သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – လက်ပိုက်ရပ်မနေကြပါနဲ့

 
ငြိမ်းချမ်းအေး – လက်ပိုက်ရပ်မနေကြပါနဲ့
(မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၁၅
ကျနော့် YouTube ရုပ်သံသီချင်းလိုင်းမှာ ငှက်ရဲ့ “အရေးကြီးပြီ” သီချင်းက ဇန်နဝါရီ (၂၁) ရက်နေ့က စ ရုတ်တရက်ချက်ချင်း နားထောင်သူ အရေအတွက် တိုးလာကြောင်း YouTube က ပြောတယ်။  ဖြစ်ရပ်ကလေးက မပြောပလောက်ပေမဲ့ လူသာမန်များရဲ့ ကျောင်းသားသပိတ် အပေါ် တုံ့ပြန်မှုရလဒ်ပဲ ဆိုတဲ့ အသိကိုပေးတော့ အားတက်ရတယ်။
အခု ကျောင်းသားလူငယ်တွေ ချီတက်ရာ လမ်းကြောင်းမှာ ပါဝင် ပံ့ပိုးကူညီတဲ့ ရပ်ထဲ ရွာထဲက သာမန် လူထု ကို ကြည့်ပါ။
အာဏာရှင်၊ ဒီမိုကရေစီ သီအိုရီ မသိဘူး။  အသွင်ကူးပြောင်းမှု ကာလ ဆိုတာတွေ နားမလည်ဘူး။
ဒါပေမဲ့ မတရားမှုကို ဆန့်ကျင်ရမယ်၊ ဖိနှိပ်သူကို တော်လှန်ရမယ် ဆိုတဲ့ အသိစိတ်ဓာတ်က လူထု စိတ်မှာ ကိန်းအောင်းနေပြီး ဖြစ်လို့ ဝိုင်းဝန်းနေကြတာပါ။
လူထုက  တကယ့် ကို ရင်ထဲ အသည်းထဲက “အဆုံးသတ်တိုက်ပွဲ” ကို မြင်လို လှပြီ။
“အရေးကြီးပြီ” ဆိုတဲ့ အချိန်အခါ ကို လူထု  နိုင်ငံရေး ရေချိန်က သိတယ်။
“ငါဒို့ရဲ့ သမိုင်း သစ်ကို ငါဒို့ ကိုယ်တိုင် ရေးထိုးရမယ်” အကြောင်းကို လူထုက သိပြီး ဖြစ်တယ်။
တော်လှန်ရေး အပေါ် “သွေးသစ္စာ” ပြုဖို့ကို လူထု က ဘယ်တော့မှ မပျက်ကွက်ခဲ့ပါဘူး။
 “အခါတိုင်ပြီ လက်မလွှတ်နဲ့ မကြေတဲ့ အကြွေးဆပ်ဖို့..”
“နီတဲ့သွေး ရဲရင့်လို့ ရန်သူ ‘မင်း’ ရှေ့ကို ချီတက်ဖို့..”
ဝိုင်းဝန်းဖို့ရာ လူထုက တခါမှ နောက်မတွန့်ခဲ့ဖူးဘူး။
မသိတာက၊ နှောင့်နှေးတာက ခေါင်းဆောင် ဆိုတဲ့ သူတွေပါ။
ဗမာ့ နိုင်ငံရေး သမိုင်း ကို ကြည့်ပါ။
တဖြည်းဖြည်း နဲ့ ပြောင်းလဲလာမှာပဲ ဆိုတဲ့ နိုင်ငံရေး လမ်းစဉ် ရွေးသူတွေ တဖြည်းဖြည်းနဲ့ ဘေးရောက်ခဲ့တာ ဒိုင်အာခီ ခေတ်ကတည်းကပါ။  အတွင်းဝင် ပေါင်းတိုက်မယ် ဆိုတဲ့သူတွေ နောက် ပေါင်းစား ဘဝ သာ ရောက်ခဲ့ရတာလည်း ဒိုင်အာခီ ခေတ် ကစတာပါပဲ။
ဒီလို ခေါင်းဆောင်တွေ ပျက်စီးသွားခဲ့ပေမဲ့ အဲဒီ အချိန်က လူထုကြားမှာ ဒိုင်အာခီ အုပ်ချုပ်ရေး ကို ဘယ်လောက်တောင် လက်မခံဘူးသလဲဆိုရင် “ဒိုင်အာခီ” ဆိုတဲ့ စကားလုံး ကို ရွံရှာလွန်းလို့ ဆဲသလို နာကြတယ်။  “ဟဲ့.. နင်က ဒိုင်အာခီ မ” ဆိုရင် ပြင်းထန်တဲ့ ဆဲရေးတိုင်းထွာမှုလို အရပ်ထဲမှာ ခံယူခဲ့ကြတယ်။
ဗမာ့လူထုနိုင်ငံရေး က အဲဒီလို ရပ်တည်မှု မှန်ခဲ့တာပါ။
ဖိနှိပ်သူ အာဏာရှင် လူထုတော်လှန်ရေးတွေမှာ အဆင့်တွေ တဆင့်ပြီး တဆင့် ကျော်ဖြတ်ရပါတယ်။
ကျောင်းသား၊ လယ်သမား၊ သံဃာ အကြောင်းတခုခုကြောင့် စတင် ဆန္ဒပြမှုတွေ ဖြစ်မယ်။  ဒါကို လူထု လူအများ ပူပေါင်းလာမယ်။  ဒီလိုနဲ့ အစိုးရ အုပ်ချုပ်ရေး ယန္တရား တခုလုံးရပ်တန့်စေမယ်။  နောက်ဆုံး အစိုးရ ဘက်တော်သား ဝန်ထမ်းနဲ့ စစ်တပ် ပါ ပူးပေါင်းပါဝင် အာဏာရှင် ဖိနှိပ်သူကို ဖြုတ်ချမယ်။  ဒီလို အဆင့်ဆင့်တွေကို ကမ္ဘာ့ အာဏာရှင်တော်လှန်ရေး တွေ မှာ ပုံစံတူ တွေ့ရမှာပါ။
ဗမာ့သမိုင်းက တော်လှန်ရေးတွေမှာလည်း အလားတူဖြစ်ခဲ့တာပါပဲ။  ဒါပေမဲ့ အဆုံးသတ်တိုက်ပွဲ အတွက် ခေါင်းဆောင်တွေ နည်းပရိယာယ် အားနည်းခဲ့တယ်၊ ညီညွတ်မှု နည်းခဲ့တယ်။
ဒီလို သမိုင်းဆိုးတွေကို သင်ခန်းစာယူရပါမယ်။  ဒါမှ မင်းဆိုးမင်းညစ်အောက်က လွတ်မြောက်နိုင်မှာပါ။
ဘယ်တော်လှန်ရေးမှ၊ ဘယ်လူထု လှုပ်ရှားမှု မျိုးမှ နိုင်ငံရေး ကျွမ်းကျင်သူ ပညာရှင် သုခမိန် ဆိုသူတွေ ကြိုတင် မခန့်မှန်းနိုင်ခဲ့ပါ။  အဝေးရောက်၊ အနီးရောက် ဗမာ့အရေးကျွမ်းကျင်သူ အဖြူ၊ အညို၊ အဝါ ဘယ် ကဝိမှ ပြီးခဲ့တဲ့ သမိုင်းက လူထုအုံကြွမှုတွေကို ဟောကိန်း မထုတ်နိုင်ခဲ့ပါ။  အဖိနှိပ်ခံ တိုင်းပြည်မျိုးမှာ လူထုနိုင်ငံရေးက အချိန်မရွေး ထပေါက်ကွဲ နိုင်တဲ့ ဗုံးကြီးမျိုးပါ။  ဘာဖြစ်လာမလဲဆိုတဲ့ အတိုင်းအတာ အတိမ်အနက်ကို ဘယ်သူမှ မခန့်မှန်းနိုင်ပါ။
အခု ကျောင်းသားအရေးလှုပ်ရှားမှုကလည်း အလားတူသဘောပါပဲ။  လူထု အစစ်အမှန်ကတော့ ကျောင်းသားလေးတွေ ဘက်က အပြည့်ရှိပါတယ်။  လူထု ခေါင်းဆောင်၊ လူထု နိုင်ငံရေးသမား ဆိုသူတွေသာ တကယ် လူထုကိုယ်စားပြုကြောင်း ပြနိုင်ဖို့၊ လူတစု ခေါင်းဆောင်၊ လူတစု နိုင်ငံရေးသမား ကျတ်ပြေး ကိုယ်စားလှယ်များ သက်သက်မဟုတ်ကြောင်း ပြနိုင်ဖို့ အခု ကျောင်းသားအရေးကို ဝိုင်းဝန်းဖို့ လိုနေတာပါ။
လက်ရှိ ကျတ်ပြေးလွှတ်တော် နိုင်ငံရေး ကိုက ဒီလို ကျောင်းသားလှုပ်ရှားမှုတွေ၊ လူထုလှုပ်ရှားမှုတွေရဲ့ ရလဒ်ပါ။  ဆိုတော့ ခေါင်းဆောင်ဆိုသူများမှာ ကျောင်းသားလေးတွေကို စောင့်ရှောက်ဖို့ ကျင့်ဝတ် တာဝန် ရှိပါတယ်။  
အာဏာရှင်တော်လှန်ရေး လူထုလှုပ်ရှားမှုမှာ အောင်မြင်ပြီးမြောက်ဆောင်ရွက်နိုင်အောင် ဆိုခဲ့သလို ဖြတ်ကျော်ရမယ့် အဆင့်တွေ အများကြီး ရှိပါတယ်။  ဒါပေမဲ့ အဲဒီ အဆင့်တွေထဲမှာ ခေါင်းဆောင်တွေ ပူးပေါင်းမှု ဆိုတဲ့ အဆင့်တော့ မပါသင့်ပါဘူး။
ဒီမိုကရေစီ၊ လူ့အခွင့်အရး နဲ့ လွတ်လပ်မှု ကို မြတ်နိုးသူ နိုင်ငံရေး ခေါင်းဆောင်၊ လူထု ခေါင်းဆောင် အားလုံး သာမန် လူထုကိုစံနမူနာပြု ကျောင်းသားလေးတွေနဲ့အတူ ရပ်တည်ကြပါ။  လက်ပိုက်ရပ်မနေကြပါနဲ့။  လက်ရုံးတွေကို လူထုနဲ့ အတူ ဆန့်တန်းလိုက်ကြပါ ခင်ဗျာ။
ငြိမ်းချမ်းအေး
ဇန်နဝါရီ ၂၄၊ ၂၀၁၅
×××××××××××
(အရေးကြီးပြီ.. ညီနောင်.. အပေါင်းတို့.. သွေးစည်းကာ.. ညီစေ.. ညီ.. ကြစို့..
ငါတို့ရဲ့.. သမိုင်းတခေတ်ကို.. ငါတို့.. သွေးနဲ့.. ရေးခဲ့ပြီ..
သွေး.. သစ္စာလည်း ပြုခဲ့သည်..)၂
(နိုင်ငံတော်.. အတွက်.. ဆို.. အသက်.. ကိုလည်း.. ဘာမထီ..
သေပါစေ.. ခွပ်ဒေါင်းသွေး.. ဟေ့.. ရဲရဲ.. ရှေ့ကိုချီ..)၂
လွတ်လပ်ခွင့်.. နဲ့ ငြိမ်းချမ်းရေး.. အတွက်.. ရည်.. အဆုံးသတ်တိုက်ပွဲ.. ငါတို့.. နွဲရမည်..
အရေးကြီးပြီ / အဆုံးသတ်တိုက်ပွဲ / သွေးသစ္စာ ၊ သံစဉ်/စာသား – ထူးအိမ်သင် ၊  တေးဆို – မွန်းအောင် ၊ တေးစု – ငြိမ်းချမ်းရေးတိုက်ပွဲ (၁၉၉၂)
နားဆင်ရန် YouTube Music Video URL: http://youtu.be/frdzChPz9h0
×××××××××××
နီတဲ့သွေး ရဲရင့်လို့ ရန်သူ မင်းရှေ့ကို ချီတက်ခဲ့ကြပေမဲ့
စိုက်ခဲ့သမျှ ကျနော်တို့ မရိတ်သိမ်း ရသေးပါဘူး။
မကြေတဲ့ အကြွေးတွေ ဆပ်ဖို့
ငြိမ်းချမ်းရေး အတွက် တိုက်ပွဲတွေ ဆက်လက် လိုနေသေးပါတယ်။
အားလုံးပူးပေါင်းပါဝင်ကြပါ။
ကိုနေဝင်း ရဲ့ နာမည်ကျော် ငြိမ်းချမ်းရေးတိုက်ပွဲ နားဆင်ရန် —
YouTube Music Video URL: http://youtu.be/lVSx_-flLoI

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts