>Ni Lwin Thwe – Peace Poem

>

ငြိမ်းချမ်းရေး
နီလွင်သွေး(ဒဿနိက)
စက်တင်ဘာ၂၇၊ ၂၀၁၁
ငြိမ်းချမ်းရေးဆိုတာ
လက်တဖက်ထဲနဲ့လက်ခုပ်တီးသလိုမျိုး
မဟုတ်ဘူး။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းက
သူမသေခင်ငြိမ်းချမ်းရေး ရသွားတာမြင်ချင်တယ်တဲ့
ဆရာဒဂုံတာရာလည်းငြိမ်းချမ်းရေးလှုပ်ရှားမှုလုပ်ရမယ်လို့ ပြောပြီ ။
လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ငြိမ်းချမ်းရေးလှုပ်ရှားမှု
ပြည်သူ့အကျိုးစီးပွါးကိုရှေးရှု့မျှော်မှန်း
ငြိမ်းချမ်းရေးခရီးရှည်လမ်းကို
ခက်ခက်ခဲခဲဖြတ်သန်းလို့။
ငြိမ်းချမ်းရေးဆိုတာ
အပေါ်ယံ လိမ်ညာဟန်ဆောင်လို့မရ
ထင်သာမြင်သာတဲ့လုပ်ရပ်တွေကို
လက်တွေ့လုပ်ပြရမယ့်အလုပ်ဖြစ်တယ် ။
ငြိမ်းရေးစကားပြောနေချိန်မှာ
စစ်ဆင်ရေးနဲ့ညှဉ်းပန်းနှိပ်စက်မှုတွေ
တိုင်းရင်းသားဒေသတွေမှာလုပ်နေတုန်း  ။
ငြိမ်းချမ်းရေးစကားပြောနေချိန်မှာ
ဖမ်းဆီးထောင်ချမှုတွေလုပ်နေတုန်း ။
ငြိမ်းချမ်းရေးစကားပြောနေချိန်မှာ
လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတုန်း ။
စစ်နဲ့ငြိမ်းချမ်းရေးဟာ
ညီမျှခြင်းတခုရဲ့လားရာလား
ဒီလိုဆိုရင်
ငြိမ်းချမ်းရေးဆိုတာ
တိုက်ပွဲထဲကသာပေါ်ထွက်လာတာလား ။
ငြိမ်းချမ်းရေးဆိုတာ
ဧရာဝတီရဲ့ငိုကြွေးသံမဟုတ်ဘူး
သံလွင်မြစ်ရဲ့စစ်မောင်းသံညံနေတာ မဟုတ်ဘူး
ခေါင်းလောင်းသံတွေမှာမြားဆိပ်သင့်နေတာ မဟုတ်ဘူး
အုန်းမောင်းသံမှာသွေးစတွေစွန်းထင်းနေတာ မဟုတ်ဘူး
နိုင်ငံပျောက်နေတဲ့ကလေးငယ်တွေရှိနေတာမဟုတ်ဘူး
နိုင်ငံရှိလျှက်ပြန်စရာအိမ်မရှိတဲ့လူတွေရှိနေတာမဟုတ်ဘူး ။
ငြိမ်းချမ်းရေးဆိုတာ…
လွတ်လပ်ရေးရဲ့အခြေခံအုပ်မြစ်
တယောက်လက်ကိုတယောက်တင်းတင်းဆုပ်ထား
နိင်ငံတ၀ှမ်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေညံစေ
သာသနာအလံ
ဒေါင်းအလံနဲ့
ပြည်သူ့အသံ
သံလွင်ခက်
ချိုးငှက်ဖြူ
လူသားမေတ္တာ
ကမ္ဘာတည်မယ့်သစ္စာတရား
တို့ရဲ့ လက်တွေမြဲမြံထား။       ။
ဆရာကြီးဒဂုန်တာရာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ရဟန်းရှင်လူ ကျောင်းသားပြည်သူများရဲ့
ငြိမ်းချမ်းရေးလှုပ်ရှားမှုကိုလေးစားဦးညွှတ်လျှက်နိုင်ငံတကာငြိမ်းချမ်းရေးနေ့အမှတ်တရ။  ၉ ၊ ၁၈၊ ၂၀၁၁
တနင်္ဂနွေနေ့။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts