>Tu Maung Nyo – Open Letter to Than Htut Aung

>

ဒေါက်တာသန်းထွဋ်အောင်သို့ အိတ်ဖွင့်ပေးစာ
တူမောင်ညို
စက်တင်ဘာ ၂၇၊ ၂၀၁၁
(၂၆ စက်တင်ဘာ) မနေ့ကရန်ကုန်မြို့မှာ လူ၂၀၀ ခန့်ပါဝင်တဲ့ စီတန်းလှည့်လည်တဲ့ ဆန္ဒဖေါ်ပြပွဲတစ်ခုပေါ်ပေါက်ခဲ့ပါတယ်။၂၀၀၇ခုနှစ်၊ ရွှေဝါရောင်နှစ်ပတ်လည် အထိမ်းအမှတ်လို့ ပြောသူကပြောပါတယ်။ အဝါရောင်တီရှပ်တွေလည်းတူညီဝတ်ဆင်ထားကြပါတယ်။ဒီပွဲမှာ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေ၊ ၈၈မျိုးဆက် ကျောင်းသားမိသားစုဝင်တွေ၊ အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့ကအဖွဲ့ဝင်တွေပါ တယ်လို့ ဆိုပါတယ်။
အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီးပြောကြသူတွေထဲမှာ (EMG)ရဲ့ (CEO)  ဒေါက်တာသန်းထွဋ်အောင် ပြောတဲ့စကားတွေက သိပ်ကို တရားလွန် လွန်းပါတယ်။ဘယ်လောက်လွန်သလဲသိရအောင် သူပြောတာတွေကို အရင်ဖေါ်ပြပါမယ်။ ပြီးမှမေးခွန်း ထုတ်ကြတာပေါ့။
“မကြာမီမှာ လွတ်ငြိမ်းချမ်းသာခွင့်(Amnesty)ရှိတယ်။ တိုင်းပြည်တည်ငြိမ်မှုနဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဖို့ရှိတယ်။ မြစ်ဆုံပြဿနာဖြေရှင်းဖို့ရှိတယ်။ မြစ်ဆုံပြဿနာကလည်း ပြေပြေလည်လည် ဖြစ်သွားမှာပါ။ လက်ရှိမြန်မာနိုင်ငံရေးရေချိန်ကArab style uprising  ဖြစ်စရာမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလိုပြောထားတယ်။ဒီလိုဆန္ဒပြမှုတွေကို ဘယ်သူမှ မလုပ်စေချင်ဘူး။ တိုင်းပြည်မတည်မငြိမ်ဖြစ်ရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှောင့်နှေးသွားမယ်၊နိုင်ငံရေးအကျဉ်းသားတွေအရေး နှောင့်နှေးသွားမယ်။ ဒါကို ဘယ်သူတွေကလုပ်ချင်နေကြတာလဲ။သံဃာအရေးအခင်းနှစ်ပတ်လည်ပဲဖြစ်ဖြစ်၊ မြစ်ဆုံကိစ္စပဲဖြစ်ဖြစ် အခုချိန်မှာ ဘာဆန္ဒပြမှုကိုမှကျွန်တော်မဖြစ်စေချင်ဘူး။ ‘လုံးဝ’ လက်မခံဘူး။ နောက်ကွယ်က အကြောင်းကိုဖော်ထုတ်ရမယ်။ဘယ်သူတွေက လုပ်နေကြတာလဲ။ ဒါကို အကြောင်းပြပြီး နိုင်ငံတိုးတက်ရေး၊ အမျိုးသားပြည်လည်ရင်ကြားစေ့ရေးကိုနစ်နာအောင်လုပ်မယ်ဆိုရင်တော့ လွဲသွားလိမ့် မယ်”
ဟု Eleven MediaGroup ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်’’
          (CEO)ရဲ့ပြောစကားအတိုင်းသာဆိုရင် ကျနော်တို့သည်ဘာမျှလုပ်စရာမလိုတော့ပဲ၊ ကိုယ့်အိမ်မှာကိုယ်ငြိမ်ငြိမ်ကလေး ထိုင် စောင့်နေဖို့သာရှိတော့သည်။   လွတ်ငြိမ်းချမ်းသာခွင့်၊နိုင်ငံရေးအကျဉ်းသားလွှတ်ရေး၊ မြစ်ဆုံပြသနာတွေ ပြေပြေလည်လည်ဖြစ်သွားမှာပါလို့ ခင်ဗျားအာမခံ ချက်ပေးနိုင်သလား။
          Arabstyle uprising ဖြစ်စရာမရှိဘူး။ ဒီလိုဆန္ဒပြမှုတွေ ဘယ်သူမှမလုပ်စေချင်ဘူးဆိုတာ ဆန္ဒပဲဖြစ်တယ်။မတရားမှုတွေ ရှိနေရင်၊ ဖိနှိပ်မှုတွေရှိနေရင် ဆန္ဒပြမှု၊ သပိတ်မှောက်မှု၊ တော်လှန်ပုန်ကန်မှုတွေဖြစ်ပေါ်လာမှာပဲ။
 ဖိရင်ကြွမှာပဲ။ ထိရင်ချရမှာပဲ။ ဒါက သဘာဝ။  ဒါဟာ ဘယ်သူတစ်ဦး တစ်ယောက်ရဲ့ စိတ်ဆန္ဒနဲ့မျှမသက်ဆိုင်ဘူး။ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ စိတ်ဆန္ဒနဲ့လည်း တားဆီးပိတ်ပင်လို့မရနိုင်သလို၊ ပင့်ဖိတ်ခေါ်ယူတင်သွင်းချင်လို့လည်းမရနိုင်ဘူးဗျ။
          ခင်ဗျားတို့ကျနော်တို့ပါဝင်လှုပ်ရှားခဲ့ကြဖူးတဲ့ “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” ဆိုတာ လူတစ်ဦးရဲ့စိတ်ဆန္ဒနဲ့ပေါ်ပေါက် ဖြစ်ပွားခဲ့တာမဟုတ်ဘူး။ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ၂၆နှစ် (မဆလ) တစ်ပါတီအာဏာရှင်စနစ်ရဲ့ဖိနှိပ်မှုကြောင့်သဘာဝကျကျပေါ် ထွက်လာရတဲ့ တိုက်ရိုက်ရလဒ်ပဲ မဟုတ်လား။ မင်းမဲ့စရိုက်ဆူပူသောင်းကျန်းမှုမဟုတ်ဘူး။


          တိုင်းပြည်မတည်မငြိမ်ဖြစ်ရင်ဒီမိုကရေစီအသွင်ကူးပြောင်းရေး နှောင့်နှေးသွားမယ် နိုင်ငံရေးအကျဉ်းသားတွေအရေး နှောင့်နှေးသွားမယ်ဆိုတဲ့ ဒီစကားက အုပ်စိုးသူတွေ ဖန်တရာတေအောင် ပြောနေတဲ့စကားပဲ။ ခင်ဗျားက အစိုးရ ‘ကလုံး’မို့ ဒီစကားမျိုးပြောရတာ လား။ ဦးသိန်းစိန်အစိုးရက ဒီကိစ္စကို ဘာမှ လေသံမဟသေးဘူး။ ခင်ဗျားတို့ကစကားဦးသန်းနေတယ်။ မယ်ဘော်က ကဲပြနေသလို ဖြစ် နေတယ်။
          တိုင်းပြည်မတည်မငြိမ်ဖြစ်ရတာ၊ဒီမိုကရေစီအရေး နှောင့်နှေးနေရတာတွေဟာ ဒီလိုဆန္ဒပြမှုတွေကြောင့်လားတဲ့လား။
          (EMG)ထုတ်ဝေခွင့်ရေးသားခွင့်တွေရခဲ့တာ ခင်ဗျားတစ်ဦးချင်းတော်မှု၊ တတ်မှုတွေကြောင့်လား။ (နအဖ)စစ်အစိုးရက စိတ်၊ စေတနာကောင်းမွန်စွာနဲ့ ခွင့်ပြုချက်ပေးသနားခဲ့လို့လား။
 ဒါမှမဟုတ် လက်သီးလက်မောင်းတန်းပြီး ဆန္ဒပြခဲ့ကြတဲ့အညတရတွေရဲ့ လမ်းမပေါ်က တိုက်ပွဲတွေကြောင့်လား။ ခင်ဗျား စဉ်း စဉ်းစားစားပြောပါဦး။ ခင်ဗျားအပြောကအစိုးရကြည်ဖြူအောင်နေ၊ ရုတ်ရုတ် ရုတ်ရုတ်မလုပ်နဲ့ဆိုတဲ့ သဘောဖြစ်နေတယ်။ အစိုးရငြိုငြင်သွားမှာကို တော်တော်အစိုးရိမ်ကြီးနေပုံရတယ်။
          “သံဃာအရေးအခင်း နှစ်ပတ်လည်ပဲဖြစ်ဖြစ်၊ မြစ်ဆုံကိစ္စပဲဖြစ်ဖြစ်အခုချိန်မှာဘာဆန္ဒပြ မှုကိုမှ ကျွန်တော်မဖြစ်စေချင်ဘူး။ ‘လုံးဝ’ လက်မခံဘူး။ “ ဆိုတဲ့စကားကသိပ်တရားလွန် လွန်းတဲ့စကားဖြစ်တယ်။ ပြုသမျှ နုပါ့မယ်လို့ ကြိုတင်ဝန်ခံချက်ပေးနေသလိုဖြစ်နေပါတယ်။
          မြစ်ဆုံကိစ္စဆက်မလုပ်ဘူးလို့ဦးသိန်းစိန်အစိုးရနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနက တရားထုတ်ပြန်ကြေညာထားပြီလား။ ကျင်းပနေတဲ့လွှတ်တော်ထဲမှာဆက်မလုပ်တော့ဘူးလို့ တရားဝင်ဆွေးနွေးဆုံးဖြတ်ချက်ချခဲ့ကြပြီလား။
          အကယ်၍ပြည်သူအားလုံးရဲ့ဆန္ဒကိုဆန့်ကျင်ပြီး ဧရာဝတီမြစ်ဆုံအရေးကို တနည်းနည်းနဲ့ဆက်လက် အကောင်အထည်ဖေါ်ဖို့ လွှတ်တော်နဲ့အစိုးရကဆုံးဖြတ်ချက်တွေချမှတ်လာခဲ့ရင်လည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့တိုင်းပြည်ဖွံ့ဖြိုးရေးတွေနှောင့်နှေးကုန်မှာ စိုးလို့ဆိုပြီး လက်ပိုက်ထိုင်ကြည့်နေကြရမှာလား။
 ဒီလိုမှမဟုတ်ရင်လည်း စက်တင်ဘာလ ၂၄ ရက်နေ့ကParkroyal Hotel မှာ ခင်ဗျားပြောခဲ့သလို ကျွန်တော်တို့ဟာ သမိုင်းအမှားကို မကျူးလွန်ရုံ မဟုတ်ဘဲသမိုင်းမှာ ပျက်ကွက်သူတွေမဖြစ်အောင်’’ ဘယ်လိုလုပ်ကြရင်ကောင်းမလဲ။
စတင်နေတဲ့ စကားပြောပွဲပဲဖြစ်ဖြစ်၊အမျိုးသားပြန်လည်သင့်မြတ်ရေးပဲဖြစ်ဖြစ်၊ ဧရာဝတီမြစ်ဆုံအရေးပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးပဲဖြစ်ဖြစ်၊ ပြည်သူလူထုအင်နဲ့အားနဲ့ ပါဝင်လာမှသာ သိသာထင်ရှားတဲ့အကောင်အထည် ရလဒ် ထွက်ပေါ် လာမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ ဝေ့လည်လည်ဇာတ် ပေရှည်နေပါလိမ့်ဦးမယ်။
ဒါပေမယ့် ဘယ်လိုပဲဝေ့နေပါစေ၊ စကားပြောပွဲပဲဖြစ်ဖြစ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးပဲ ဖြစ်ဖြစ် (၂၀၀၈)ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်ခံမှာလား/လက်မခံဘူးလား ဆိုတဲ့အချက်အပေါ် မူတည်ပြီး အဆုံးအဖြတ်တွေပေးသွားကြရမှာဖြစ်ပါတယ်။
စေတနာစကားပြောရဦးမယ်။
ဧရာဝတီအရေးနဲ့ပတ်သက်ပြီးခင်ဗျားပြောနေတာတွေကောင်းပါတယ်။အားလုံးကလည်း အားပေး နေကြတယ်။ ဒါပေမယ့် အခုလိုဖြစ်ရပ်တွေနဲ့ပတ်သက်လာရင်တော့ သတိထားပြီးစကားပြောပါဗျာ။ ပြောပါများရင် စကားထဲ ကနေ ကိုယ့်ပင်ကိုယ်ဇာတိရုပ်ပေါ်တယ်။
စက်တင်ဘာ ၂၆ ရက်နေ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဦးဝင်းချို ရဲ့စကားနဲ့ နိဂုံးချုပ်ပေးလိုက်ပါတယ်။
“ကျနော်တို့ ချောင်းရေကသူ့ဘာသာသူ နောက်တာပါဗျာ။ နင်မဟုတ်ရင် နင့်အဖေပဲလို့တော့ မပြောစေချင်ဘူး။ ကျနော်တို့ရေသောက်ဆင်းမိပါတယ်။ (၀င်းချို)”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts