>Tu Maung Nyo – Op-Ed

>

ကြမ်းတဲ့ ရမ်းတဲ့ ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း
တူမောင်ညို
စက်တင်ဘာ ၁၃၊ ၂၀၁၁


လျှပ်စစ်ဝန်ကြီးတဖြစ်လဲ ဗိုလ်ဇော်မင်း၊ မြစ်ဆုံစီမံကိန်းတွင် တွေ့ရပုံ

တင်စားပြီး အပြောများနေတဲ့ “မတူကွဲပြားတာတွေ ဘေးဖယ်ထားပြီး — ပူးပေါင်းဆောင်ရွက်ကြဖို့” ဆိုတဲ့ မာတိကာထဲ ကို နောက်ဆုံး ဝင်ရောက်လာတာကတော့ “ဧရာဝတီမြစ်ကယ်တင်ရေးကိစ္စ” ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျ။

ဒီတစ်ခါဘေးဖယ်ပုံဖယ်နည်းကတော့ ကြမ်းလှ၊ ရမ်းလှသဗျာ။ ကြမ်းတဲ့ရမ်းတဲ့ပြောဆိုမှုထဲမှာ မောက်မာထောင်လွှားမှုနဲ့ ငါသိ ငါတတ်မှု ကလည်း “သတိ” ဆွဲထားတဲ့စစ်သားတစ်ယောက်လို တောင့်တောင့်တင်းတင်းပဲခင်ဗျ။

“ဆက်လုပ်ပါမယ်။ ကျွန်တော်တို့ ဘယ်တော့မှနောက်မဆုတ်ပါဘူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ကကန့်ကွက်နေလို့ နောက်ဆုတ်မှာ လားလို့ မေးခွန်းတစ်ခုမေးပါတယ်။ နောက်မဆုတ်ပါဘူး။ ဆက်လုပ်မှာဖြစ်ပါတယ်” တဲ့။

စစ်အာဏာရှင်စနစ်ရဲ့လုပ်နည်းလုပ်ဟန်တွေထဲမှာ အထင်ရှားဆုံးဖော်ပြချက်က “ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားကို လုံးဝအလေး မထားတာနဲ့ သူတို့ =စိတ်ကြိုက်လုပ်ချင်တာလုပ်တဲ့လုပ်ဟန်” ပဲဖြစ်ပါတယ်။

“ဘမျိုးဘိုးတူ” လို့ ပြောရမှာပဲ။ သွားလေသူ သူတို့ “အဘ” ကလည်း “စစ်တပ်ဆိုတာ ပစ်ရင် မိုးပေါ်ထောက်ဖောက်တာ မပါဘူး။ တည့်တည့် ပစ်တယ်”လို့ ဒေါသတကြီးပြောဆိုသွားတာပဲ။ ဒီတော့ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်ကြတာ ဘာဆန်းမှာလဲ။ “ပျော့” လာတယ် ထင်သူတွေအတွက်တော့ ကိုယ်ရှိန်သပ်စရာ တစ်ခုဖြစ်လေမလားမသိပါ။

မြစ်ဆုံရေကာတာဆည်တည်ဆောက်ရေးလုပ်ငန်းခွင် မြင်ကွင်းများ


နှစ်လုံးပြူးရထားတဲ့ ဦးကျော်ဆန်းအပြောက သူတို့အစိုးရကိုင်စွဲထားတဲ့ ရပ်တည်ချက်နဲ့သဘောထားကို တင်းတင်းမာမာ ပြောတာပဲ ရှိတယ်။ လျှပ်စစ်ဝန်ကြီးဦးဇော်မင်းလောက်တော့ မကြမ်းဘူး၊ မရမ်းဘူးဗျ။ ယဉ်ကျေးမှုဝန်ကြီးဌာနတွဲကိုင်ထားရတာကြောင့် လည်းဖြစ်မလား မသိပါဘူး။ ဧရာဝတီကိစ္စနဲ့ပတ်သက်ပြီး (၁/၂၀၁၁) သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်မင်းနဲ့ ဗြောင်းပြန် “ငိုပြ” သွားပါတယ်။

ပြည်ထောင်စုဝန်ကြီးတစ်ပါးက “ငိုပြ”တယ်။ ပြည်ထောင်စုဝန်ကြီးတစ်ပါးက “ဘီလူးထွက်” ထွက်ပြတယ်။ ဒါကြောင့် ပြည်ထောင်စုဝန်ကြီး တွေထဲမှာ “အမာ/အပျော့” ကွဲနေပြီလို့ အသုံးသပ်မစောလိုက်ပါနဲ့ဦး။ စစ်အာဏာရှင်စနစ်ဆိုတဲ့ အတ္တဘောကြီး ရဲ့“ဘယ်လက်နဲ့ညာလက်”လို့ ရှုမြင်နိုင်ကြရပါမယ်ခင်ဗျ။

သမ္မတ ဦးသိန်းစိန်ကတော့ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့) မှာ အခုလို ပြောသွားပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့ကမှပြောသွားတာပါ။

“ပြည်သူ့အစိုးရ ဖြစ်နေပြီဖြစ်တဲ့အတွက် ပြည်သူလူထုအကျိုးစီးပွားကို ဦးထိပ်ထားရပါ့မယ်။ ပြည်သူလူထု စိတ်ကျေနပ်မှု၊ ပြည်သူလူထု စိတ်ချမ်းသာမှုကိုထမ်းဆောင်ကြတဲ့၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ယုံကြည်ကိုးစား အားထားမှုကို ခံယူထိုက်တဲ့ ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်လာအောင် ပညာပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်” တဲ့။

ဒီပြောကြားချက်အတိုင်းသာ “အပြောနဲ့အလုပ်” အမှန်တကယ်ညီညွတ်ကြောင်း လက်တွေ့သက်သေပြမယ်ဆိုရင် သမ္မတ ဦးသိန်းစိန် အနေနဲ့ ပြည်ထောင်စုဝန်ကြီးဦးဇော်မင်းကို “ပညာပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်း” ဆိုတဲ့ အထဲက တစ်နည်းနည်းနဲ့တော့ဖြင့် ပြည်သူလူထု စိတ်ကျေနပ်မှုနဲ့ စိတ်ချမ်းသာမှုကို ဖော်ဆောင်ပေးရပါလိမ့်မယ်။

မြစ်ဆုံရေကာတာဆည်တည်ဆောက်ရေးလုပ်ငန်းခွင် မြင်ကွင်းများ


တိုးတိုးတိတ်တိတ် အတွင်းကျိတ်ပြီး သတိပေးဆုံးမတာမျိုးတော့ မလုပ်စေချင်ပါဘူး။

ပြည်ထောင်စုဝန်ကြီးမကောင်း၊ သမ္မတခေါင်း။ သမ္မတဟာသူ့အစိုးရအဖွဲ့ကိုတာဝန်ခံရမယ်မဟုတ်လားခင်ဗျ။

အစိုးရသစ်ဟာပြောသလိုတကယ်လုပ်တယ်။ တာဝန်ယူစိတ်တကယ်ရှိတယ်ဆိုတဲ့ အသိအမြင်မျိုး ပြည်သူတွေလက်တွေ့ သိရှိယုံကြည်ရဲဝံ့ လာအောင် စံနမူနာပြအဖြစ် ပွင့်ပွင့်လင်းလင်းဆောင်ရွက်ပြသသင့်တယ်လို့ယူဆပါတယ်ခင်ဗျ။

ဒီကိစ္စကို စံနမူနာပြအဖြစ် ပြတ်ပြတ်သားသားကိုင်တွယ်ဝံ့ပါသလား။

သမ္မတဦးသိန်းစိန်ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားခဲ့တဲ့မိန့်ခွန်းနိဂုံးမှာပါတဲ့ အောက်ပါအချက်ကို လက်တွေ့ဆောင် ရွက်နိုင်ပါ့မလား။

“ကျွန်တော်တို့အစိုးရဟာ ပြည်သူတွေ ဖြစ်နေတာတွေ၊ ပြည်သူတွေဖြစ်ချင်တာတွေကို ကျွန်တော်တိုသိပါတယ်။ အပြည့်အဝ ဖြည့်ဆည်းဆောင်ရွက်နိုင်အောင်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts