  တယောက် ကိုကိုချစ်လား၊ ဗိုလ်အောင်ဒင်လား ‘ဗျာပါရ’ များ ‘ကြောင့်ကြ’ ရအောင် အလုပ်သစ်တွေ နှစ်စမှာပဲ စပေးနေပါပြီ။

ရှင်မဟာရဋ္ဌသာရက သာသနာ အကျိုး အတွက် “နှမလက်လျှော့ နေလေတော့” ဆိုခဲ့သလို စစ်ဗိုလ်ချုပ် အဟောင်း အသစ်ကြီးများကလည်း (၂၀၁၄) မှာကတည်းက စစ်အုပ်စုအကျိုးအတွက် “၅၉ စ” မပြင်လိုကြောင်း “နှမလက်လျှော့နေလေဖို့” အထင်အရှားလည်း ပြောခဲ့ပြီးပါပြီ။  စစ်ဗိုလ်ကြီးများ နေရာလုပွဲမှာ ဒီမိုကရေစီရွှေမင်းသမီး အနေနဲ့ တဖက်ဖက်ကို ဝင်မရပ်ဘဲ လှေနံနှစ်ဖက်စလုံးကို စုံလုံးကန် ပြည်သူဆိုတဲ့ ကမ်းပါးကိုနင်း လူထုရင်ခွင့် ခိုလှုံ၊ လူထုဒီမိုကရေစီတရား (၂၀၁၅) မှာ ဖော်ဆောင်နိုင်ဖို့ ဘယ်လို အလုပ်တွေ လုပ်၊ ဘယ်လို စကားတွေ ပြော၊ ဘယ်လို ဦးဆောင်မှုတွေ လုပ်ပြပါမလဲ ခင်ဗျာ။

မတရားတဲ့ ဥပဒေတွေ စိုးမိုးရေး စကားတွေ၊ မီးဗုံးခွဲ၊ လူသတ်၊ အကြမ်းဖက်၊ ဘူဒိုဇာ ထိုးတဲ့ “ဓားမိုးကရေစီ” ကို တရားဝင်စေတဲ့ အလုပ် ဦးဆောင်မှုတွေတော့ (၂၀၁၅) မှာ မမြင်လိုတော့ပါ။

ဒီပုံနဲ့ မိုးကြီးချုပ်လို့ သန်းခေါင်တိုင်ခဲ့ပါပြီ။

ဒီလမ်း ဒီစခန်း နဲ့တော့ ဒီက ရှေ့လျှောက် လယ်သမား၊ ယာသမား လူထု နင်းပြားများ အသာတကြည် အေးအေး မြေသိမ်းခံ၊ လယ်သိမ်း ယာသိမ်းခံ၊ အိမ်ဖျက်ခံကြပါလို့ပဲ တိုက်တွန်းရမလို ဖြစ်နေပါပြီ။

အကြောင်းက မခံရင် ဗမာ့ ဒီမိုကရေစီ မှာ “တရားဝင်တဲ့ စစ်အာဏာရှင်စနစ်” နဲ့အတူ “တရားဝင်တဲ့ ကျည်ဆံတွေ” ရှိနေလို့ပါပဲ။

ငြိမ်းချမ်းအေး
မိုးမခ၊ ဇန်နဝါရီ ၀၆၊ ၂၀၁၅

(ဆောင်းပါး ပါ အာဘော်ကို ဝေဖန် ထောက်ပြရန် nyeinchanaye81@gmail.com သို့ စာရေး နိုင်သည်။)
×××××

ဆက်စပ်သတင်း —

အကောင်ထည်ဖော်ရေးကော်မတီ သတင်းထုတ်ပြန်

လက်ပံတောင်းမှာ ဖြစ်ပွားတဲ့ ဒေါ်ခင်ဝင်သေဆုံးခဲ့ရပြီး တောင်သူ ၉ ဦးဒဏ်ရာရခဲ့တဲ့ ပဋိပက္ခဟာ ပြင်ပအဖွဲ့အစည်းတွေနဲ့ ကွန်ယက်အဖွဲ့တွေရဲ့ သွေးထိုးလှုံ့ဆော်ကို ဒေသခံတွေက နားယောင်ပြီး အကြမ်းဖက်ခဲ့ကြလို့ ဖြစ်ရတာလို့ ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီက ပြောလိုက်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီက မနေ့က ဇန္နဝါရီလ ၅ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ချက်တရပ်ထုတ်ပြန်ရာမှာ အဲသလို ဖော်ပြခဲ့တာဖြစ်ပါတယ်။

လျော်ကြေးပေးငွေတွေကို ဒေသခံတွေအားလုံးထုတ်ယူကြပြီးဖြစ်တယ်လို့လည်း အဲဒီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စုံစမ်းစစ်ဆေးရေးကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အစီရင်ခံစာပါ အကြံပြုချက်တွေကို ကော်မတီက မလိုက်နာလို့ အခုလို လူသေဆုံးတဲ့အထိကြီးကျယ်တဲ့ ပဋိပက္ခတွေဖြစ်ခဲ့ရတာလို့ ဝေဖန်ထားခဲ့ပါတယ်။

Source: BBC Burmese


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ငြိမ်းချမ်းအေး – တရားဝင်တဲ့ ကျည်ဆန်
  1. ဘာဘဲဖြစ်ြ်ဖ်စ် သေနတ်နဲ့ ဘဲ ဖြေရှင်းတတ်လား။
    ရှေ့ကသူတွေက ဒီအတိုင်းဖြေရှင်းရင်း နောက်ကသူတွေ
    ဒီအတိုင်းအမှန်ထင်နေကြ တော့ တိုင်းပြည်ဒုက္ခရောက်ပြီပေါ့။

Comments are closed.